နယ်စည်းခြားပေမဲ့ အတားအဆီး မဖြစ်
ယေဟောဝါသက်သေတွေဟာ လူတွေကြားမှာရှိတဲ့ အတားအဆီးတွေကို ကျော်လွှားဖို့ ကြိုးစားကြပါတယ်။ “သင်တို့အပေါင်းတို့သည် ညီအစ်ကိုများဖြစ်ကြ” တယ်လို့ တပည့်တွေကို ယေရှုပြောတဲ့စကားရဲ့ နောက်ကွယ်ကမူကို သူတို့ လိုက်နာကျင့်သုံးကြတယ်။ (မဿဲ ၂၃:၈) အဲဒီမူအတိုင်း လိုက်နာတယ်ဆိုတာကို ပေါ်တူဂီနိုင်ငံနဲ့ စပိန်နိုင်ငံမှာရှိတဲ့ သက်သေခံတွေရဲ့ ဝတ်ပြုရာနေရာနှစ်ခုနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှာ တွေ့နိုင်ပါတယ်။
ပေါ်တူဂီမြောက်ပိုင်းမှာရှိတဲ့ ဗာလဲန်ဆာ ဒို မဲန်ယို မြို့ရိုးကို အန္တရာယ်ကြားထဲကနေ တည်ဆောက်ခဲ့ကြတယ်။ ရဲတိုက်ကနေ လှမ်းမြင်နေရတဲ့ မဲန်ယိုမြစ်က စပိန်နဲ့ ပေါ်တူဂီကို နယ်ခြားထားတယ်။ မြစ်ရဲ့တစ်ဖက်မှာ စပိန်နိုင်ငံရဲ့ တူးအီမြို့ရှိပြီး အဲဒီမြို့မှာ ခံတပ်နဲ့တူတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ရှိပါတယ်။ တူးအီမြို့နဲ့ ဗာလဲန်ဆာမြို့မှာရှိတဲ့ အဓိကခံတပ်တွေကို ၁၇ ရာစုမှာ ဆောက်လုပ်ထားတာပါ။ အဲဒီအချိန်တုန်းက စပိန်နဲ့ ပေါ်တူဂီတို့ စစ်ဖြစ်ခဲ့ကြတယ်။
၁၉၉၅ ခုနှစ်မှာ ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ စပိန်နဲ့ ပေါ်တူဂီကြားက နယ်သတ်မှတ်တဲ့ တိုင်တွေနဲ့ အကောက်ခွန် စစ်ဆေးရေးဂိတ်တွေကို ဖယ်ရှားလိုက်ကြတယ်။ ဒါပေမဲ့ လူတွေ ပေါင်းစည်းသွားဖို့ဆိုတာ နယ်သတ်မှတ်တိုင်တွေ ဖယ်ရှားလိုက်တာနဲ့ မလုံလောက်ပါဘူး။ လူတွေရဲ့ စိတ်သဘောထားတွေပဲ အဓိကကျတာပါ။ အဲဒီနိုင်ငံတွေက လူတွေ ပေါင်းစည်းနိုင်တယ်ဆိုတာကို ဗာလဲန်ဆာမြို့မှာရှိတဲ့ လှပတဲ့ အဆောက်အအုံငယ်လေးက ဖော်ပြပါတယ်။ အဲဒီအဆောက်အအုံဟာ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာနေရာဖြစ်ပြီး စပိန်နဲ့ ပေါ်တူဂီသက်သေခံတွေရဲ့ အသင်းတော်တွေက အတူတူ အသုံးပြုနေကြပါတယ်။
အဲဒီအဖြစ်အပျက်ဟာ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့တယ်။ အဲဒီတုန်းက တူးအီမြို့မှာရှိတဲ့ သက်သေခံတွေဟာ ဝတ်ပြုရာနေရာ လိုအပ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ငှားထားတဲ့ အဆောက်အအုံကို ပြန်အပ်လိုက်ရပြီး အသစ်ဆောက်ဖို့လည်း သူတို့မှာ ငွေအလုံအလောက် မရှိကြလို့ပါ။ အသင်းတော်ငယ်လေးဖြစ်တဲ့အတွက် အိမ်ငှားရမ်းဖို့ဆိုတာကလည်း သူတို့ မတတ်နိုင်ကြဘူး။ ဒါကြောင့် တူးအီမြို့လယ်ကနေ မိုင်အနည်းငယ်အကွာမှာရှိတဲ့ ဗာလဲန်ဆာမြို့က ပေါ်တူဂီညီအစ်ကိုတွေရဲ့ ဝတ်ပြုရာခန်းမကို ပေးသုံးမလားဆိုပြီး စပိန်သက်သေခံတွေက မေးခဲ့ကြပါတယ်။
