ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၈/၁၅ စာ. ၁၀-၁၄
  • ယေဟောဝါကို ဘယ်တော့မှ ဒေါသမထွက်ပါနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ဘယ်တော့မှ ဒေါသမထွက်ပါနဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ ဘာကြောင့် ယေဟောဝါကို ဒေါသထွက်မိနိုင်သလဲ
  • ယေဟောဝါအပေါ် ဒေါသမထွက်မိအောင် ရှောင်ရှားနိုင်ပုံ
  • ယေဟောဝါနဲ့ သင့်ရဲ့အဖိုးတန်ဆက်ဆံရေးကို ကာကွယ်ပါ
  • ယေဟောဝါအား အပြစ်မဆိုနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သင်သည် ယေဟောဝါကို မမေ့လျော့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘ယေဟောဝါ၏စိတ်တော်ကို မည်သူသိသနည်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သင့်ကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၈/၁၅ စာ. ၁၀-၁၄
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါကို ဘယ်တော့မှ ဒေါသမထွက်ပါနဲ့

“လူက ကိုယ့်မိုက်မဲမှုကြောင့် လမ်းလွဲသွားပြီး စိတ်နှလုံးထဲမှာ ယေဟောဝါကို ဒေါသထွက်တယ်။” —သု. ၁၉:၃၊ ကဘ။

သင် ဘယ်လိုဖြေမလဲ

  • ကျွန်ုပ်တို့ ဘာကြောင့် “ယေဟောဝါကို ဒေါသထွက်” မိနိုင်သလဲ။

  • ဘုရားသခင်ကို ဒေါသမထွက်မိဖို့ ဘယ်အချက်ငါးချက်က ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

  • ခက်ခဲတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်အချက်ကို ကျွန်ုပ်တို့ သတိရသင့်သလဲ။

၁၊ ၂။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေအတွက် ဘာကြောင့် ယေဟောဝါကို အပြစ်မတင်သင့်သလဲ။ ဥပမာပေးပါ။

ပျော်ရွှင်သာသာတဲ့အိမ်ထောင်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်နေ့ အိမ်ကိုပြန်လာတဲ့အခါ သူ့အိမ်ထဲကပစ္စည်းတွေအားလုံး ဗြောင်းဆန်ပြီး ရှုပ်ပွနေတာကို တွေ့လိုက်ရတယ်။ ပရိဘောဂတွေက အပိုင်းပိုင်း ကျိုးပဲ့နေတယ်၊ ပန်းကန်တွေက အစိတ်စိတ်အမြွှာမြွှာ ကွဲနေပြီး ကော်ဇောတွေက ပျက်ဆီးနေတယ်။ သူ့ရဲ့ လှပတဲ့အိမ်က အမှိုက်ပုံလိုဖြစ်နေပြီ။ “ငါ့မိန်းမ ဘာလုပ်ထားတာပါလိမ့်” လို့ သူပြောမယ်ထင်သလား။ အဲဒီလိုပြောမှာ မဟုတ်ဘဲ “ဒါ ဘယ်သူလုပ်တာလဲ” လို့ပြောမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ချစ်ဇနီးက အိမ်ကို ဒီလိုဖြစ်အောင် ဖျက်ဆီးမှာမဟုတ်ဘူးဆိုတာ သူ သိလို့ပဲ။

၂ ယနေ့အချိန်မှာ လူသားတွေရဲ့စံအိမ်ဖြစ်တဲ့ ကမ္ဘာမြေကြီးဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်ပြားမှုတွေနဲ့ ယိုယွင်းပျက်စီးနေတာကို ကျွန်ုပ်တို့ မြင်တွေ့နေရတယ်။ ဒါတွေက ယေဟောဝါကြောင့် မဟုတ်ဘူးဆိုတာ ကျမ်းစာလေ့လာခြင်းကနေ ကျွန်ုပ်တို့ သိခဲ့ကြတယ်။ ကိုယ်တော်ဟာ ဒီကမ္ဘာဂြိုဟ်ကို နေချင်စရာကောင်းတဲ့ ပရဒိသုစံအိမ်အဖြစ် ဖန်ဆင်းခဲ့တယ်။ (က. ၂:၈၊ ၁၅) ယေဟောဝါဟာ မေတ္တာရှင်ဘုရားသခင်ဖြစ်တယ်။ (၁ ယော. ၄:၈) ကမ္ဘာ့ပြဿနာမြောက်မြားစွာရဲ့ အဓိကတရားခံက “ဤလောကကို အစိုးရသောမင်း” စာတန်မာရ်နတ်ဖြစ်တယ်ဆိုတာ ကျမ်းစာမှာဖော်ပြထားတယ်။—ယော. ၁၄:၃၀; ၂ ကော. ၄:၄။

