သင့်ကို ဂုဏ်ကျက်သရေ မရရှိအောင်လုပ်ဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့
“စိတ်နှိမ့်ချသူတိုင်းကတော့ ဂုဏ်ကျက်သရေကို ရရှိလိမ့်မယ်။”—သု. ၂၉:၂၃၊ ကဘ။
၁၊ ၂။ (က) ဂုဏ်ကျက်သရေဆိုတဲ့ ဟေဗြဲစကားလုံးရဲ့အဓိပ္ပာယ်က ဘာလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
ဂုဏ်ကျက်သရေလို့ ပြောလိုက်တဲ့အခါ သင့်စိတ်ထဲမှာ ဘာပေါ်လာသလဲ။ လှပတင့်တယ်ပြီး ကျက်သရေရှိလှတဲ့ ဘုရားသခင့်ဖန်ဆင်းခြင်းလက်ရာတွေလား။ (ဆာ. ၁၉:၁) ချမ်းသာကြွယ်ဝသူ၊ ဉာဏ်ပညာကြီးမားသူ၊ အောင်မြင်ထွန်းပေါက်သူတွေ ရရှိတဲ့ ချီးမွမ်းဂုဏ်တင်မှုလား။ “ဂုဏ်ကျက်သရေ” လို့ပြန်ဆိုတဲ့ ဟေဗြဲစကားလုံးက အလေးချိန်များခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ရှေးခေတ်တုန်းက ပိုက်ဆံတွေကို အဖိုးတန်သတ္တုတွေနဲ့ ပြုလုပ်တာဖြစ်လို့ အလေးချိန်များလေ အဖိုးတန်လေပဲ။ ဒါကြောင့် “ဂုဏ်ကျက်သရေ” လို့ပြန်ဆိုတဲ့ စကားလုံးက အဖိုးတန်တဲ့အရာ ဒါမှမဟုတ် အထင်ကြီးလေးစားစရာကောင်းတဲ့အရာကို ရည်ညွှန်းတယ်။
၂ လူတွေဟာ အာဏာရှိတာ၊ ရာထူးကြီးတာ၊ နာမည်ကျော်ကြားတာတွေကို ကြည့်ပြီး တခြားသူတွေကို အထင်ကြီးလေးစားကြတယ်၊ ဘုရားသခင်ကကော ဘာကိုကြည့်သလဲ။ ဘုရားသခင်က လူတစ်ဦးကို ဂုဏ်ကျက်သရေရှိသူအဖြစ် သတ်မှတ်ဖို့ ဘာကိုကြည့်တယ်ဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ သုတ္တံ ၂၂:၄ (ကဘ) မှာ “နှိမ့်ချခြင်းနဲ့ ယေဟောဝါကို ကြောက်ရွံ့ခြင်းရဲ့ အကျိုးကျေးဇူးကတော့ ကြွယ်ဝခြင်း၊ ဂုဏ်ကျက်သရေရှိခြင်းနဲ့ အသက်ရှင်ခြင်းတို့ဖြစ်တယ်” လို့ပြောတယ်။ တပည့်ဖြစ်သူယာကုပ်ကလည်း “ယေဟောဝါဘုရား၏ ရှေ့တော်တွင် မိမိကိုယ်ကို နှိမ့်ချကြလော့။ ကိုယ်တော်သည် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်” လို့ရေးခဲ့တယ်။ (ယာ. ၄:၁၀) လူတွေကို ယေဟောဝါပေးတဲ့ ဂုဏ်ကျက်သရေက ဘာလဲ။ အဲဒီ ဂုဏ်ကျက်သရေကို ကျွန်ုပ်တို့ မရရှိအောင် ဘာက တားဆီးနိုင်သလဲ။ တခြားသူတွေလည်း ဂုဏ်ကျက်သရေရရှိအောင် ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။
၃–၅။ ယေဟောဝါက ကျွန်ုပ်တို့ကို ဘယ်လိုနည်းတွေနဲ့ ဂုဏ်ကျက်သရေရှိစေသလဲ။