စပိန်နိုင်ငံ၊ တူးအီအသင်းတော်က ညီအစ်ကို အက်ဒဝဒ်ဒို ဗီလာ ဒီလိုပြန်ပြောပြတယ်– “၂၀၀၁၊ ဒီဇင်ဘာလမှာ ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်။ ယေဟောဝါဘုရားသခင်ဟာ ခန်းမကို မျှသုံးချင်တဲ့ စိတ်ရှိလာအောင် ပေါ်တူဂီညီအစ်ကိုတွေကို လှုံ့ဆော်ပေးခဲ့တယ်ဆိုတာ စည်းဝေးပြီးတဲ့အခါ ကျွန်တော် သဘောပေါက်သွားတယ်။ လှပတဲ့ ဝတ်ပြုရာခန်းမတစ်လုံး ဆောက်ဖို့ ပေါ်တူဂီညီအစ်ကိုတွေ အကြီးအကျယ် ကိုယ်ကျိုးစွန့်ခဲ့ကြပေမဲ့လည်း သူတို့ရဲ့ ခန်းမကို မျှသုံးဖို့ တလိုတလားရှိတာကို တွေ့ရတော့ ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။”
အဲဒီအစည်းအဝေးမှာရှိနေတဲ့ ပေါ်တူဂီညီအစ်ကို အာမဲရီကူ အာလ်မဲဒါကလည်း ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမကိုလာဖို့ စပိန်ညီအစ်ကိုတွေကို ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို ဘုရားသခင် ဖြစ်မြောက်စေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြတယ်။” ဒီလိုနဲ့ နှစ်နိုင်ငံစလုံးက သက်သေခံတွေအတွက် အဆင်ပြေသွားပါတယ်။ ဗာလဲန်ဆာမြို့က ညီအစ်ကို ပါအိုလို ဒီလိုပြောပြတယ်– “ကျွန်တော်တို့ဟာ မတူညီတဲ့နိုင်ငံ နှစ်နိုင်ငံက ဖြစ်တယ်ဆိုတာ သတိတောင် မထားမိတာ အံ့ဩစရာပဲ။ တကယ်တော့ ကျွန်တော်တို့ဟာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေတဲ့ ညီအစ်ကိုတွေပါ။”
ဝတ်ပြုရာခန်းမရဲ့ နံရံမှာချိတ်ထားတဲ့ နာရီနှစ်လုံးက ဆင်တူပေမဲ့ အချိန်မတူတာကို ဧည့်သည်တွေ ပထမဆုံး သတိပြုမိလိုက်တယ်။ စပိန်က ပေါ်တူဂီထက် အချိန်တစ်နာရီ စောနေလို့ပါ။ ဝတ်ပြုရာခန်းမမှာ မတူတာဆိုလို့ အဲဒီအချိန်လေးပါပဲ။ အဆောက်အအုံကို ပြန်ပြုပြင်ဖို့ လိုအပ်တဲ့အခါ စပိန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ဒေသန္တရဆောက်လုပ်ရေးကော်မတီကနေ နှစ်နိုင်ငံစလုံးက စိတ်ထက်သန်တဲ့ လုပ်သားတွေကို ကြီးကြပ်ပေးခဲ့တယ်။ ညီအစ်ကို ပါအိုလို ဒီလိုပြောပြတယ်– “ဆောက်လုပ်ရေးမှာ ကျွမ်းကျင်တဲ့ ညီအစ်ကို၊ ညီအစ်မတွေက မိုင် ၁၀၀ ကျော်အကွာမှာရှိတဲ့ ကျွန်တော်တို့ကို ကူညီပေးဖို့ စပိန်နိုင်ငံကနေ ရောက်လာကြတယ်။ ဒီစီမံကိန်းကြောင့် ကျွန်တော်တို့ဟာ အရင်ကထက်ပိုစည်းလုံးလာပြီး မေတ္တာနှောင်ကြိုးလည်း ခိုင်မြဲလာကြတယ်။”