၃။ ကျွန်ုပ်တို့ရဲ့အတွေးအခေါ်က ဘယ်လို စတင်လွဲမှားသွားနိုင်သလဲ။

၃ ဒါပေမဲ့ ပြဿနာအားလုံးအတွက် စာတန်ကိုပဲ အပြစ်ပုံချလို့ မရပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ရဲ့ ပြဿနာတချို့က ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ အမှားကြောင့်ဖြစ်တယ်။ (တရားဟောရာ ၃၂:၄-၆ ကိုဖတ်ပါ။) ဒီအချက်ကို ကျွန်ုပ်တို့ လက်ခံကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က မစုံလင်သူတွေဖြစ်လို့ ကျွန်ုပ်တို့ရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အတွေးအခေါ်တွေ စတင်လွဲမှားလာနိုင်တယ်၊ အဲဒါက အန္တရာယ်ရှိတယ်။ (သု. ၁၄:၁၂) ဘယ်လိုနည်းနဲ့လဲ။ ကျွန်ုပ်တို့ဟာ ပြဿနာတစ်ခုအတွက် ကိုယ့်ကိုယ်ကို ဒါမှမဟုတ် စာတန်ကို အပြစ်တင်မယ့်အစား ယေဟောဝါကို အပြစ်တင်မိနိုင်တယ်။ “ယေဟောဝါကို ဒေါသထွက်” မိတဲ့အထိ ဖြစ်လာနိုင်တယ်။—သု. ၁၉:၃၊ ကဘ။

၄၊ ၅။ ခရစ်ယာန်တစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ ယေဟောဝါကို ဒေါသထွက်မိနိုင်သလဲ။

၄ ကျွန်ုပ်တို့ တကယ်ပဲ “ယေဟောဝါကို ဒေါသထွက်” မိနိုင်သလား။ အဲဒီလို ဒေါသထွက်တယ်ဆိုရင် အချည်းနှီးပါပဲ။ (ဟေရှာ. ၄၁:၁၁) ကျွန်ုပ်တို့ ဘာအကျိုးရမလဲ။ ကဗျာဆရာတစ်ယောက်က “ဘုရားသခင်နဲ့ လက်ဝှေ့ထိုးဖို့အတွက် ခင်ဗျားလက်က တိုလွန်းတယ်” လို့ပြောခဲ့တယ်။ ယေဟောဝါကို ဒေါသထွက်တယ်လို့တော့ ကျွန်ုပ်တို့ ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ သုတ္တံ ၁၉:၃ (ကဘ) မှာ “လူက ကိုယ့်မိုက်မဲမှုကြောင့် လမ်းလွဲသွားပြီး စိတ်နှလုံးထဲမှာ ယေဟောဝါကို ဒေါသထွက်တယ်” လို့ ပြောတယ်။ ဆိုလိုတာက လူတစ်ယောက်ဟာ သူ့ရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဒေါသထွက်ပြီး စိတ်နာကြည်းနေနိုင်တယ်။ အဲဒီသဘောထားက လူတစ်ယောက်ရဲ့လုပ်ရပ်အပေါ် စတင် အကျိုးသက်ရောက်နိုင်တယ်။ ရလဒ်အနေနဲ့ သူဟာ ယေဟောဝါရဲ့အမှုတော်မှာ အရှိန်လျော့လာမယ် ဒါမှမဟုတ် အသင်းတော်နဲ့အတူဝတ်ပြုတဲ့ အစီအစဉ်တွေမှာလည်း မပါဝင်တော့ဘူး။

၅ ကျွန်ုပ်တို့ ဘာကြောင့် ယေဟောဝါကို ဒေါသထွက်မိနိုင်သလဲ။ အဲဒီလိုမဖြစ်အောင် ဘယ်လိုရှောင်နိုင်သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကိုသိဖို့ အရေးကြီးတယ်။ ဒါမှ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ကာကွယ်နိုင်မယ်။

ကျွန်ုပ်တို့ ဘာကြောင့် ယေဟောဝါကို ဒေါသထွက်မိနိုင်သလဲ

၆၊ ၇။ မောရှေအချိန်က အစ္စရေးလူတွေ ဘာကြောင့် ယေဟောဝါကို အပြစ်တင်ကြတာလဲ။

၆ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာ ဘာကြောင့် ဘုရားသခင်ကို အပြစ်တင်မိနိုင်သလဲ။ အဲဒီလိုဖြစ်စေနိုင်တဲ့ အချက်ငါးချက်နဲ့ အဲဒီလိုဖြစ်ခဲ့တဲ့ကျမ်းစာနမူနာတွေအကြောင်း လေ့လာကြည့်ကြစို့။—၁ ကော. ၁၀:၁၁၊ ၁၂။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အပျက်သဘောထားစကားတွေကို နားထောင်တာက သင့်အပေါ် ဆိုးကျိုးသက်ရောက်နိုင် (အပိုဒ် ၇ ကိုကြည့်)