၃ ယေဟောဝါက မိမိကို ဂုဏ်ကျက်သရေပေးမယ်ဆိုတာ ဆာလံဆရာ ယုံကြည်စိတ်ချခဲ့တယ်။ (ဆာလံ ၇၃:၂၃၊ ၂၄ ကိုဖတ်ပါ။) နာခံတဲ့လူတွေကို ယေဟောဝါ ဘယ်လိုနည်းနဲ့ ဂုဏ်ကျက်သရေရှိစေသလဲ။ သူတို့ကို မျက်နှာသာပေးခြင်း၊ နည်းလမ်းမျိုးစုံနဲ့ ကောင်းချီးပေးခြင်းအားဖြင့် ဂုဏ်ကျက်သရေရှိစေတယ်။ ဥပမာ၊ ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ ကူညီပေးတယ်၊ ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရရှိစေတယ်။—၁ ကော. ၂:၇; ယာ. ၄:၈။
၄ ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေကို ဂုဏ်ရှိတဲ့ အမှုဆောင်လုပ်ငန်းကိုလည်း ပေးအပ်ထားတယ်။ (၂ ကော. ၄:၁၊ ၇) ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ပါဝင်ပြီး ယေဟောဝါကို ချီးမွမ်းတဲ့အခါ ကျွန်ုပ်တို့ဟာ ကိုယ်တော်ပေးတဲ့ ဂုဏ်ကျက်သရေကို ရရှိကြပြီး တခြားသူတွေလည်း အဲဒီကနေ အကျိုးရရှိကြတယ်။ ယေဟောဝါက “ငါ့ကို ဂုဏ်တင်ချီးမြှောက်သူတွေကို ငါ ဂုဏ်တင်ချီးမြှောက်” မယ်လို့ ကတိပေးထားတယ်။ (၁ ရာ. ၂:၃၀၊ ကဘ) ယေဟောဝါက အဲဒီလိုလူတွေကို နာမည်ကောင်း ဒါမှမဟုတ် မျက်နှာသာပေးခြင်းအားဖြင့် ဂုဏ်တင်ချီးမြှောက်တယ်၊ သူတို့က အသင်းတော်မှာလည်း နာမည်ကောင်းရတယ်။—သု. ၁၁:၁၆; ၂၂:၁။
၅ “ယေဟောဝါကိုမျှော်လင့်ပြီး ကိုယ်တော့်လမ်းစဉ်အတိုင်း လိုက်လျှောက်” သူတွေရဲ့အနာဂတ် ဘယ်လိုရှိသလဲ။ သူတို့ကို ယေဟောဝါ ဒီလို ကတိပေးတယ်– “သင့်ကို ချီးမြှောက်လိမ့်မယ်။ သင်က မြေကြီးကိုပိုင်ဆိုင်ရလိမ့်မယ်။ လူဆိုးတွေပယ်ရှင်းခံရတာကို မြင်ရလိမ့်မယ်။” (ဆာ. ၃၇:၃၄၊ ကဘ) ဘုရားသခင့်ကျေးကျွန်တွေမှာ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ထူးမြတ်လှတဲ့ မျှော်လင့်ချက်ရှိတယ်။—ဆာ. ၃၇:၂၉။
“လူပေးသောဘုန်းအသရေကို ငါမခံယူ”
၆၊ ၇။ လူများစွာဟာ ယေရှုကို ဘာကြောင့် မယုံကြည်ခဲ့ကြတာလဲ။
၆ ယေဟောဝါပေးတဲ့ ဘုန်းအသရေကို ကျွန်ုပ်တို့ မရရှိအောင် ဘာက တားဆီးနိုင်သလဲ။ တစ်ချက်က ဘုရားသခင့်စံနှုန်းအတိုင်း အသက်မရှင်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို အလွန်အလေးထားခြင်းဖြစ်တယ်။ ယေရှုအချိန်က အဲဒီလိုဖြစ်ခဲ့တဲ့ အာဏာရှိသူတချို့အကြောင်း ယောဟန်ရေးခဲ့တာကို သုံးသပ်ကြည့်ပါ– “မင်းအရာရှိတို့မှ အများတို့သည် [ယေရှု] ကို ယုံကြည်ကြ၏။ သို့ရာတွင် ဖာရိရှဲတို့ကြောင့် တရားဇရပ်မှ နှင်ထုတ်ခံရမည်စိုး၍ ဝန်မခံကြ။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။” (ယော. ၁၂:၄၂၊ ၄၃) အဲဒီလူတွေသာ ဖာရိရှဲတွေရဲ့ သဘောထားကို အရမ်းအလေးအနက် မထားခဲ့ရင် ပိုကောင်းမှာပဲ။