နယ်စပ်ဒေသက အတားအဆီးတွေကို ကျော်လွှားခဲ့ကြတဲ့ နောက်ပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ရအောင်။
နယ်စည်းခြားထားတဲ့ ချိုင့်ဝှမ်းမှာ တွေ့ရတဲ့ စည်းလုံးမှု
ပဝီသဲရ်သာဟာ စပိန်နိုင်ငံက မြို့တစ်မြို့ဖြစ်ပြီး ပြင်သစ်နယ်စပ်မှာ ရှိပါတယ်။ အဲဒီမြို့ကို ပေရနီဇ်တောင်တန်းကြီးတွေ ဝိုင်းရံထားပြီး မြေသြဇာကောင်းတဲ့ ချိုင့်ဝှမ်းရဲ့ အလယ်မှာ တည်ရှိပါတယ်။ ဆာဒါညှာလို့ လူသိများတဲ့ အဲဒီချိုင့်ဝှမ်းတစ်ခုလုံးကို တစ်ချိန်က စပိန်နိုင်ငံပိုင်ခဲ့တာပါ။ ဒါပေမဲ့ ၁၆၅၉ ခုနှစ်မှာ ပေရနီဇ်သဘောတူစာချုပ်လို့ခေါ်တဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ စပိန်က ပြင်သစ်ကို ချိုင့်ဝှမ်းတစ်ဝက် ပေးလိုက်ရတယ်။
ကနေ့ခေတ်မှာ ပြင်သစ်နိုင်ငံက လူတွေဟာ ချိုင့်ဝှမ်းရဲ့ အဓိကမြို့ဖြစ်တဲ့ ပဝီသဲရ်သာမှာ စျေးဝယ်ထွက်ကြပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး ပဝီသဲရ်သာမြို့က ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ ဝတ်ပြုရာခန်းမကို ပြင်သစ်ညီအစ်ကိုတွေကိုလည်း အသုံးပြုခွင့် ပေးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ပြင်သစ်သက်သေခံတွေက ငှားထားတဲ့အိမ်ရာကို ပြန်အပ်လိုက်ရပါတယ်။ သူတို့ဟာ ပြင်သစ်နိုင်ငံက အနီးစပ်ဆုံး ဝတ်ပြုရာခန်းမကိုသွားဖို့ တစ်နာရီကြာ ကားမောင်းရတယ်။ ဆောင်းရာသီအချိန်ဆိုရင် နှင်းဖုံးနေတဲ့ တောင်တန်းကြီးပေါ်ကနေ ဖြတ်မောင်းရတယ်။
ပြင်သစ်သက်သေခံတွေက ဝတ်ပြုရာနေရာ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပြတဲ့အခါ စပိန်သက်သေခံတွေက သူတို့ရဲ့ ဝတ်ပြုရာခန်းမကို အသုံးပြုဖို့ ချက်ချင်း ကမ်းလှမ်းခဲ့ပါတယ်။ စပိန်သက်သေခံ ပရီမ်က မှတ်မိရာတွေကို ဒီလိုပြောပြတယ်– “စပိန်ညီအစ်ကိုတွေက ခန်းမကို မျှသုံးဖို့ စိတ်အားထက်သန်နေကြတယ်။ အချင်းချင်း ကူညီပေးချင်တဲ့စိတ်က ကျမ်းစာသွန်သင်ချက်ကြောင့် ဖြစ်ပေါ်လာတာပါ။ အဲဒီသွန်သင်ချက်ကို နှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့ ရရှိထားတာဖြစ်တယ်။ သီတင်းပတ်အနည်းငယ်အကြာမှာ ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမကို မျှသုံးခဲ့ကြတယ်။ အဲဒီလိုမျှသုံးလာတာ အခုဆိုရင် ၁၃ နှစ်တောင် ရှိနေပါပြီ။”