၇ တခြားသူတွေရဲ့ အပျက်သဘောထားစကားတွေက ကျွန်ုပ်တို့အပေါ် ဩဇာလွှမ်းမိုးနိုင်တယ်။ (တရားဟောရာ ၁:၂၆-၂၈ ကိုဖတ်ပါ။) အစ္စရေးလူမျိုးဟာ အီဂျစ်ပြည် ကျွန်ဘဝကနေ လွတ်မြောက်လာခါစပဲ ရှိသေးတယ်။ ယေဟောဝါဟာ အီဂျစ်လူတွေအပေါ် ကပ်ဘေးဆယ်ခု ကျရောက်စေခဲ့တယ်၊ အဲဒီနောက် ဖာရောနဲ့ သူ့စစ်တပ်ကို ပင်လယ်နီမှာ ဖျက်ဆီးခဲ့တယ်။ (ထွ. ၁၂:၂၉-၃၂၊ ၅၁; ၁၄:၂၉-၃၁; ဆာ. ၁၃၆:၁၅) ဘုရားသခင့်လူမျိုးဟာ ကတိထားရာပြည်ထဲဝင်ဖို့ အသင့်ဖြစ်နေပြီ။ ဒါပေမဲ့ အဲဒီအရေးကြီးတဲ့အချိန်လေးမှာပဲ အစ္စရေးလူတွေဟာ ယေဟောဝါကို စတင် အပြစ်တင်ကြတော့တယ်။ ဘာက သူတို့ကို ယုံကြည်ခြင်းကင်းမဲ့သွားစေတာလဲ။ ကတိထားရာပြည်ကို စုံစမ်းထောက်လှမ်းဖို့ သွားခဲ့ကြတဲ့ သူလျှိုဆယ်ယောက်ရဲ့ မမှန်ကန်တဲ့သတင်းစကားကြောင့်ပါပဲ။ (တော. ၁၄:၁-၄) ရလဒ်အနေနဲ့ အစ္စရေးလူတွေဟာ သာယာလှပတဲ့ပြည်ထဲဝင်ခွင့် မရခဲ့ဘူး။ (တရား. ၁:၃၄၊ ၃၅) ကျွန်ုပ်တို့ ဘာသင်ခန်းစာရသလဲ။ တခြားသူတွေရဲ့ အပျက်သဘောထားစကားတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို အားနည်းသွားစေနိုင်တယ်၊ ကျွန်ုပ်တို့အပေါ် ယေဟောဝါရဲ့ဆက်ဆံပုံကို အပြစ်တင်ပြောဆိုမိနိုင်တယ်။

၈။ ဟေရှာယအချိန်က ဘုရားသခင့်လူတွေဟာ သူတို့ရဲ့ပြဿနာတွေအတွက် ဘာကြောင့် ယေဟောဝါကို အပြစ်တင်ခဲ့ကြသလဲ။

၈ အခက်အခဲတွေ၊ ပြဿနာတွေက ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျစေနိုင်တယ်။ (ဟေရှာယ ၈:၂၁၊ ၂၂ ကိုဖတ်ပါ။) ဟေရှာယအချိန်တုန်းက ယုဒနိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ သူတို့တွေဟာ ရန်သူတွေရဲ့ ဝိုင်းရံခြင်းကို ခံခဲ့ကြရတယ်။ အစာရေစာရှားပါးလာလို့ အများစုက ဆာလောင်နေကြတယ်။ ဒါပေမဲ့ ပိုဆိုးတဲ့ပြဿနာတစ်ခု ရှိသေးတယ်။ သူတို့ဟာ ယေဟောဝါရဲ့စကားကို ဆက်နားမထောင်တော့ဘဲ ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေးကို အားနည်းသွားစေခဲ့ကြတယ်။ (အာ. ၈:၁၁) သူတို့ဟာ ယေဟောဝါဆီ အကူအညီတောင်းမယ့်အစား သူတို့ရဲ့ပြဿနာတွေအတွက် ဘုရားသခင်နဲ့ ဘုရင်ကို အပြစ်တင်ကြတယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့ခံစားရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျလာပြီဆိုရင် ယေဟောဝါကို ကျွန်ုပ်တို့ အပြစ်တင်မိနိုင်တယ်၊ ပြီးတော့ ကျွန်ုပ်တို့လိုအပ်တဲ့အချိန်မှာ ကိုယ်တော်က ကျွန်ုပ်တို့ကို မကူညီဘူးလို့ ခံစားမိနိုင်တယ်။

