ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ အောက်တိုဘာ စာ. ၈-၁၂
  • သူစိမ်းတွေကို ​ကြင်နာမှုပြဖို့ မမေ့ပါနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူစိမ်းတွေကို ​ကြင်နာမှုပြဖို့ မမေ့ပါနဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူစိမ်းတွေအပေါ် ယေဟောဝါရဲ့ သဘောထား
  • သူစိမ်းတွေနဲ့ပတ်သက်တဲ့ သဘောထားကို ပြုပြင်ဖို့ လိုအပ်သလား
  • သူစိမ်းတွေကို ကြင်နာမှု ပြနိုင်ပုံ
  • လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ
  • မဖြစ်နိုင်ပုံပေါက်သည့် ဗောဇနှင့် ရုသတို့၏လက်ထပ်မင်္ဂလာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “မွန်မြတ်တဲ့ အမျိုးသမီး”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ‘မွန်မြတ်သော အမျိုးသမီး’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ရုသဝတ္ထုမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ အောက်တိုဘာ စာ. ၈-၁၂
နိုင်ငံခြားတိုင်းပြည်မှာ ​လူငယ်တစ်ယောက် လမ်းရှာနေစဉ်

သူစိမ်းတွေကို ကြင်နာမှုပြဖို့ မမေ့ပါနဲ့

“ဧည့်ဝတ်ပြုခြင်း [သူစိမ်းတွေကို ကြင်နာမှုပြခြင်း] အမှု ကို မမေ့လျော့ကြနှင့်။” —ဟေဗြဲ ၁၃:၂။

သီချင်း– ၁၂၄၊ ၇၉

သင် ဘယ်လိုဖြေမလဲ

  • သူစိမ်းတွေနဲ့ပတ်သက်တဲ့ သဘောထားကို ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်နိုင်သလဲ။

  • ရုသနဲ့ဆက်ဆံရာမှာ သူစိမ်းတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ သဘောထားမျိုး ရှိကြောင်း ဗောဇ ဘယ်လို တင်ပြခဲ့သလဲ။

  • သူစိမ်းတွေကို ဘယ်လို ကြင်နာမှု ပြနိုင်သလဲ။

၁၊ ၂။ (က) ဒီနေ့ ဘယ်အခက်အခဲတွေကို သူစိမ်းတွေ ရင်ဆိုင်နေရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) တမန်တော် ပေါလု ဘယ်လို တိုက်တွန်းခဲ့သလဲ။ ဘာမေးခွန်းတွေ ပေါ်လာသလဲ။

ဩစေး[၁] ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်တုန်းက ဂါနာနိုင်ငံကနေ ဥရောပကို ရောက်လာတယ်။ အဲဒီတုန်းကတော့ သက်သေခံ မဖြစ်သေးဘူး။ “လူအများစုက ကျွန်တော့်ကို ဂရုမစိုက်ကြမှန်း မကြာခင်မှာပဲ သဘောပေါက်လာတယ်။ ရာသီဥတုကိုလည်း အတော်အံ့သြမိတယ်။ လေယာဉ်ကွင်းထဲကနေ ထွက်လာတော့ ဘဝမှာ ပထမဆုံးအကြိမ် အအေးဒဏ်ကို ခံစားလိုက်ရလို့ ငိုမိတယ်။” လို့ပြောတယ်။ ဘာသာစကား အခက်အခဲကြောင့် တစ်နှစ်ကျော်အထိ သင့်တော်တဲ့အလုပ် ရှာမတွေ့ခဲ့ဘူး။ မိသားစုနဲ့ ဝေးနေတဲ့အတွက် အထီးကျန်ပြီး အိမ်ကို လွမ်းမိတယ်။