၇ ယေရှုရဲ့အမှုဆောင်လုပ်ငန်း အစောပိုင်းအချိန်တုန်းက လူတွေ ဘာကြောင့် မိမိကိုလက်မခံ၊ မယုံကြည်တဲ့အကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ (ယောဟန် ၅:၃၉-၄၄ ကိုဖတ်ပါ။) အစ္စရေးလူတွေ မေရှိယကိုစောင့်မျှော်ခဲ့တာ နှစ်ရာနဲ့ချီ ရှိနေပြီ။ ယေရှု စတင်ဟောပြောသွန်သင်ချိန်မှာ တချို့သူတွေက မေရှိယရောက်နေပြီဆိုတာကို ဒံယေလကျမ်းကနေ သိမှာပဲ။ အစောပိုင်းလအနည်းငယ်က နှစ်ခြင်းဆရာယောဟန် ဟောပြောတဲ့အခါ လူတွေက “ခရစ်တော်ဖြစ်ပါမည်လော” ဆိုပြီး ပြောခဲ့ကြတယ်။ (လု. ၃:၁၅) သူတို့ နှစ်ရှည်လများ မျှော်လင့်နေတဲ့ မေရှိယက အခု သူတို့အလယ်မှာ ဟောပြောသွန်သင်နေပြီ။ ဒါပေမဲ့ ကျမ်းကျေနေတဲ့ အဲဒီလူတွေဟာ ယေရှုကို လက်မခံခဲ့ကြဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်းကိုဖော်ထုတ်ဖို့ ယေရှု ဒီလိုပြောခဲ့တယ်– “အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူ၍ တစ်ဆူတည်းသော ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေကို မရှာလိုသော သင်တို့သည် မည်သို့ယုံကြည်နိုင်မည်နည်း။”
၈၊ ၉။ ဘုရားပေးတဲ့ဘုန်းအသရေထက် လူပေးတဲ့ဘုန်းအသရေကို ပိုအလေးထားမိနိုင်တယ်ဆိုတာကို ဥပမာနဲ့ ရှင်းပြပါ။
၈ ဘုရားပေးတဲ့ဘုန်းအသရေထက် လူပေးတဲ့ဘုန်းအသရေကို ပိုအလေးထားမိနိုင်တယ်ဆိုတာကို နားလည်ဖို့ ဘုန်းအသရေကို အလင်းနဲ့ နှိုင်းယှဉ်နိုင်တယ်။ ကျွန်ုပ်တို့ရဲ့ စကြဝဠာဟာ အလင်းတွေဖြာပြီး ထွန်းလင်းတောက်ပနေတယ်။ ကြည်လင်တဲ့ ညကောင်းကင်ယံမှာ ရေတွက်လို့မကုန်နိုင်တဲ့ကြယ်တွေ အပြည့်ရှိနေတာကို သင် မော့ကြည့်ခဲ့တဲ့အချိန်ကို မှတ်မိသေးသလား။ “ကြယ်များ၏ဘုန်းအသရေ” က ထူးခြားဆန်းပြားလှပါတယ်။ (၁ ကော. ၁၅:၄၀၊ ၄၁) ဒါပေမဲ့ လျှပ်စစ်မီးရောင်တွေ ထိန်ထိန်လင်းနေတဲ့ မြို့ပြကြီးတွေမှာတော့ ကြယ်တွေကို မမြင်ရဘူး။ ဘာကြောင့်လဲ။ လမ်းမကြီးတွေ၊ အားကစားကွင်းတွေနဲ့ အဆောက်အဦတွေကနေ ဖြာထွက်နေတဲ့ လျှပ်စစ်မီးရောင်တွေက ကြယ်တွေရဲ့အလင်းတွေထက် ပိုတင့်တယ်လှပပြီး ပိုတောက်ပနေလို့လား။ မဟုတ်ပါဘူး။ အကြောင်းကတော့ မြို့ထဲမှာ ထွန်းထားတဲ့လျှပ်စစ်မီးတွေက ကျွန်ုပ်တို့နဲ့ ပိုနီးနေပြီး အဲဒီအလင်းတွေက ကြယ်တွေနဲ့ ကျွန်ုပ်တို့ရဲ့ကြားမှာ ခံနေလို့ဖြစ်တယ်။ ကြယ်တွေရဲ့ညအလှကို မြင်ရဖို့ဆိုရင် လျှပ်စစ်မီးရောင်တွေ မရှိတဲ့နေရာကို သွားမှဖြစ်မယ်။