၉။ ယေဇကျေလအချိန်က အစ္စရေးလူတွေမှာ ဘာကြောင့် မှားယွင်းတဲ့ရှုမြင်ချက် ရှိခဲ့တာလဲ။

၉ အချက်အလက်အားလုံးကို ကျွန်ုပ်တို့ မသိဘူး။ ယေဇကျေလအချိန်က အစ္စရေးလူတွေဟာ အခြေအနေတစ်ခုစီရဲ့ အချက်အလက်အားလုံးကို မသိတဲ့အတွက်ကြောင့် ယေဟောဝါရဲ့ “စီရင်ချက်မဖြောင့်” လို့ ယူဆခဲ့ကြတယ်။ (ယေဇ. ၁၈:၂၉) အချက်အလက်အားလုံးကို မသိဘဲနဲ့ သူတို့ကိုယ်သူတို့ ဘုရားသခင်ကို တရားစီရင်ပိုင်ခွင့်ရှိသူတွေလို ပြုမူကြတယ်၊ ကိစ္စရပ်တွေကို ဘုရားသခင် အကောင်ဆုံးနည်းနဲ့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးကြတယ်။ ကျွန်ုပ်တို့လည်း ဘယ်လိုနည်းနဲ့ အဲဒီလိုအမှားမျိုး လုပ်မိနိုင်သလဲ။ ကျမ်းစာထဲမှာ ကျွန်ုပ်တို့နားလည်ရခက်တဲ့ အကြောင်းအရာတွေ ရှိနိုင်တယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ဘဝမှာ အခက်အခဲတစ်ခုခု ကြုံရတဲ့အခါ ဘာကြောင့် အဲဒီလိုဖြစ်တယ်ဆိုတာကို နားမလည်တာ ဖြစ်နိုင်တယ်။ အဲဒီအခါမှာ ယေဟောဝါရဲ့နည်းလမ်းတွေက မမျှတဘူး၊ မဖြောင့်မတ်ဘူးလို့ စိတ်နှလုံးထဲမှာ စတင်ခံစားရနိုင်တယ်။—ယောဘ ၃၅:၂။

၁၀။ လူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ အာဒံရဲ့မကောင်းတဲ့နမူနာကို တုပမိနိုင်သလဲ။

၁၀ ကျွန်ုပ်တို့ရဲ့အပြစ်နဲ့ အမှားတွေကို တခြားသူတွေအပေါ် လွှဲချလိုက်တယ်။ လူ့သမိုင်းစကတည်းက အာဒံဟာ သူ့အပြစ်ကို ဘုရားသခင်ပေါ် ပုံချခဲ့တယ်။ (က. ၃:၁၂) အာဒံဟာ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခဲ့တယ်၊ အဲဒီအတွက် ဘုရားသခင် သူ့ကို အပြစ်ပေးမယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ ယေဟောဝါက သူ့ကို ဆိုးတဲ့မိန်းမပေးခဲ့လို့ သူအပြစ်လုပ်မိတာပါလို့ ပြောပြီး ကိုယ်တော့်ကို အပြစ်တင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး တခြားသူတွေလည်း အာဒံရဲ့မကောင်းတဲ့နမူနာကို တုပပြီး မိမိတို့ရဲ့အမှားတွေအတွက် ဘုရားသခင်ကို အပြစ်တင်ကြတယ်။ ‘ငါ့အမှားတွေကြောင့် စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာတွေ ကြုံရတဲ့အခါ ယေဟောဝါရဲ့စံနှုန်းတွေက အရမ်းတင်းကျပ်တယ်လို့ ငါတွေးမိသလား’ လို့ ကိုယ့်ကိုယ်ကို မေးသင့်တယ်။