၂ သင်သာ အဲဒီအခြေအနေမျိုးမှာဆိုရင် တခြားသူတွေ ဘယ်လို ဆက်ဆံတာကို လိုချင်မလဲ။ ဘယ်လူမျိုး၊ ဘယ်အသားအရောင်ကိုမဆို နိုင်ငံတော်ခန်းမမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အတွက် သင်ကျေးဇူးတင်မယ် မဟုတ်လား။ ကျမ်းစာမှာ “ဧည့်ဝတ်ပြုခြင်းအမှုကို မမေ့လျော့ကြ” ဖို့၊ တစ်နည်းအားဖြင့် သူစိမ်းတွေကို ကြင်နာမှု ပြကြဖို့ ခရစ်ယာန်စစ်တွေကို တိုက်တွန်းထားတယ်။ (ဟေဗြဲ ၁၃:၂) ဒါကြောင့် အောက်ပါမေးခွန်းတွေကို ဆွေးနွေးကြစို့– သူစိမ်းတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ သူစိမ်းတွေနဲ့ပတ်သက်တဲ့ သဘောထားကို ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်နိုင်သလဲ။ အသင်းတော်မှာ နိုင်ငံခြားသားတွေကို ဘယ်လို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်သလဲ။

သူစိမ်းတွေအပေါ် ယေဟောဝါရဲ့ သဘောထား

၃၊ ၄။ ထွက်မြောက်ရာ ၂၃:၉ အရ နိုင်ငံခြားသားတွေကို ဘယ်လို ဆက်ဆံဖို့ အစ္စရေးတွေကို ဘုရားသခင် တောင်းဆိုခဲ့သလဲ။ ဘာကြောင့်လဲ။

၃ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ယေဟောဝါ ကယ်တင်ပြီးတဲ့နောက် ပညတ်တွေ ပေးခဲ့တယ်။ အဲဒီမှာ သူတို့နဲ့အတူ လိုက်ပါလာတဲ့ လူမျိုးခြားတွေကို အထူးကြင်နာမှုပြဖို့ ပညတ်တွေလည်း ပါတယ်။ (ထွ. ၁၂:၃၈၊ ၄၉။ ၂၂:၂၁) နိုင်ငံခြားသားတွေဟာ အခွင့်အရေး သိပ်မရတတ်ကြတော့ သူတို့အတွက် ယေဟောဝါ မေတ္တာပါပါ ပြင်ဆင်ပေးတယ်။ တစ်နည်းကတော့ ကောက်သင်းကောက်ခွင့် ပေးခြင်းပါပဲ။—ဝတ်. ၁၉:၉၊ ၁၀။

၄ နိုင်ငံခြားသားတွေကို လေးစားဖို့သာမက ကိုယ်ချင်းစာဖို့လည်း အစ္စရေးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (ထွက်မြောက်ရာ ၂၃:၉ ကိုဖတ်ပါ။) နိုင်ငံခြားသား ဖြစ်ရတာ ဘယ်လိုလဲဆိုတာ သူတို့ သိတယ်။ အီဂျစ်ပြည်မှာ ကျွန်မဖြစ်ခင်ကတည်းက အီဂျစ်တွေရဲ့ လူမျိုးရေး၊ ဘာသာရေးအစွဲကြောင့် သူတို့ ရှောင်ကြဉ်ခံရကြတယ်။ (က. ၄၃:၃၂။ ၄၆:၃၄။ ထွ. ၁:၁၁-၁၄) တိုင်းတစ်ပါးသားတွေအဖြစ် ခါးသီးတဲ့ဘဝကို ခံစားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အလယ်မှာရှိတဲ့ နိုင်ငံခြားသားတွေကို “ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်” လို့ ယေဟောဝါ တောင်းဆိုတယ်။—ဝတ်. ၁၉:၃၃၊ ၃၄။

