စစ်မှန်တဲ့ခရစ်ယာန်နဲ့ တာဝန်သိတတ်တဲ့ နိုင်ငံသား နှစ်ခုစလုံး ဖြစ်နိုင်ပုံ
ယေရှုလုပ်ခဲ့တဲ့ ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ ထင်ရှားတဲ့အရာနှစ်ခုက ဘာလဲ။ ပထမတစ်ခုက ယေရှုဟာ နိုင်ငံရေးစနစ်ကို မဟုတ်ဘဲ လူတွေရဲ့ စိတ်နှလုံးအခြေအနေကို ပြောင်းလဲပေးဖို့ ကြိုးစားခဲ့တယ်။ ဥပမာ၊ တောင်ပေါ်တရားတော်မှာ ယေရှုဟောပြောခဲ့တဲ့အရာကို ဂရုပြုကြည့်ပါ။ နားထောင်နေတဲ့ ပရိသတ်တွေကို ဆား၊ အလင်းနဲ့ တူရမယ်လို့ ယေရှု မပြောခင်လေးမှာ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ပြောခဲ့တယ်။ ဒီလိုလည်း ဆက်ပြောတယ်– ‘နူးညံ့သိမ်မွေ့သူ၊ စိတ်နှလုံးဖြူစင်သူ၊ ငြိမ်သက်စေသူတို့သည် ပျော်ရွှင်ကြ၏။’ (မဿဲ ၅:၁-၁၁) နောက်လိုက်တွေကိုလည်း ကောင်းတာ၊ ဆိုးတာနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အတွေးအခေါ်၊ ခံစားချက်တွေဟာ ဘုရားသခင့် စံနှုန်းနဲ့အညီဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့၊ ဘုရားသခင်ရဲ့ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ဖို့ အရေးကြီးပုံတွေကို သိမြင်နိုင်အောင် ယေရှု ကူညီပေးခဲ့ပါတယ်။
ဒုတိယတစ်ခုကတော့ လူတွေရဲ့ ဒုက္ခသုက္ခတွေကို ယေရှု တွေ့မြင်တဲ့အခါ သနားကြင်နာတဲ့စိတ်ရဲ့ လှုံ့ဆော်မှုကြောင့် သူတို့ရဲ့အခက်အခဲတွေကို လျော့ပါးသက်သာအောင် လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ အခက်အခဲအားလုံးကို ဖယ်ရှားပေးဖို့တော့ ယေရှု ပန်းတိုင်မထားခဲ့ပါဘူး။ (မဿဲ ၂၀:၃၀-၃၄) ဖျားနာသူတွေကို ယေရှု ကုသပေးခဲ့ပေမဲ့ ဖျားနာမှု ပပျောက်သွားအောင်တော့ မလုပ်ပေးခဲ့ဘူး။ (လုကာ ၆:၁၇-၁၉) ဖိနှိပ်ခံရသူတွေကိုလည်း စိတ်သက်သာမှုရအောင် လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မမျှမတဖြစ်မှုက ဒီနေ့ထက်ထိ လူတွေကို ဒုက္ခပေးနေဆဲပါ။ ဆာလောင်နေတဲ့သူတွေကိုလည်း အစာ ကျွေးမွေးခဲ့တယ်။ ဒါပေမဲ့ အစာခေါင်းပါးခြင်းက ကပ်ဘေးတစ်ခု ဖြစ်နေဆဲပါ။—မာကု ၆:၄၁-၄၄။
စိတ်နှလုံးကို ပြောင်းလဲစေခြင်းနဲ့ ဆင်းရဲခက်ခဲမှုများမှ လျော့ပါးသက်သာစေခြင်း
ယေရှု ဘာဖြစ်လို့ လူတွေရဲ့ စိတ်နှလုံးကိုပဲ ပြောင်းလဲပေးဖို့၊ ဆင်းရဲခက်ခဲမှုတွေကနေ သက်သာရာရအောင်လောက်ပဲ လုပ်ဖို့ ကြိုးစားခဲ့တာလဲ။ ဘာဖြစ်လို့ နိုင်ငံရေးအဖွဲ့အစည်းတွေကို မပြောင်းလဲပေးခဲ့တာလဲ။ ဘာဖြစ်လို့ ဆင်းရဲခက်ခဲမှုတွေကို လုံးဝမဖယ်ရှားပေးခဲ့တာလဲ။ ဘုရားသခင်ဟာ အနာဂတ်မှာ ဘုရားသခင့်နိုင်ငံတော်အားဖြင့် လူ့အုပ်ချုပ်မှုမှန်သမျှကို ဖျက်ဆီးပစ်ပြီး ဆင်းရဲခက်ခဲမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ ယေရှု သိထားတယ်။ (လုကာ ၄:၄၃။ ၈:၁) ဒါကြောင့် တပည့်တွေက လူတွေကို ကုသပေးတဲ့နေရာမှာ အချိန်ပိုသုံးပါလို့ ယေရှုကို တိုက်တွန်းတဲ့အခါ ကိုယ်တော် ဒီလိုပြန်ပြောတယ်– “အနီးအနားရှိ အခြားမြို့ရွာများ၌လည်း ဟောပြောရန် သွားကြစို့။ ထိုအတွက် ငါရောက်လာသည်။” (မာကု ၁:၃၂-၃၈) ယေရှုဟာ လူတွေရဲ့ ခက်ခဲဆင်းရဲမှုကို လျော့ပါးသက်သာအောင် လုပ်ပေးခဲ့ပေမဲ့ ဘုရားသခင့်တရားစကားကို ဟောပြောဖို့နဲ့ သွန်သင်ဖို့က သူ့ရဲ့ အဓိကဦးစားပေးရာ ဖြစ်ပါတယ်။
ကနေ့ခေတ် ယေဟောဝါသက်သေတွေလည်း သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုကို ကြိုးစားတုပကြပါတယ်။ တကယ်လိုအပ်တဲ့သူတွေကို လက်တွေ့ကျ အကူအညီပေးခြင်းအားဖြင့် ခက်ခဲဆင်းရဲမှုကနေ သက်သာအောင် လုပ်ဆောင်ပေးကြတယ်။ ဒါပေမဲ့ သက်သေခံတွေဟာ ဒီလောကရဲ့ မမျှမတဖြစ်မှုတွေကို ဖယ်ရှားပစ်ဖို့တော့ မကြိုးစားကြဘူး။ ဘုရားသခင့်နိုင်ငံတော်က အဲဒီကိစ္စကို လုပ်ဆောင်မယ်ဆိုတာ သူတို့ ယုံကြည်စိတ်ချတယ်။ (မဿဲ ၆:၁၀) သူတို့ဟာ ယေရှုလိုပဲ နိုင်ငံရေးအဖွဲ့အစည်းတွေကို မဟုတ်ဘဲ လူတွေရဲ့စိတ်နှလုံးကို ပြုပြင်ပြောင်းလဲပေးဖို့ ကြိုးစားကြတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက လက်တွေ့ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့အဓိကပြဿနာက နိုင်ငံရေးမှာမဟုတ်ဘဲ လူ့ကျင့်ဝတ်ပိုင်းမှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။
တာဝန်သိတတ်တဲ့ နိုင်ငံသား
သက်သေခံတွေဟာ ဟောပြောကြသလို တစ်ချိန်တည်းမှာ နိုင်ငံသားကောင်းဖြစ်ဖို့က သူတို့ရဲ့ ခရစ်ယာန်တာဝန် ဖြစ်တယ်ဆိုပြီး ယုံကြည်ကြတယ်။ ဒါကြောင့် အစိုးရအာဏာပိုင်တွေကို သူတို့လေးစားကြတယ်။ သူတို့ထုတ်ဝေတဲ့ စာအုပ်စာပေတွေနဲ့ ဟောပြောခြင်းလုပ်ငန်းအားဖြင့် ဥပဒေကို လိုက်နာဖို့ လူတွေကို အားပေးတယ်။ ဒါပေမဲ့ အုပ်ချုပ်သူတွေက ဘုရားသခင့်အမိန့်နဲ့ တိုက်ရိုက်ဆန့်ကျင်တာကို တောင်းဆိုလာရင်တော့ သက်သေခံတွေ မလိုက်လျောကြပါဘူး။ သူတို့က “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” ကြပါတယ်။—တမန်တော် ၅:၂၉။ ရောမ ၁၃:၁-၇။
ယေဟောဝါသက်သေတွေဟာ ရပ်ကွက်မှာရှိတဲ့သူအားလုံးဆီ လည်ပတ်ပြီး ကျမ်းစာ အခမဲ့ သင်ပေးကြတယ်။ အဲဒီပညာပေးအစီအစဉ်ကြောင့် သန်းနဲ့ချီတဲ့လူတွေရဲ့ စိတ်နှလုံး ပြောင်းလဲခဲ့ကြပြီဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီတဲ့လူတွေကို ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါး တလွဲသုံးတာ၊ လောင်းကစားတာ၊ တွေ့ကရာလူနဲ့ လိင်မှုပြုတာလိုမျိုး လူကိုထိခိုက်ပျက်စီးစေတဲ့ အမူအကျင့်တွေကို