၁၁။ ယောနဆီကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာယူနိုင်သလဲ။

၁၁ ကျွန်ုပ်တို့က ကိုယ့်အတွက်ပဲ စဉ်းစားကြတယ်။ ယေဟောဝါက နိနေဝေမြို့သားတွေအပေါ် သနားကြင်နာမှုပြတဲ့အခါ ပရောဖက်ယောန အရမ်းစိတ်ဆိုးတယ်။ (ယောန ၄:၁-၃) ဘာကြောင့်လဲ။ သူကြေညာခဲ့တဲ့ ပျက်စီးခြင်းသတင်းက သူပြောသလို မဖြစ်လာတဲ့အခါ သူ မျက်နှာပျက် အရှက်ကွဲတော့မယ်ဆိုပြီး စိုးရိမ်ခဲ့ပုံရတယ်။ ယောနဟာ လူတွေအတွက် စဉ်းစားပေးမယ့်အစား သူ့ကို လူတွေ ဘယ်လိုထင်မလဲဆိုတာကိုပဲ ပိုအလေးထားခဲ့တယ်။ ကျွန်ုပ်တို့လည်း ယောနလို ဖြစ်နိုင်သလား။ ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကိုပဲ အလွန်အမင်းအာရုံစိုက်နေမယ်ဆိုရင် တခြားသူတွေရဲ့လိုအပ်ရာကို မေ့လျော့သွားနိုင်တယ်။ ဥပမာ၊ ယေဟောဝါရဲ့နေ့ကြီးနီးပြီလို့ ကျွန်ုပ်တို့ဟောပြောခဲ့တာ နှစ်အတော်ကြာနေပြီ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့နေ့က မရောက်လာသေးလို့ တခြားသူတွေက ကျွန်ုပ်တို့ကို အပြစ်တင်တဲ့အခါ ကျွန်ုပ်တို့ ယေဟောဝါအပေါ် စိတ်မရှည်ဖြစ်နေသလား။—၂ ပေ. ၃:၃၊ ၄၊ ၉။

ယေဟောဝါအပေါ် ဒေါသမထွက်မိအောင် ရှောင်ရှားနိုင်ပုံ

၁၂၊ ၁၃။ ကျွန်ုပ်တို့ရဲ့အပြစ်ရှိတဲ့စိတ်နှလုံးက ယေဟောဝါရဲ့လုပ်ရပ်တွေကို စအပြစ်တင်လာပြီဆိုရင် ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၂ ကျွန်ုပ်တို့ရဲ့အပြစ်ရှိတဲ့စိတ်နှလုံးက ယေဟောဝါရဲ့လုပ်ရပ်တွေကို စအပြစ်တင်လာပြီဆိုရင် ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။ အဲဒီလိုလုပ်တာက ပညာမဲ့ရာကျတယ်ဆိုတာ သတိရပါ။ ကျွန်ုပ်တို့ရဲ့မိုက်မဲမှုကြောင့် ပြဿနာတွေပေါ်လာတဲ့အခါ ယေဟောဝါကို အပြစ်တင်မိနိုင်တယ်လို့ သုတ္တံ ၁၉:၃ မှာ သတိပေးထားတယ်။ ဒါကြောင့် ယေဟောဝါကို ဘယ်တော့မှ ဒေါသမထွက်မိအောင် ကျွန်ုပ်တို့ကို ကူညီပေးမယ့် အချက်ငါးချက်ကို လေ့လာကြည့်ကြစို့။

၁၃ ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို ဆက် ခိုင်မြဲနေစေပါ။ ကျွန်ုပ်တို့က ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားမယ်ဆိုရင် ကိုယ်တော့်ကို ဒေါသထွက်တော့မှာမဟုတ်ဘူး။ (သုတ္တံ ၃:၅၊ ၆ ကိုဖတ်ပါ။) ယေဟောဝါကို ယုံကြည်အားကိုးဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို ပညာရှိတယ်လို့ထင်တာ၊ ကိုယ့်လိုအပ်ရာတွေကသာ အရေးကြီးဆုံးလို့ ယူဆတာမျိုးကိုလည်း ရှောင်ရမယ်။ (သု. ၃:၇; ဒေ. ၇:၁၆) အဲဒီလိုလုပ်တာက ကျွန်ုပ်တို့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ ယေဟောဝါကို အပြစ်မတင်မိအောင် ကူညီပေးပါလိမ့်မယ်။

၁၄၊ ၁၅။ တခြားသူတွေပြောတဲ့ အပျက်သဘောထားစကားတွေရဲ့ လွှမ်းမိုးမှုကိုမခံရအောင် ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