၅။ နိုင်ငံခြားသားတွေကို ယေဟောဝါလို ကြင်နာမှုပြဖို့ ဘာက ကူညီပေးမလဲ။

၅ ဒီနေ့လည်း အသင်းတော်မှာ အစည်းအဝေးတွေ တက်နေတဲ့ နိုင်ငံခြားသားတွေကို ယေဟောဝါ ထပ်တူထပ်မျှ စိတ်ဝင်စားတယ်။ (တရား. ၁၀:၁၇-၁၉။ မာလ. ၃:၅၊ ၆) ခွဲခြားဆက်ဆံခံရတာ၊ ဘာသာစကား အတားအဆီး စတဲ့ အခက်အခဲတွေကို စဉ်းစားကြည့်မယ်ဆိုရင် သူတို့အပေါ် ကြင်နာမှု၊ စာနာမှုပြဖို့ နည်းလမ်းတွေ ရှာတွေ့ပါလိမ့်မယ်။—၁ ပေ. ၃:၈။

သူစိမ်းတွေနဲ့ပတ်သက်တဲ့ သဘောထားကို ပြုပြင်ဖို့ လိုအပ်သလား

၆၊ ၇။ အမြစ်တွယ်နေတဲ့ အစွဲတွေကို ဖျောက်ဖျက်ဖို့ ပထမရာစု ခရစ်ယာန်တွေ ကြိုးစားခဲ့ကြမှန်း ဘာက ဖော်ပြသလဲ။

၆ ပထမရာစု ခရစ်ယာန်တွေဟာ ဂျူးတွေကြားမှာ အမြစ်တွယ်နေတဲ့ အစွဲတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ရတယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲမှာ ဂျေရုဆလင်မှာ နေထိုင်တဲ့ ခရစ်ယာန်တွေဟာ နယ်မြေအသီးသီးကနေ ရောက်လာတဲ့ ဘာသာဝင်လူသစ်တွေကို ဧည့်ဝတ်ပြုခဲ့ကြတယ်။ (တ. ၂:၅၊ ၄၄-၄၇) တိုင်းတစ်ပါးက ယုံကြည်သူချင်းတွေကို ဂျူးခရစ်ယာန်တွေ မေတ္တာပြတာက “ဧည့်ဝတ်ပြုခြင်း” ရဲ့ အဓိပ္ပာယ်ကို နားလည်မှန်း ဖော်ပြတယ်။

၇ ဒါပေမဲ့ အသင်းတော် ကြီးလာတာနဲ့အမျှ ခွဲခြားဆက်ဆံမှု ပြဿနာ ပေါ်ပေါက်လာတယ်။ ဂရိစကားပြောဂျူးတွေက သူတို့ရဲ့ မုဆိုးမတွေကို မျှမျှတတ မဆက်ဆံဘူးလို့ ညည်းညူလာကြတယ်။ (တ. ၆:၁) ဒီပြဿနာကို ဖြေရှင်းဖို့ အမျိုးသား ခုနစ်ယောက်ကို တမန်တော်တွေ ခန့်အပ်ခဲ့တယ်။ သူတို့အားလုံးမှာ ဂရိနာမည်တွေ ရှိတာကို ကြည့်ခြင်းအားဖြင့် အစောပိုင်း ခရစ်ယာန်တွေကြားမှာ ရှိနိုင်တဲ့ လူမျိုးရေး တင်းမာမှုတွေကို ဖြေရှင်းချင်မှန်း ဖော်ပြတယ်။—တ. ၆:၂-၆။

၈၊ ၉။ (က) တစ်ဖက်သတ်အစွဲ ဒါမှမဟုတ် လူမျိုးရေးမာန ရှိမှန်း ဘာက ဖော်ပြနိုင်သလဲ။ (ခ) ဘာကို စိတ်နှလုံးထဲကနေ အမြစ်ပါမကျန် ဖျောက်ဖျက်ပစ်ရမလဲ။ (၁ ပေ. ၁:၂၂)

၈ ကျွန်တော်တို့အားလုံး သိသိမသိသိ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုကို ခံရကြတယ်။ (ရော. ၁၂:၂) အိမ်နီးချင်း၊ အလုပ်ဖော်၊ အတန်းဖော်တွေက တခြားနောက်ခံ၊ လူမျိုး၊ အသားအရောင် ရှိသူတွေကို ချိုးချိုးနှိမ်နှိမ် ပြောတာကိုလည်း ကြားရနိုင်တယ်။ အဲဒီလို တစ်ဖက်စောင်းနင်း သဘောထားတွေ ကျွန်တော်တို့ကို လွှမ်းမိုးနေသလား။ ကိုယ့်လူမျိုး၊ ယဉ်ကျေးမှုကို ဟာသလုပ်ပြောတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။

