ကင်းမျှော်စင်၏ စိတ်လှုပ်ရှားဖွယ်အပြောင်းအလဲများ
၁ ဤနှစ်အစောပိုင်းတွင် အသင်းတော်များသည် စိတ်လှုပ်ရှားဖွယ်ကြေညာချက်တစ်ခု ရရှိခဲ့ကြသည်။ ယင်းမှာ ၂၀၀၈ ဇန်နဝါရီမှစ၍ ကင်းမျှော်စင်ကို အသွင်နှစ်မျိုးဖြင့် ထုတ်ဝေမည်ဖြစ်ပြီး တစ်စောင်မှာ လူထုအတွက်၊ တစ်စောင်မှာ ညီအစ်ကိုညီအစ်မများအတွက်ဖြစ်သည်။ ‘ဒီမဂ္ဂဇင်းနှစ်မျိုးက ဘယ်လိုကွာခြားသလဲ၊ အသွင်နှစ်မျိုးနဲ့ထုတ်ဝေတဲ့အတွက် ဘာအကျိုးကျေးဇူးတွေရမလဲ၊ ဘယ်ကဏ္ဍအသစ်တွေ ရှိမလဲ’ ဟုသင်သိလိုပေမည်။
၂ ကွာခြားချက်များ– တစ်ရက်ထုတ်စာစောင်ကို လူထုစာစောင်ဟုခေါ်မည်ဖြစ်သည်။ ထိုစာစောင်မှဆောင်းပါးအားလုံးကို လူထုအကျိုးအတွက် ပြင်ဆင်ထားသည်။ ၁၅ ရက်ထုတ်စာစောင်ကို လေ့လာရန်စာစောင်ဟုခေါ်ပြီး လယ်ကွင်းတွင် ဝေငှမည်မဟုတ်ပါ။ ယင်းတွင် တစ်လစာလေ့လာရန်ဆောင်းပါးများအပြင် ဆက်ကပ်အပ်နှံခရစ်ယာန်များအတွက် အထူးသင့်လျော်မည့် အရန်ဆောင်းပါးများလည်း ပါဝင်မည်။ လူထုစာစောင်သည် သက်သေခံများအတွက်သာမက အထူးသဖြင့် ကျမ်းစာကိုလက်ခံသော သက်သေခံမဟုတ်သူများအတွက်ပါ နှစ်သက်စရာဖြစ်ပေမည်။ နိုးလော့!မှာမူ သံသယရှိသူများ၊ ခရစ်ယာန်မဟုတ်သူများအပါအဝင် လူထုအားလုံးအတွက် ရည်ရွယ်၍ထုတ်ဝေနေမည်ဖြစ်သည်။
၃ အကျိုးကျေးဇူးများ– လေ့လာရန်စာစောင်တွင် “ရှေ့ဆောင်” ကဲ့သို့သောစကားလုံးများကို သက်သေခံမဟုတ်သူများနားလည်နိုင်ရန် ရှင်းပြဖို့လိုတော့မည်မဟုတ်ပေ။ ယင်းတွင် ယေဟောဝါသက်သေများနှင့် ဝိညာဉ်ရေးတွင်တိုးတက်နေသော ကျမ်းစာသင်သားများအတွက် ပြင်ဆင်ထားသော အထူးအချက်အလက်များ ပါဝင်မည်ဖြစ်သည်။ လူထုစာစောင်ကော အသို့နည်း။ အကြောင်းအရာနှင့် ရေးသားဟန်မှာ လူထုကိုဦးတည်မည်ဖြစ်ရာ သက်သေခံမဟုတ်သူတစ်ဦးသည် တစ်အုပ်လုံးကို နှစ်ခြိုက်စွာဖတ်ရှုနိုင်ပေမည်။ ယေဟောဝါသက်သေယောက်တိုင်းလည်း ယင်းမှ အကျိုးကျေးဇူးရရှိပါလိမ့်မည်။ လယ်ကွင်းဓမ္မအမှုတွင် တစ်လလျှင် ကင်းမျှော်စင် တစ်စောင်နှင့် နိုးလော့!တစ်စောင်ကိုသာ ဝေငှမည်ဖြစ်သောကြောင့် ထိရောက်သောမဂ္ဂဇင်းတင်ဆက်မှုများအတွက် တစ်လလုံးအချိန်ရမည်ဖြစ်သည်။
၄ ကဏ္ဍသစ်များ– လူထုစာစောင်တွင် စိတ်လှုပ်ရှားဖွယ်ကဏ္ဍသစ်အချို့ကို စီစဉ်ထားသည်။ ကဏ္ဍတစ်ခုတွင် အခြေခံကျမ်းစာသွန်သင်ချက်များကို ရိုးရိုးရှင်းရှင်းဆွေးနွေးထားသည်။ နောက်ကဏ္ဍတွင် မိသားစုများကို သမ္မာကျမ်းစာက ကူညီနိုင်ပုံအကြောင်း ဖော်ပြထားသည်။ လူငယ်များအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်များ တင်ဆက်ထားသည်။ လူထုစာစောင်တိုင်းတွင် ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် သွန်သင်ပေးသော သတ်သတ်မှတ်မှတ်ကျမ်းစာအကြောင်းများကို ပေါ်လွင်စေသည့် ဆောင်းပါးတစ်ခု ပါဝင်ပေလိမ့်မည်။
၅ ကင်းမျှော်စင် နှင့်ပတ်သက်သော ဤအစီအစဉ်သစ်ကို ယေဟောဝါကောင်းချီးသွန်းလောင်းပါရန် ကျွန်ုပ်တို့ဆုတောင်းပါသည်။ နိုးလော့!နှင့်အတူ ထိုစာစောင်များသည် သတင်းကောင်းနှင့်ထိုက်တန်သူများစွာထံ ရောက်ရှိနိုင်ပါစေ။—မ. ၁၀:၁၁။