၁၄ အပျက်သဘောထားစကားတွေရဲ့ ဩဇာလွှမ်းမိုးမှုကို မခံပါနဲ့။ မောရှေအချိန်က အစ္စရေးလူတွေမှာ ယေဟောဝါ သူတို့ကို ကတိထားရာပြည်ထဲရောက်အောင် ပို့ဆောင်ပေးမယ်လို့ ယုံကြည်စိတ်ချနိုင်တဲ့အကြောင်းတွေ အများကြီးရှိတယ်။ (ဆာ. ၇၈:၄၃-၅၃) ဒါပေမဲ့ သစ္စာမဲ့တဲ့သူလျှိုဆယ်ယောက်ရဲ့ မကောင်းသတင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ သူတို့ ‘ဘုရားသခင့်တန်ခိုးတော်’ ကို မေ့သွားကြတယ်။ (ဆာ. ၇၈:၄၂) ယေဟောဝါ ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးခဲ့တဲ့ ကောင်းမွန်တဲ့အရာတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးက ပိုခိုင်မြဲလာမှာဖြစ်တယ်။ ရလဒ်အနေနဲ့ တခြားသူတွေရဲ့ အပျက်သဘောထားတွေကြောင့် ယေဟောဝါနဲ့ ကျွန်ုပ်တို့ကို ဝေးကွာသွားစေဖို့ ခွင့်ပြုမှာမဟုတ်ဘူး။—ဆာ. ၇၇:၁၁၊ ၁၂။

၁၅ ကျွန်ုပ်တို့က ညီအစ်ကိုညီအစ်မတွေအပေါ်မှာ မကောင်းတဲ့သဘောထားရှိမယ်ဆိုရင်ကော။ အဲဒီလိုရှိမယ်ဆိုရင် ယေဟောဝါနဲ့ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ (၁ ယော. ၄:၂၀) ဥပမာ၊ အာရုန်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်တဲ့အခါ အစ္စရေးလူတွေက အပြစ်တင်ကြတယ်။ ဒါကို ယေဟောဝါက မိမိကို အပြစ်တင်တယ်လို့ ယူမှတ်ခဲ့တယ်။ (တော. ၁၇:၁၀) အလားတူပဲ မြေကြီးပေါ်မှာ မိမိရဲ့လုပ်ငန်းကိုဦးဆောင်ဖို့ ယေဟောဝါ အသုံးပြုနေတဲ့သူတွေကို ကျွန်ုပ်တို့အပြစ်တင်တယ်ဆိုရင် ယေဟောဝါကို အပြစ်တင်တာပဲလို့ သတ်မှတ်နိုင်တယ်။—ဟေဗြဲ ၁၃:၇၊ ၁၇။

၁၆၊ ၁၇။ ကျွန်ုပ်တို့ အခက်အခဲပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ဘာကို သတိရဖို့လိုသလဲ။

၁၆ ကျွန်ုပ်တို့ရဲ့ပြဿနာတွေက ယေဟောဝါကြောင့် မဟုတ်ဘူးဆိုတာ သတိရပါ။ ဟေရှာယအချိန်က အစ္စရေးလူတွေဟာ ယေဟောဝါကို ဆက်ဝတ်မပြုကြတော့ပေမဲ့ ကိုယ်တော် သူတို့ကို ကူညီပေးလိုစိတ်ရှိနေဆဲပဲ။ (ဟေရှာ. ၁:၁၆-၁၉) ယနေ့အချိန်မှာလည်း ကျွန်ုပ်တို့မှာ ဘယ်လိုပြဿနာမျိုးပဲ ရှိနေပါစေ ယေဟောဝါက ကျွန်ုပ်တို့ကို ဂရုစိုက်တယ်၊ ကိုယ်တော် ကျွန်ုပ်တို့ကို ကူညီပေးချင်တယ်ဆိုတာကို သိထားတာက နှစ်သိမ့်မှုခံစားရနိုင်ပါတယ်။ (၁ ပေ. ၅:၇) မိမိကို ဆက်ပြီးသစ္စာရှိနိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ကိုယ်တော်ပေးမယ်လို့တောင် ကတိပေးထားတယ်။—၁ ကော. ၁၀:၁၃။

၁၇ ကျွန်ုပ်တို့ဟာ သစ္စာရှိယောဘလို မတရားမှုတစ်မျိုးမျိုး ခံစားနေရတယ်ဆိုရင် အဲဒီမတရားမှုကိုဖြစ်စေသူဟာ ယေဟောဝါမဟုတ်ဘူးဆိုတာ သတိရဖို့လိုတယ်။ ယေဟောဝါက မတရားမှုကိုမုန်းပြီး ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးတယ်။ (ဆာ. ၃၃:၅) ကျွန်ုပ်တို့က ယောဘရဲ့မိတ်ဆွေ ဧလိဟုလို “ဒုစရိုက်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ” ဆိုပြီး အသိအမှတ်ပြုဝန်ခံရမယ်။ (ယောဘ ၃၄:၁၀) ယေဟောဝါဟာ အခက်အခဲပြဿနာတွေကို ဖြစ်ပေါ်စေမယ့်အစား “ကောင်းမြတ်သောဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှ” ကိုပေးတယ်။—ယာ. ၁:၁၃၊ ၁၇။