၉ တမန်တော် ပေတရုဟာ ဂျူးမဟုတ်သူတွေအပေါ် အချိန်အတိုင်းအတာတစ်ခုအထိ တစ်ဖက်သတ်အစွဲ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီမကောင်းတဲ့ သဘောထားကို စိတ်နှလုံးထဲကနေ တဖြည်းဖြည်း ဖျောက်ဖျက်ခဲ့တယ်။ (တ. ၁၀:၂၈၊ ၃၄၊ ၃၅။ ဂလ. ၂:၁၁-၁၄) ကျွန်တော်တို့မှာလည်း အစွဲတစ်ခုခု ဒါမှမဟုတ် လူမျိုးရေးမာန ရှိနေရင် စိတ်နှလုံးထဲကနေ အမြစ်ပါမကျန် ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားသင့်တယ်။ (၁ ပေတရု ၁:၂၂ ကိုဖတ်ပါ။) ကျွန်တော်တို့ ဘယ်သူမှ ကယ်တင်ခြင်းနဲ့ မထိုက်တန်မှန်း၊ ဘယ်လူမျိုးဖြစ်ဖြစ် မစုံလင်သူတွေ ဖြစ်မှန်း သတိရသင့်တယ်။ (ရော. ၃:၉၊ ၁၀၊ ၂၁-၂၄) ဒါကြောင့် တခြားသူတွေထက် ပိုသာတယ်လို့ မခံစားသင့်ဘူး။ (၁ ကော. ၄:၇) “သင်တို့သည် သူစိမ်းများ၊ တိုင်းတစ်ပါးဧည့်သည်များ မဟုတ်တော့ဘဲ . . . ဘုရားသခင့် အိမ်ထောင်စုဝင်များ ဖြစ်လာကြ၏” လို့ ဘိသိက်ခံ ခရစ်ယာန်တွေကို သတိပေးခဲ့တဲ့ တမန်တော် ပေါလုလို သဘောထားမျိုး ရှိသင့်တယ်။ (ဧ. ၂:၁၉) နောက်ခံမတူသူတွေနဲ့ပတ်သက်တဲ့ တစ်ဖက်သတ်အစွဲတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားမယ်ဆိုရင် စရိုက်သစ်ကို ဝတ်ဆင်ဖို့ အကူအညီ ရပါလိမ့်မယ်။—ကော. ၃:၁၀၊ ၁၁။

သူစိမ်းတွေကို ကြင်နာမှု ပြနိုင်ပုံ

၁၀၊ ၁၁။ မောဘသူ ရုသနဲ့ဆက်ဆံရာမှာ သူစိမ်းတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ သဘောထားမျိုး ရှိကြောင်း ဗောဇ ဘယ်လို တင်ပြခဲ့သလဲ။

၁၀ ဗောဇဟာ မောဘသူ ရုသနဲ့ဆက်ဆံရာမှာ သူစိမ်းတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့ သဘောထားကို တင်ပြခဲ့တယ်။ ကောက်ရိတ်ချိန်အတွင်း လယ်ကို လာစစ်ဆေးတဲ့အခါ ကောက်ရိတ်သမားတွေနောက်မှာ ကောက်သင်းကောက်နေတဲ့ နိုင်ငံခြားသူ ရုသကို ဗောဇ သတိထားမိတယ်။ ကောက်သင်းကောက်ပိုင်ခွင့် ရှိပေမဲ့ ခွင့်တောင်းပြီးမှ ကောက်မှန်း ကြားသိတဲ့အခါ ကောက်လှိုင်းစုထဲမှာ ကောက်ဖို့ ရက်ရက်ရောရော ခွင့်ပြုခဲ့တယ်။—ရုသ ၂:၅–၇၊ ၁၅၊ ၁၆ ကိုဖတ်ပါ။