ပြင်သစ်အသင်းတော်က ကြီးကြပ်မှူး အဲရစ်ခ်က ဒီလိုပြောပြတယ်– “ပဝီသဲရ်သာမြို့ဟာ ဝတ်ပြုရာခန်းမရှိဖို့ အကောင်းဆုံးနေရာဖြစ်တယ်။ စပိန်အသင်းတော်က ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာကို ကျွန်တော် သတိရနေတုန်းပါ။ ပန်းစည်းကြီးတစ်စည်းနဲ့အတူ ‘ချစ်ရပါသော ညီအစ်ကို၊ ညီအစ်မများကို ကြိုဆိုပါ၏’ ဆိုတဲ့ စာတန်းကို ခန်းမမှာ သူတို့ထားပေးတယ်။”
“ပြင်သစ်နိုင်ငံမှာ ဝတ်ပြုရာခန်းမ မရှိတော့ဘူးဆိုရင် အသင်းတော်လည်း ရှိတော့မှာမဟုတ်ဘူးလို့ လူတွေက ထင်နေကြတာ။ ဒါပေမဲ့ အဲဒီဒေသမှာ ကျွန်တော်တို့ ခါတိုင်းလိုပဲ ဟောပြောနေတဲ့အပြင် စပိန်နိုင်ငံမှာလုပ်တဲ့ ကျွန်တော်တို့ရဲ့ အစည်းအဝေးကို တက်ရောက်ဖို့လည်း ဖိတ်ခေါ်လိုက်တဲ့အခါ ကျွန်တော်တို့အသင်းတော် ရှိနေတုန်းပဲဆိုတာ လူတွေ သိသွားကြတယ်။ အမှန်တရားကို စိတ်ဝင်စားတဲ့သူတွေက စပိန်မှာလုပ်တဲ့ အစည်းအဝေးကို လိုက်တက်ကြတယ်။ ဒါ့အပြင် စပိန်ညီအစ်ကိုတွေနဲ့အတူ ခန်းမကို မျှသုံးတဲ့အခါ ကျွန်တော်တို့ ရင်းနှီးလာကြတယ်။ အဲဒီမတိုင်ခင်က နယ်စပ်တစ်ဖက်မှာ စပိန်အသင်းတော် ရှိတယ်ဆိုတာကိုပဲ ကျွန်တော်တို့ သိထားကြတာ။ အဆက်အသွယ်တော့ မရှိကြဘူး။ အခုတော့ ကျွန်တော်တို့ အမြဲတမ်း တွေ့ဆုံနေရပါပြီ။ ဝေးခေါင်တဲ့ ဒီချိုင့်ဝှမ်းမှာ ကျွန်တော်တို့ဟာ သီးခြားမဖြစ်တော့ပါဘူး” ဆိုပြီး အဲရစ်ခ်က ပြောပြပါတယ်။
ယဉ်ကျေးမှု ကွာဟတဲ့အတွက် အခက်အခဲဖြစ်ခဲ့သလား။ အသက် ၈၀ ကျော်ရှိတဲ့ ပြင်သစ်ညီအစ်မတစ်ယောက်က ဒီလိုဝန်ခံခဲ့တယ်– “အစည်းအဝေးတွေကို စပိန်နိုင်ငံဘက်မှာ ကျင်းပမယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ကျွန်မ စိုးရိမ်သွားမိတယ်။ ဒါပေမဲ့ ပဝီသဲရ်သာမြို့က ညီအစ်ကိုတွေဟာ ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုတဲ့အခါ စိတ်သက်သာရာရသွားတယ်။ အပြောင်းအလဲတွေကြောင့် ဘာပြဿနာမှမဖြစ်ဘဲ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ ကမ္ဘာချီစည်းလုံးနေတယ်ဆိုတာကို ဖော်ပြခွင့်တောင် ရလိုက်သေးတယ်။”
ပိုမိုစည်းလုံးစေတဲ့ အခြေခံအုတ်မြစ်