၁၈၊ ၁၉။ ယေဟောဝါကို ကျွန်ုပ်တို့ ဘာကြောင့် သံသယမဝင်သင့်သလဲ။ ဥပမာပေးပါ။

၁၈ ယေဟောဝါကို ဘယ်တော့မှ သံသယမဝင်ပါနဲ့။ ဘုရားသခင်က ပြည့်ဝစုံလင်တယ်၊ ကိုယ်တော့်အကြံအစည်က ကျွန်ုပ်တို့ရဲ့အကြံအစည်ထက် ပိုမြင့်တယ်။ (ဟေရှာ. ၅၅:၈၊ ၉) အချက်အလက်အားလုံးကို ကျွန်ုပ်တို့မသိနိုင်ဘူးဆိုတာကို နှိမ့်ချကျိုးနွံစွာ အသိအမှတ်ပြုသင့်တယ်။ (ရော. ၉:၂၀) အခြေအနေတစ်ခုနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို အများအားဖြင့် ကျွန်ုပ်တို့ မသိကြဘူး။ ဒါကြောင့် ဒီသုတ္တံစကားရဲ့မှန်ကန်မှုကို သင်ကိုယ်တိုင် ကြုံတွေ့ဖူးမှာ သေချာပါတယ်– “ကိုယ့်အမှုကို အဦးလျှောက်လဲသောသူသည် မှန်ဟန်ရှိသော်လည်း တစ်ဖက်သားလာ၍ စစ်ကြောတတ်၏။”—သု. ၁၈:၁၇၊ သမ္မာကျမ်းစာတော်။

၁၉ ဥပမာ၊ ကျွန်ုပ်တို့ ယုံကြည်စိတ်ချရတဲ့မိတ်ဆွေတစ်ယောက်က ကျွန်ုပ်တို့ ချက်ချင်းနားမလည်တဲ့ အရာတစ်ခုခုကို လုပ်လိုက်တယ်၊ ဒါမှမဟုတ် သူ လုပ်နေကျမဟုတ်တဲ့အရာတစ်ခုကို လုပ်နေတယ်ဆိုပါစို့။ သူအမှားလုပ်နေပြီလို့ ကျွန်ုပ်တို့ ချက်ချင်း စွပ်စွဲမလား။ စွပ်စွဲမှာမဟုတ်ဘူး။ အဲဒီအစား အဖြစ်အပျက်ရဲ့ အချက်အလက်အားလုံးကို ကျွန်ုပ်တို့ မသိဘူးလို့ စဉ်းစားမှာဖြစ်တယ်။ မစုံလင်တဲ့ ကျွန်ုပ်တို့ရဲ့မိတ်ဆွေတွေကိုတောင် ကျွန်ုပ်တို့ အဲဒီလို ဆက်ဆံလိုတဲ့သဘောထား ရှိတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင်ကို ပိုပြီးတော့တောင် ယုံကြည်စိတ်ချသင့်ပါတယ်။ ကိုယ်တော့်နည်းလမ်းတွေနဲ့ အကြံအစည်တွေက ကျွန်ုပ်တို့ရဲ့နည်းလမ်း၊ အကြံအစည်တွေထက် ပိုမြင့်ပါတယ်။

၂၀၊ ၂၁။ ကျွန်ုပ်တို့ရဲ့ပြဿနာတွေအတွက် ဘာကြောင့် ယေဟောဝါကို အပြစ်မတင်သင့်သလဲ။

၂၀ ပြဿနာတွေရဲ့ တကယ့်အကြောင်းရင်းကို သတိရပါ။ ကျွန်ုပ်တို့ရဲ့ပြဿနာတချို့က ကျွန်ုပ်တို့ကိုယ်တိုင်ကြောင့် ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့သိဖို့လိုတယ်။ (ဂလ. ၆:၇) အဲဒီပြဿနာတွေအတွက် ယေဟောဝါကို အပြစ်မတင်သင့်ဘူး။ ဘာကြောင့်လဲ။ ဒီဥပမာကို စဉ်းစားကြည့်ပါ– ကားတစ်စီးကို အရှိန်မြင့်မြင့်နဲ့ မောင်းလို့ရတယ်ဆိုပါစို့။ လမ်းကွေ့တစ်နေရာမှာ ကားသမားက အရှိန်ပြင်းပြင်းနဲ့မောင်းလိုက်လို့ ကားမှောက်သွားတယ်။ ဒီမတော်တဆမှုအတွက် ကားထုတ်တဲ့စက်ရုံကို အပြစ်တင်လို့ရမလား။ မရပါဘူး။ အဲဒီလိုပဲ ယေဟောဝါက ကျွန်ုပ်တို့ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ လွတ်လပ်ခွင့်ပေးထားတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လမ်းညွှန်ချက်တွေလည်း ပေးထားတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အမှားတွေလုပ်မိတဲ့အခါ ယေဟောဝါကို အပြစ်မတင်သင့်ဘူး။