၁၁ ဗောဇဟာ နိုင်ငံခြားသားအဖြစ် ရုသရဲ့ ခက်ခဲတဲ့ အခြေအနေကို စိတ်ဝင်စားမှန်း နောက်ပိုင်းအဖြစ်အပျက်တွေမှာ တွေ့ရတယ်။ အလုပ်သမားတွေရဲ့ နှောင့်ယှက်မှု မခံရဖို့ သူ့ရဲ့အလုပ်သမတွေနဲ့အတူ နေပါလို့ ရုသကို ပြောခဲ့တယ်။ သူ့အလုပ်သမားတွေလိုပဲ အစားအသောက် အလုံအလောက်ရဖို့ စီစဉ်ပေးခဲ့တယ်။ ဆင်းရဲတဲ့ နိုင်ငံခြားသူကို မနှိမ်ဘဲ နှစ်သိမ့်ပေးခဲ့တယ်။—ရု. ၂:၈-၁၀၊ ၁၃၊ ၁၄။

၁၂။ သူစိမ်းတွေကို ကြင်နာမှုပြခြင်းက ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲ။

၁၂ ယောက္ခမ နောမိကို ခိုင်မြဲတဲ့မေတ္တာ ပြရုံမက ယေဟောဝါကို ဝတ်ပြုလာတဲ့ ရုသကို ဗောဇ အထင်ကြီးမိတယ်။ ‘အစ္စရေးအမျိုး၏ ဘုရားသခင်အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်’ တဲ့ အမျိုးသမီးအပေါ်ပြတဲ့ ဗောဇရဲ့ ကြင်နာမှုဟာ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာပါပဲ။ (ရု. ၂:၁၂၊ ၂၀။ သု. ၁၉:၁၇) ဒီနေ့လည်း ကျွန်တော်တို့ရဲ့ ကြင်နာတဲ့လုပ်ရပ်က “လူအမျိုးမျိုး” အမှန်တရား သိလာဖို့၊ ယေဟောဝါရဲ့ မေတ္တာကို ခံစားရဖို့ ကူညီပေးနိုင်တယ်။—၁ တိ. ၂:၃၊ ၄။

​မိသားစုတစ်စုက နိုင်ငံခြားကနေ ရောက်လာတဲ့ လူသစ်ကို နိုင်ငံတော်ခန်းမမှာ ကြိုဆိုနေစဉ်

နိုင်ငံတော်ခန်းမကို ရောက်လာတဲ့သူစိမ်းတွေကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုသလား (အပိုဒ် ၁၃၊ ၁၄ ကိုကြည့်ပါ)

၁၃၊ ၁၄။ (က) နိုင်ငံတော်ခန်းမမှာ သူစိမ်းတွေကို နှုတ်ဆက်ဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ။ (ခ) ယဉ်ကျေးမှု မတူသူတွေကို ချဉ်းကပ်ရတာ ကသိကအောက်မဖြစ်ဖို့ ဘာလုပ်နိုင်သလဲ။

၁၃ နိုင်ငံတော်ခန်းမမှာ သူစိမ်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းအားဖြင့် ကြင်နာမှု ပြနိုင်တယ်။ ပြောင်းရွှေ့လာခါစလူသစ်တွေဟာ တစ်ခါတလေ ရှက်ကြောက်ပြီး သူတို့ဘာသာသူတို့ သီးသန့်နေတာကို သတိထားမိနိုင်တယ်။ သူတို့ရဲ့နောက်ခံ၊ အဆင့်အတန်းကြောင့် တခြားလူမျိုးတွေထက် နိမ့်ကျတယ်လို့ ခံစားရနိုင်တယ်။ ဒါကြောင့် ကိုယ့်ဘက်က အစပြုပြီး စိတ်ဝင်စားမှု ပြသင့်တယ်။ JW Language app မှာ သူတို့ရဲ့ဘာသာစကား ရှိမယ်ဆိုရင် နှုတ်ဆက်စကား ပြောနည်းတွေကို သင်ယူထားနိုင်တယ်။—ဖိလိပ္ပိ ၂:၃၊ ၄ ကိုဖတ်ပါ။