၉ အဲဒီလိုပဲ လူတွေပေးတဲ့ဘုန်းအသရေက ယေဟောဝါပေးတဲ့ဘုန်းအသရေကို တန်ဖိုးမထားတော့အောင် လုပ်နိုင်တယ်။ လူများစွာက သတင်းကောင်းကို လက်မခံကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေက သူတို့အပေါ် ဘယ်လိုမြင်သွားမလဲဆိုတာကို ကြောက်လို့ဖြစ်တယ်။ ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီးသား ကျေးကျွန်တွေတောင် အဲဒီလို စိုးရိမ်ကြောက်ရွံ့တတ်ကြတယ်။ ဥပမာ၊ လူငယ်တစ်ယောက်ဟာ လူတွေ သူ့ကို ကောင်းကောင်းသိပေမဲ့ ယေဟောဝါသက်သေလို့တော့ မသိသေးတဲ့ ရပ်ကွက်မှာ ဟောပြောရမယ်ဆိုပါစို့။ သူ ကြောက်လို့ မဟောတော့ဘဲနေမလား။ ဒါမှမဟုတ် လူတစ်ယောက်ဟာ ဘုရားသခင့်အမှုဆောင်ချင်တဲ့ သူ့ရဲ့ပန်းတိုင်ကြောင့် ကဲ့ရဲ့လှောင်ပြောင်ခံရတယ် ဆိုပါစို့။ အဲဒီလိုဖြစ်နေတယ်ဆိုရင် ယေဟောဝါရဲ့အမှုတော်ကို တန်ဖိုးမထားသူတွေရဲ့ လွှမ်းမိုးမှုကို သူခံမလား။ ဒါမှမဟုတ် ခရစ်ယာန်တစ်ယောက်ဟာ ကြီးလေးတဲ့အပြစ်တစ်ခုကို ကျူးလွန်ထားတယ် ဆိုပါစို့။ သူ့ရဲ့အပြစ်ကြောင့် အသင်းတော်မှာရထားတဲ့ တာဝန်တွေ ဆုံးရှုံးမှာကြောက်လို့ ဒါမှမဟုတ် သူချစ်ရသူတွေ စိတ်ထိခိုက်မှာစိုးလို့ အပြစ်ကို ဖုံးထားမလား။ အကယ်၍ သူနဲ့ ယေဟောဝါရဲ့ဆက်ဆံရေး ပြန်ကောင်းဖို့က သူ့အတွက် အရေးကြီးတယ်ဆိုရင် သူဟာ အသင်းတော်အကြီးအကဲတွေဆီကနေ အကူအညီတောင်းမှာဖြစ်တယ်။—ယာကုပ် ၅:၁၄-၁၆ ကိုဖတ်ပါ။
၁၀။ (က) ကျွန်ုပ်တို့ကို လူတွေ ဘယ်လိုရှုမြင်မလဲဆိုတာကို အလွန်အမင်း စိုးရိမ်တယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ (ခ) ကျွန်ုပ်တို့မှာ နှိမ့်ချမှုရှိတယ်ဆိုရင် ဘာကိုစိတ်ချနိုင်သလဲ။
၁၀ သင်ဟာ ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ကြားက ညီအစ်ကိုတစ်ယောက်က သင့်ကို သွန်သင်ချက်ပေးတယ် ဆိုပါစို့။ အဲဒီအခါမှာ သင်က မာနနဲ့ တင်းခံမနေဘူး၊ သိက္ခာဆယ်ဖို့ မကြိုးစားဘူး၊ ကိုယ့်လုပ်ရပ်အတွက် ဆင်ခြေမပေးဘူးဆိုရင် သူ့ရဲ့ အကြံပြုချက်တွေကနေ သင်အကျိုးခံစားရမှာဖြစ်တယ်။ ဒါမှမဟုတ် သင်ဟာ ညီအစ်ကိုညီအစ်မတွေနဲ့ စုပေါင်းပြီး အလုပ်တစ်ခုလုပ်တယ်ဆိုပါစို့။ သင့်အကြံဉာဏ်ကောင်းတွေ၊ သင့်ရဲ့ကြိုးစားမှုတွေအတွက် ဘယ်သူ ချီးမွမ်းခံရမလဲဆိုတာကို အလွန်အမင်း စိုးရိမ်သလား။ သင် အထက်ပါအခြေအနေတစ်ခုခုနဲ့ ကြုံနေရတယ်ဆိုရင် “စိတ်နှိမ့်ချသူတိုင်းကတော့ ဂုဏ်ကျက်သရေကို ရရှိလိမ့်မယ်” ဆိုတဲ့အချက်ကို စိတ်ချပါ။—သု. ၂၉:၂၃၊ ကဘ။