၂၁ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ပြဿနာတွေအားလုံးက ကျွန်ုပ်တို့ရဲ့ အပြစ်တွေ၊ အမှားတွေကြောင့်ပဲတော့ မဟုတ်ပါဘူး။ တချို့အဖြစ်အပျက်တွေက “မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်” ဖြစ်တာပါ။ (ဒေ. ၉:၁၁၊ ကဘ) ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဆိုးသွမ်းမှုတွေရဲ့ အဓိကတရားခံက စာတန်မာရ်နတ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ (၁ ယော. ၅:၁၉; ဗျာ. ၁၂:၉) ရန်သူက စာတန်ပဲ၊ ယေဟောဝါမဟုတ်ဘူး။—၁ ပေ. ၅:၈။

ယေဟောဝါနဲ့ သင့်ရဲ့အဖိုးတန်ဆက်ဆံရေးကို ကာကွယ်ပါ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ယောရှုနဲ့ ကာလက် ယေဟောဝါကို ယုံကြည်အားကိုးခဲ့လို့ ကောင်းချီးခံစားရ (အပိုဒ် ၂၂ ကိုကြည့်)

၂၂၊ ၂၃။ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျလာရင် ကျွန်ုပ်တို့ ဘာကို သတိရသင့်သလဲ။

၂၂ အခက်အခဲပြဿနာတွေနဲ့ သင် ရင်ဆိုင်နေရတဲ့အခါ ယောရှုနဲ့ ကာလက်ကို သတိရပါ။ တခြား သူလျှိုဆယ်ယောက်က မကောင်းသတင်းပဲပြောပေမဲ့ သူတို့နှစ်ယောက်က ကောင်းတာပဲ ပြောတယ်။ (တော. ၁၄:၆-၉) ယေဟောဝါကို ယုံကြည်ကြောင်း သူတို့ တင်ပြခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ တခြားအစ္စရေးလူတွေနဲ့အတူ တောထဲမှာ အနှစ် ၄၀ လှည့်လည်သွားလာခဲ့ရတယ်။ အပြစ်မရှိဘဲ အဲဒီလိုဒုက္ခခံရလို့ သူတို့နှစ်ယောက် ယေဟောဝါကို စိတ်နာကြည်းပြီး အပြစ်တင်ခဲ့သလား။ အဲဒီလိုမလုပ်ခဲ့ပါဘူး။ သူတို့ ယေဟောဝါကို ယုံကြည်အားကိုးခဲ့တယ်၊ အဲဒီအတွက် ကိုယ်တော်ကလည်း သူတို့ကို ကောင်းချီးပေးခဲ့တယ်။ သူတို့နဲ့သက်တူရွယ်တူတွေအားလုံး တောထဲမှာ သေဆုံးခဲ့ရပေမဲ့ သူတို့နှစ်ယောက်ကတော့ နောက်ဆုံးမှာ ကတိထားရာပြည်ထဲ ဝင်ခွင့်ရခဲ့တယ်။ (တော. ၁၄:၃၀) အဲဒီလိုပဲ ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့အလိုတော်ဆောင်ရာမှာ “နွမ်းလျခြင်းမရှိ” ဘူးဆိုရင် ကိုယ်တော် ကောင်းချီးပေးပါလိမ့်မယ်။—ဂလ. ၆:၉; ဟေဗြဲ ၆:၁၀။

၂၃ သင်ဟာ သင့်ရဲ့ပြဿနာတွေ၊ တခြားသူတွေရဲ့အားနည်းချက်တွေ၊ သင်ကိုယ်တိုင်လုပ်မိတဲ့ အမှားတွေကြောင့် စိတ်ဓာတ်ကျနေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ ယေဟောဝါရဲ့ ကောင်းမြတ်လှတဲ့အရည်အသွေးတွေကို သတိရပါ။ ယေဟောဝါ သင့်ကိုပေးထားတဲ့ မျှော်လင့်ချက်ကို မြင်ယောင်ပါ။ ‘ငါ့ဘဝမှာ ယေဟောဝါသာမရှိရင် ငါဘယ်လိုဖြစ်နေမလဲ’ လို့ ကိုယ့်ကိုယ်ကို မေးပါ။ ကိုယ်တော်နဲ့ အမြဲ နီးနီးကပ်ကပ်နေပါ၊ စိတ်နှလုံးထဲကနေ ကိုယ်တော့်ကို ဘယ်တော့မှ ဒေါသမထွက်မိပါစေနဲ့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