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ “ဥရောပတိုက်သားတွေ ခါတိုင်းထက် ပိုမိုစည်းလုံးအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်” လို့ ဥရောပသမဂ္ဂကို တည်ထောင်တဲ့သူတွေက ပြောပြတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အဲဒီဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ဖို့ နယ်သတ်မှတ်တိုင်တွေ ဖြိုချလိုက်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့စိတ်သဘောထားတွေကို ပြုပြင်ပြောင်းလဲဖို့လိုပါသေးတယ်။
ယေဟောဝါသက်သေတွေဟာ မလိုမုန်းထားမှုနဲ့ မယုံသင်္ကာဖြစ်မှုတွေကို လုံးဝပပျောက်သွားအောင် ကြိုးစားကြတယ်။ ညီအစ်ကိုတွေဟာ နောက်ခံအမျိုးမျိုးရှိကြတယ်ဆိုတာရယ်၊ “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ” ဘူးဆိုတာကိုပါ သက်သေခံတွေ သိထားပါတယ်။ (တမန်တော် ၁၀:၃၄) အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးတွေနဲ့ ဝတ်ပြုရာခန်းမတွေမှာ “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏” ဆိုတာကို သူတို့ တွေ့ရှိခဲ့ပါတယ်။ (ဆာလံ ၁၃၃:၁) ပေါ်တူဂီနိုင်ငံက ဗာလဲန်ဆာမြို့နဲ့ စပိန်နိုင်ငံက ပဝီသဲရ်သာမြို့မှာရှိတဲ့ သက်သေခံတွေရဲ့ စည်းလုံးမှုက အဲဒီကျမ်းစကား မှန်တယ်ဆိုတာကို သက်သေထူနေပါတယ်။
[စာမျက်နှာ ၁၃ ပါအကျဉ်းဖော်ပြချက်]
“ကျွန်တော်တို့ဟာ မတူညီတဲ့နိုင်ငံ နှစ်နိုင်ငံက ဖြစ်တယ်ဆိုတာ သတိတောင် မထားမိတာ အံ့ဩစရာပါပဲ။ ကျွန်တော်တို့ဟာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေတဲ့ ညီအစ်ကိုတွေပါ”
[စာမျက်နှာ ၁၄ ပါအကျဉ်းဖော်ပြချက်]
“ဒီစီမံကိန်းကြောင့် ကျွန်တော်တို့ဟာ အရင်ကထက် ပိုစည်းလုံးလာပြီး မေတ္တာနှောင်ကြိုးလည်း ပိုခိုင်မြဲလာ ကြတယ်”
[စာမျက်နှာ ၁၅ ပါအကျဉ်းဖော်ပြချက်]
“ညီအစ်ကိုတို့သည် သဘော တူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်း ပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏” —ဆာလံ ၁၃၃:၁
[စာမျက်နှာ ၁၂/ ၁၃ ပါရုပ်ပုံ]
ဗာလဲန်ဆာ ဒို မဲန်ယိုမြို့ရိုးကနေ လှမ်းမြင်နေရတဲ့ တူးအီမြို့နဲ့ မဲန်ယိုမြစ်
[စာမျက်နှာ ၁၄ ပါရုပ်ပုံ]
ဝတ်ပြုရာခန်းမကို ပြန်လည်မွမ်းမံ
[စာမျက်နှာ ၁၅ ပါရုပ်ပုံ]
ပေရနီဇ်တောင်တန်းနဲ့ ဆာဒါညှာချိုင့်ဝှမ်း
[စာမျက်နှာ ၁၅ ပါရုပ်ပုံ]
ပဝီသဲရ်သာ ဝတ်ပြုရာခန်းမမှာ တွေ့ဆုံခဲ့ကြတဲ့ စပိန်နိုင်ငံက အကြီးအကဲနဲ့ ပြင်သစ်နိုင်ငံက အကြီးအကဲ