၁၁။ ချီးမွမ်းခံရတဲ့အခါ ကျွန်ုပ်တို့စိတ်ထဲက တုံ့ပြန်ပုံက ဘယ်လိုဖြစ်သင့်သလဲ။ ဘာကြောင့်လဲ။
၁၁ ကြီးကြပ်မှူးတွေနဲ့ ကြီးကြပ်မှူးဖြစ်ဖို့ “ကြိုးစားနေသူ” တွေဟာ လူတွေရဲ့ချီးမွမ်းမှုကို မရှာဖို့ သတိထားရမှာဖြစ်တယ်။ (၁ တိ. ၃:၁; ၁ သက်. ၂:၆) ညီအစ်ကိုတစ်ယောက်ဟာ သူ့ရဲ့လုပ်ဆောင်မှုအတွက် ရိုးရိုးသားသား ချီးမွမ်းခံရတယ်ဆိုရင် ဘယ်လိုတုံ့ပြန်သင့်သလဲ။ သူဟာ ဘုရင်ရှောလုလိုတော့ အောင်မြင်မှု အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူမှာမဟုတ်ပါဘူး။ (၁ ရာ. ၁၅:၁၂) ဒါပေမဲ့ သူ့ရဲ့အောင်မြင်ပြီးမြောက်မှုက ယေဟောဝါကြောင့်သာဖြစ်တယ်၊ အနာဂတ်မှာရရှိမယ့်အောင်မြင်မှုကလည်း ဘုရားသခင့်ကောင်းချီးနဲ့ ကူညီထောက်မမှုအပေါ် မူတည်တယ်လို့ သူ တကယ် အသိအမှတ်ပြုသလား။ (၁ ပေ. ၄:၁၁) တခြားသူတွေရဲ့ ချီးမွမ်းမှုကိုခံရတဲ့အခါ ကျွန်ုပ်တို့ရဲ့စိတ်ထဲက တုံ့ပြန်ပုံက ဘယ်ဂုဏ်အသရေကို ကျွန်ုပ်တို့ ရှာနေသလဲဆိုတာ ဖော်ပြတယ်။—သု. ၂၇:၂၁။
“သင်တို့အဖ၏ အလိုဆန္ဒအတိုင်း ပြုလိုကြ၏”
၁၂။ ဂျူးတချို့ဟာ ဘာကြောင့် ယေရှုရဲ့စကားကို နားမထောင်သလဲ။
၁၂ ယေဟောဝါပေးတဲ့ဘုန်းအသရေကို ကျွန်ုပ်တို့မရရှိအောင် တားဆီးတဲ့ နောက်အချက်တစ်ချက်က ကျွန်ုပ်တို့ရဲ့ အလိုဆန္ဒတွေဖြစ်တယ်။ မှားယွင်းတဲ့ဆန္ဒတွေက အမှန်တရားကို လုံးဝနားထောင်လိုစိတ်မရှိအောင် လုပ်ဆောင်နိုင်တယ်။ (ယောဟန် ၈:၄၃-၄၇ ကိုဖတ်ပါ။) ဂျူးတချို့ဟာ ယေရှုပြောတဲ့စကားကို နားမထောင်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့အဖဖြစ်တဲ့ စာတန်ရဲ့အလိုဆန္ဒအတိုင်း ပြုလိုကြတယ်လို့ ယေရှုပြောခဲ့တယ်။
၁၃၊ ၁၄။ (က) နားထောင်တာနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ဦးနှောက်အကြောင်း သုတေသီတွေက ဘယ်လိုပြောကြသလဲ။ (ခ) ဘယ်သူပြောတာကိုနားထောင်မလဲဆိုတာ ဘယ်ပေါ်မူတည်ပြီး ဆုံးဖြတ်သလဲ။
၁၃ တစ်ခါတလေမှာ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့နားထောင်ချင်တာကိုပဲ ကြားတယ်။ (၂ ပေ. ၃:၅) ယေဟောဝါက ကျွန်ုပ်တို့နားမထောင်ချင်တဲ့အသံကို မကြားအောင် လုပ်နိုင်တဲ့အစွမ်းထည့်ပြီး ဖန်ဆင်းထားတယ်။ ခဏလောက်ရပ်ပြီး အခု သင် အသံဘယ်နှစ်မျိုးကြားရသလဲဆိုတာ စဉ်းစားကြည့်ပါ။ သင်ဟာ ခုနတုန်းက အဲဒီလောက်အသံများများကို