ရိုးရှင်းတဲ့ အင်္ဂလိပ်ဘာသာစကားစာစောင် မိတ်ဆက်
ဒီလကစပြီး ကင်းမျှော်စင် လေ့လာရန်စာစောင်ကို ရိုးရှင်းတဲ့အင်္ဂလိပ်ဘာသာစကားနဲ့ အစမ်းကာလတစ်နှစ်အတွက် လစဉ်ထုတ်ဝေမှာဖြစ်ကြောင်း ဝမ်းမြောက်စွာအသိပေးလိုက်ပါတယ်။ ဒီစာစောင်မှာ လေ့လာရန်ဆောင်းပါးတွေ အဓိကပါဝင်မှာဖြစ်ပြီး နေရာရသလောက် ရွေးချယ်ထားတဲ့ အရန်ဆောင်းပါးတွေ ပါဝင်မှာဖြစ်တယ်။ ဒီစာစောင်က ယေဟောဝါသက်သေများစွာအတွက် အရေးကြီးတဲ့အချိန်တန်အစာ ဖြည့်ဆည်းပေးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။
ဖီဂျီ၊ ဂါနာ၊ ကင်ညာ၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ပါပူဝါနယူးဂီနီနဲ့ စော်လမွန်ကျွန်းစု စတဲ့နိုင်ငံတွေမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက အများအားဖြင့် အင်္ဂလိပ်စကားပြောကြတယ်။ ဒီနိုင်ငံတွေမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက သူတို့ရဲ့ဒေသသုံးဘာသာစကားကို သုံးကြပေမဲ့ အသင်းတော်မှာ၊ လယ်ကွင်းလုပ်ငန်းတွေမှာ ပြောဆိုတဲ့အခါ အင်္ဂလိပ်စကားသုံးလေ့ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့အင်္ဂလိပ်စကားက ကျွန်ုပ်တို့ရဲ့စာပေတွေမှာသုံးတဲ့ အင်္ဂလိပ်စကားထက် ပိုရိုးရှင်းတယ်။ တချို့ ယေဟောဝါသက်သေတွေကလည်း အင်္ဂလိပ်စကားပြော တိုင်းပြည်တွေကို ပြောင်းရွှေ့ကြရပြီး အင်္ဂလိပ်စကားကို ကောင်းကောင်း မတတ်ကြဘူး။ ဒါ့အပြင် သူတို့ဘာသာစကားနဲ့ ကျင်းပတဲ့ အသင်းတော်အစည်းအဝေးတွေကို မတက်နိုင်ကြဘူး။
ပတ်စဉ်ကင်းမျှော်စင်သင်တန်းမှာ လေ့လာနေတဲ့ဆောင်းပါးတွေက အချိန်တန်အစာကျွေးမွေးတဲ့ အဓိကနည်းလမ်းဖြစ်တယ်။ ဒါကြောင့် တက်ရောက်သူအားလုံး အကျိုးအပြည့်အဝရရှိစေဖို့ ရိုးရှင်းတဲ့အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့စာစောင်က အကြောင်းအရာတွေကို ရိုးရှင်းတဲ့ အသုံးအနှုန်း၊ သဒ္ဒါနဲ့ ဝါကျတွေကို အသုံးပြုမှာဖြစ်တယ်။ ဒီစာစောင်ရဲ့မျက်နှာဖုံးက ကွဲပြားမှာဖြစ်တယ်။ ခေါင်းစဉ်ငယ်၊ စာပိုဒ်၊ ပြန်လည်သုံးသပ်မယ့်မေးခွန်းနဲ့ ရုပ်ပုံတွေက ပုံမှန်စာစောင်လိုပဲ ပါမှာဖြစ်တယ်။ ဒါမှ အင်္ဂလိပ်စကားပြောကင်းမျှော်စင်သင်တန်းမှာ ပါဝင်တဲ့အခါ နှစ်သက်ရာစာစောင်ကို အသုံးပြုနိုင်မှာဖြစ်တယ်။ စာစောင်နှစ်ခုရဲ့ အသုံးအနှုန်းကွာခြားပုံကို ဒီလထုတ်စာစောင် ဦးဆုံးသင်တန်းဆောင်းပါးရဲ့ အပိုဒ် ၂ ကို ဥပမာအဖြစ် အောက်မှာဖော်ပြထားပါတယ်။
ဒီစာစောင်က ‘ပညတ်တော်တို့ကို သိရှိနားလည်စေတော်မူပါ’ လို့ ယေဟောဝါထံဆုတောင်းသူတွေအတွက် အဖြေဖြစ်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ (ဆာ. ၁၁၉:၇၃၊ ခမ) အင်္ဂလိပ်စာကို အကန့်အသတ်နဲ့ပဲ နားလည်သူတွေနဲ့ အင်္ဂလိပ်စကားပြော ကလေးတွေဟာ ပတ်စဉ်ကင်းမျှော်စင်သင်တန်းကို ကောင်းကောင်း ကြိုတင်ပြင်ဆင်နိုင်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ “ညီအစ်ကို အသင်းအပင်းတစ်ရပ်လုံးကိုချစ်” တဲ့အတွက် “သစ္စာနှင့် သတိပညာရှိသောကျွန်” ကိုအသုံးပြုပြီး အချိန်တန်အစာ အလျှံပယ်ကျွေးမွေးနေတဲ့ ယေဟောဝါကို ကျွန်ုပ်တို့ကျေးဇူးတင်ပါတယ်။—၁ ပေ. ၂:၁၇; မ. ၂၄:၄၅။
Governing Body of Jehovah’s Witnesses