စွန့်လွှတ်နိုင်အောင် ကူညီပေးနေပါတယ်။ သူတို့ဟာ ကိုယ်ကျင့်တရား ကောင်းမွန်လာပြီး တာဝန်သိတတ်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်လာကြပါတယ်။ အဲဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းက သူတို့ရဲ့ဘဝမှာ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးဖို့ သင်ယူခဲ့ကြလို့ပါပဲ။—ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၁၈ က “သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်” ဆောင်းပါးကို ကြည့်ပါ။
ဒါ့အပြင်၊ ကျမ်းစာပညာပေး အစီအစဉ်က မိသားစုဝင်တွေ တစ်ဦးနဲ့တစ်ဦး စိတ်ထဲကနေ လေးစားဖို့၊ မိဘနဲ့သားသမီးကြား၊ ကလေးတွေ အချင်းချင်းကြား၊ မောင်နှံစုံတွေကြား ပြောဆိုဆက်ဆံရေးမှာ တိုးတက်မှုရှိအောင် ထောက်ကူပေးနေပါတယ်။ အဲဒီလိုပြောဆိုဆက်ဆံမှုက မိသားစုနှောင်ကြိုးကို ပိုခိုင်မြဲစေပါတယ်။ မိသားစုနှောင်ကြိုး ပိုခိုင်မြဲလေ ရပ်ရွာက ပိုခိုင်မာစည်းလုံးလေ ဖြစ်ပါတယ်။
ဒီဆောင်းပါးတွဲမှာပါတဲ့ အချက်တွေကို လေ့လာသုံးသပ်ပြီးနောက် ဒီမေးခွန်းကို သင် ဘယ်လိုထင်ပါသလဲ– ဘာသာတရားနဲ့ နိုင်ငံရေး နှစ်ခုစလုံးမှာ ပါဝင်ပတ်သက်တဲ့သူကို ကျမ်းစာအရ မှန်ကန်တယ်လို့ ပြောနိုင်ပါသလား။ အဖြေကတော့ ရှင်းပါတယ်။ လုံးဝမှားပါတယ်။ ဒါပေမဲ့ ခရစ်ယာန်စစ်တွေဟာ တာဝန်သိတတ်တဲ့ နိုင်ငံသား ဖြစ်သင့်ပါသလား။ ဖြစ်သင့်ပါတယ်။ ဘယ်လိုဖြစ်နိုင်သလဲ။ ဒီလောကရဲ့ ဆား၊ အလင်းနဲ့တူပါဆိုတဲ့ ယေရှုရဲ့အမိန့်ကို လိုက်နာခြင်းအားဖြင့် ဖြစ်ပါတယ်။
ခရစ်တော်ရဲ့ အဲဒီလက်တွေ့ကျ လမ်းညွှန်ချက်ကို လိုက်နာဖို့ ကြိုးစားသူတွေဟာ သူတို့ကိုယ်တိုင်ကိုသာမက သူတို့ရဲ့မိသားစုကိုပါ အကျိုးရရှိစေပြီး အဲဒါက သူတို့နေထိုင်တဲ့ ရပ်ရွာကိုလည်း အကျိုးပြုပါတယ်။ ကျမ်းစာပညာပေးအစီအစဉ်နဲ့ပတ်သက်ပြီး ဒီထက်မက ပိုသိချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ဆက်သွယ်နိုင်ပါတယ်။ သူတို့က သင့်ကို ဝမ်းမြောက်၀မ်းသာ ကူညီပေးပါလိမ့်မယ်။ အဲဒီအစီအစဉ်ကို အခုလောလောဆယ်မှာလည်း သင့်ရပ်ကွက်မှာ လုပ်ဆောင်နေကြပါတယ်။a
[အောက်ခြေမှတ်ချက်]
a သင့်ဘက်က အဆင်ပြေတယ်ဆိုရင် ယေဟောဝါသက်သေတွေကို www.watchtower.org မှာလည်း ဆက်သွယ်နိုင်ပါတယ်
[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]
ယေရှုဟာ နိုင်ငံရေးစနစ်ကိုမဟုတ်ဘဲ လူတွေရဲ့ စိတ်နှလုံးအခြေအနေကို ပြောင်းလဲပေးဖို့ ကြိုးစားခဲ့
[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]
နိုင်ငံသားကောင်း ဖြစ်ဖို့က သူတို့ရဲ့ ခရစ်ယာန်တာဝန် ဖြစ်တယ်ဆိုပြီး ယေဟောဝါသက်သေတွေ ယုံကြည်ကြ