မကြားတာဖြစ်နိုင်တယ်။ ဘာကြောင့် မကြားတာလဲ။ အကြောင်းကတော့ သင့်ဦးနှောက်အာရုံကြောစနစ်ဟာ အသံမျိုးစုံကို ကြားနိုင်စွမ်းရှိပေမဲ့ အသံတစ်မျိုးတည်းကိုပဲ အာရုံစိုက်နားထောင်ဖို့ ကူညီပေးတယ်။ ဒါပေမဲ့ တခြားသူတွေစကားပြောတာကို ကျွန်ုပ်တို့နားထောင်လိုက်တယ်ဆိုရင် ကျွန်ုပ်တို့ဦးနှောက်ရဲ့ အကြားအာရုံကြောစနစ်က အသံတစ်မျိုးတည်းကိုပဲ အာရုံစိုက်နားထောင်နိုင်ဖို့ ခက်သွားမှာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ တစ်ကြိမ်မှာ လူတစ်ယောက်စကားပြောတာကိုပဲ အာရုံစိုက်နိုင်တယ်ဆိုတာ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တယ်။ အဓိပ္ပာယ်ကတော့ လူနှစ်ယောက်က တစ်ပြိုင်တည်း သင့်ကိုစကားပြောတယ်ဆိုရင် ဘယ်တစ်ယောက်ပြောတာ နားထောင်မယ်ဆိုတာကို သင်ရွေးချယ်ရမှာဖြစ်တယ်။ သင်ဟာ သင်နားထောင်ချင်တဲ့သူကိုပဲ ရွေးချယ်မှာဖြစ်တယ်။ ဂျူးတွေကတော့ သူတို့ရဲ့အဖ စာတန်ပြောတာကိုပဲ နားထောင်ချင်ကြတယ်၊ ယေရှုပြောတာကို နားမထောင်ချင်ကြဘူး။
၁၄ ကျွန်ုပ်တို့ကို “ဉာဏ်ပညာ” နဲ့ ‘မိန်းမမိုက်’ က စကားပြောဖို့ အမြဲကြိုးစားနေတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (သု. ၉:၁-၅၊ ၁၃-၁၇) ဘယ်သူပြောတာကို နားထောင်မလဲဆိုတာ ကျွန်ုပ်တို့ ရွေးချယ်ရတော့မယ်။ အဖြေက ဘယ်သူပြောတာကို နားထောင်ချင်သလဲဆိုတဲ့အချက်ပေါ် မူတည်တယ်။ ယေရှုရဲ့သိုးတွေက ယေရှုရဲ့စကားကိုနားထောင်ပြီး သူ့နောက်လိုက်ကြတယ်။ (ယော. ၁၀:၁၆၊ ၂၇) သူတို့ဟာ “အမှန်တရားဘက်တွင် ရှိသောသူ” များဖြစ်ကြတယ်။ (ယော. ၁၈:၃၇) သူတို့ဟာ “သူစိမ်းများ၏စကားသံကို မသိ” ကြဘူး။ (ယော. ၁၀:၅) နှိမ့်ချတဲ့ ဒီလိုလူတွေဟာ ဘုရားသခင်ပေးတဲ့ ဂုဏ်အသရေကို ရကြတယ်။—သု. ၃:၁၃၊ ၁၆; ၈:၁၊ ၁၈။
“သင်တို့ ဂုဏ်အသရေရှိစေရန်ဖြစ်”
၁၅။ ပေါလုခံရတဲ့ ဆင်းရဲဒုက္ခက ဘယ်လိုနည်းနဲ့ တခြားသူတွေအတွက် “ဂုဏ်အသရေ” ဖြစ်စေသလဲ။
၁၅ ယေဟောဝါရဲ့အလိုတော်ကို ကျွန်ုပ်တို့ ဇွဲရှိရှိလုပ်ဆောင်တာက တခြားသူတွေ ဂုဏ်အသရေရှိစေဖို့ ကူညီပေးရာရောက်ပါတယ်။ ဧဖက်အသင်းတော်ကို ပေါလု ဒီလိုစာရေးခဲ့တယ်– “သို့ဖြစ်၍ သင်တို့အတွက် ငါခံရသော ဆင်းရဲဒုက္ခများသည် သင်တို့ဂုဏ်အသရေရှိစေရန် ဖြစ်သောကြောင့် လက်မလျှော့ကြရန် ငါတောင်းပန်ပါ၏။” (ဧ. ၃:၁၃) ပေါလုက သူခံရတဲ့ဆင်းရဲဒုက္ခဟာ ဧဖက်အသင်းတော်မှာရှိတဲ့သူတွေအတွက် “ဂုဏ်အသရေရှိစေ” တယ်လို့ ဘာကြောင့်ပြောတာလဲ။ ပေါလုဟာ အခက်အခဲတွေကြားမှာ အမှုဆောင်ခြင်းအားဖြင့် ခရစ်ယာန်တွေရဲ့အသက်တာမှာ တန်ဖိုးအရှိဆုံးက ဘုရားသခင့်အမှုတော်ဆောင်ခြင်းပဲဆိုတာ သူတို့ကို ပြသခဲ့တယ်။ ပေါလုသာ အခက်အခဲကြုံတာနဲ့ အမှုဆောင်လုပ်ငန်းကို ဆက်မလုပ်တော့ဘူးဆိုရင် ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေး၊ ဘုရားသခင့်အမှုဆောင်လုပ်ငန်းနဲ့ သူတို့ရဲ့မျှော်လင့်ချက်က အရေးမကြီးဘူးလို့ ညီအစ်ကိုတွေက ယူဆသွားမှာဖြစ်တယ်။ ပေါလုဟာ သူ့ရဲ့ ခံနိုင်ရည်ပုံသက်သေအားဖြင့် ခရစ်တော်ရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ ဘယ်စွန့်လွှတ်မှုမျိုးကိုမဆို လုပ်ထိုက်တယ်ဆိုတာ ဖော်ပြခဲ့တယ်။
၁၆။ ပေါလုဟာ လုတ္တရမြို့မှာ ဘယ်လိုဆင်းရဲဒုက္ခ ခံခဲ့ရသလဲ။
၁၆ ပေါလုရဲ့ ထက်သန်မှုနဲ့ ခံနိုင်ရည်က ညီအစ်ကိုတွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ တမန်တော် ၁၄:၁၉၊ ၂၀ မှာ ဒီလိုဖော်ပြတယ်– “ဂျူးတို့သည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့တို့မှ ရောက်လာ၍ လူအုပ်ကို သွေးဆောင်ကြ၏။ ထို့နောက် ပေါလုကို ခဲနှင့်ပေါက်၍ သေပြီဟု စိတ်ထင်ဖြင့် [လုတ္တရ] မြို့ပြင်သို့ ဆွဲထုတ်သွားကြ၏။ တပည့်တော်တို့ ဝိုင်းအုံနေစဉ် ပေါလုသည် ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နောက်တစ်နေ့၌ ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်သွားလေ၏။” သေပြီဆိုပြီး တစ်ရက်ကြာ ပစ်ထားခံရတဲ့သူက နောက်တစ်နေ့မှာ မိုင် ၆၀ (ကီလိုမီတာ ၁၀၀) ခရီးကို ခြေကျင်လျှောက်တယ်ဆိုတာ စဉ်းစားကြည့်ပါ။
၁၇၊ ၁၈။ (က) လုတ္တရမြို့မှာ ပေါလုခံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို တိမောသေ ဘယ်လို သိခဲ့တာဖြစ်မလဲ။ (ခ) ပေါလုရဲ့ခံနိုင်ရည်က တိမောသေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
၁၇ ပေါလု အဲဒီလိုဒုက္ခခံနေရချိန်မှာ ပေါလုအနားမှာ တိမောသေ ရှိသလား။ တမန်တော်ကျမ်းမှတ်တမ်းမှာတော့ မဖော်ပြထားပေမဲ့ ရှိနေနိုင်တယ်။ တိမောသေဆီရေးတဲ့ ပေါလုရဲ့ဒုတိယစာမှာ ဒီလိုဖော်ပြထားတယ်– “သင်မူကား ငါ၏သွန်သင်ခြင်း၊ ငါ၏ဘဝလမ်းစဉ် . . . တို့ကို ထက်ကြပ်မကွာ လိုက်လျှောက်ခဲ့ပြီ။ အန္တိအုတ်မြို့ [မြို့ထဲက မောင်းထုတ်ခံရ]၊ ဣကောနိမြို့ [ခဲနဲ့ပေါက်ဖို့ကြိုးစားကြ]၊ လုတ္တရမြို့ [ခဲနဲ့ပေါက်ခံရ] များ၌ ငါခံခဲ့ရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းမျိုးတို့ကိုလည်း သင်ခံခဲ့ရပြီ။ သခင်သည် ထိုအရာရှိသမျှတို့မှ ငါ့ကို ကယ်နုတ်တော်မူ၏။”—၂ တိ. ၃:၁၀၊ ၁၁; တ. ၁၃:၅၀; ၁၄:၅၊ ၁၉။
၁၈ ဒီဆင်းရဲဒုက္ခတွေကို ပေါလု ခံခဲ့ရတယ်ဆိုတာ တိမောသေကောင်းကောင်းသိတယ်။ တိမောသေဟာ ပေါလုရဲ့ပုံသက်သေကနေ အများကြီးသင်ယူခဲ့မှာပဲ။ လုတ္တရမြို့ကို ပေါလုပြန်လာတဲ့အခါ တိမောသေဟာ ခရစ်ယာန်တွေအတွက် စံနမူနာကောင်း ဖြစ်နေပြီး “လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသူဖြစ်” နေပြီ။ (တ. ၁၆:၁၊ ၂) နောက်ပိုင်းတစ်ချိန်ချိန်မှာ တိမောသေဟာ ကြီးလေးတဲ့တာဝန်တွေကို ယူနိုင်ဖို့ အရည်အချင်းပြည့်မီခဲ့တယ်။—ဖိ. ၂:၁၉၊ ၂၀; ၁ တိ. ၁:၃။
၁၉။ ကျွန်ုပ်တို့ရဲ့ခံနိုင်ရည်က တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။
၁၉ ကျွန်ုပ်တို့လည်း ဘုရားသခင့်အလိုတော်ကို ဇွဲရှိရှိလုပ်ဆောင်မယ်ဆိုရင် တခြားသူတွေအပေါ် အလားတူ အကျိုးသက်ရောက်နိုင်ပါတယ်၊ အထူးသဖြင့် လူငယ်တွေအပေါ် ကောင်းကျိုးသက်ရောက်နိုင်ပြီး သူတို့တွေဟာ အလွန်အဖိုးတန်တဲ့ ဘုရားသခင့်အမှုဆောင်သူတွေအဖြစ် ကြီးပြင်းလာကြပါလိမ့်မယ်။ လယ်ကွင်းအမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ ဘယ်လိုဟောပြောတယ်ဆိုတာအပြင် ဘဝအခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းတယ်ဆိုတာကိုလည်း လူငယ်တွေ ကြည့်ကြတယ်။ ပေါလုဟာ သစ္စာရှိသူတွေအားလုံး ထာဝရအသက်ရဖို့ ကူညီပေးနိုင်အောင် အရာရာကိုခံရပ်ခဲ့တယ်။—၂ တိ. ၂:၁၀။
လူငယ်တွေဟာ သက်ကြီးခရစ်ယာန်တွေရဲ့ ဇွဲကို တန်ဖိုးလေးမြတ်ကြ
၂၀။ ဘုရားသခင်ပေးတဲ့ဂုဏ်ကျက်သရေကို ကျွန်ုပ်တို့ ဘာကြောင့် ဆက်ရှာနေသင့်သလဲ။
၂၀ ဒါကြောင့် ကျွန်ုပ်တို့ဟာ “ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေကို” ဆက်ရှာဖို့ အကြောင်းကောင်းတွေရှိပါတယ်။ (ယော. ၅:၄၄; ၇:၁၈) ယေဟောဝါဟာ ဂုဏ်အသရေကိုရှာလျက်နေသူတွေကို ထာဝရအသက်ပေးတယ်။ (ရောမ ၂:၆၊ ၇ ကိုဖတ်ပါ။) ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ခံနိုင်ရည်က တခြားသူတွေ ဆက်သစ္စာရှိဖို့နဲ့ ထာဝရအသက်ရဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ပေးတဲ့ဂုဏ်ကျက်သရေ မရရှိအောင်လုပ်ဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့။