၁၄ ယဉ်ကျေးမှု မတူသူတွေကို ချဉ်းကပ်ရတာ သင် ကသိကအောက် ဖြစ်နိုင်တယ်။ အဲဒီလိုမဖြစ်ဖို့ ကိုယ့်အကြောင်း ပြောပြနိုင်တယ်။ သင်တို့မှာ ဆင်တူချက်များစွာ ရှိမှန်း မကြာခင် သိလာပါလိမ့်မယ်။ ယဉ်ကျေးမှုတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြတယ်။

လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ

၁၅။ နိုင်ငံသစ်မှာ နေသားကျဖို့ ကြိုးစားနေသူတွေကို ပိုနားလည်နိုင်အောင် ဘာက ကူညီပေးမလဲ။

၁၅ တခြားသူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါသာ နိုင်ငံခြားရောက်နေမယ်ဆိုရင် ဘယ်လိုဆက်ဆံခံချင်သလဲ။’ (မ. ၇:၁၂) နိုင်ငံသစ်မှာ နေသားကျဖို့ ကြိုးစားနေသူတွေအပေါ် စိတ်ရှည်ပါ။ အစပိုင်းမှာတော့ သူတို့ရဲ့ စဉ်းစားပုံ၊ တုံ့ပြန်ပုံကို အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ယဉ်ကျေးမှုကို လက်ခံဖို့ ဖိအားပေးမယ့်အစား သူတို့ကို အရှိအတိုင်း လက်ခံပေးပါ။—ရောမ ၁၅:၇ ကိုဖတ်ပါ။

၁၆၊ ၁၇။ (က) နောက်ခံမတူသူတွေနဲ့ ပိုရင်းနှီးလာအောင် ဘာတွေ အစပြုလုပ်ဆောင်နိုင်သလဲ။ (ခ) အသင်းတော်မှာ ပြောင်းရွှေ့လာသူတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီပေးနိုင်သလဲ။

၁၆ နိုင်ငံခြားသားတွေရဲ့ နိုင်ငံနဲ့ ယဉ်ကျေးမှုအကြောင်း သိလာတဲ့အခါ သူတို့နဲ့ဆက်သွယ်ဖို့ လွယ်ကူလာနိုင်တယ်။ အသင်းတော်မှာ၊ ရပ်ကွက်မှာ ကိုယ်နဲ့ မသိကျွမ်းတဲ့လူမျိုးတွေအကြောင်း မိသားစုဝတ်ပြုမှုမှာ ရှာဖွေလေ့လာနိုင်တယ်။ နောက်ခံမတူသူတွေနဲ့ ပိုရင်းနှီးနိုင်တဲ့ နောက်တစ်နည်းကတော့ အိမ်မှာ ထမင်းစားဖိတ်ခြင်းပါပဲ။ ယေဟောဝါက “လူမျိုးခြားတို့အတွက် ယုံကြည်ခြင်းတံခါး ဖွင့်” ပေးခဲ့သလို ကျွန်တော်တို့လည်း “ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့” အတွက် အိမ်တံခါး ဖွင့်ထားနိုင်ပါတယ်။—တ. ၁၄:၂၇။ ဂလ. ၆:၁၀။ ယောဘ ၃၁:၃၂။

နိုင်ငံခြားက ရောက်လာတဲ့ လူသစ်ကို ​မိသားစုတစ်ခု ဧည့်ဝတ်ပြုနေစဉ်

တခြားနိုင်ငံကလာတဲ့ လူသစ်တွေကို ကြင်ကြင်နာနာ ဧည့်ဝတ်ပြုသလား (အပိုဒ် ၁၆၊ ၁၇ ကိုကြည့်ပါ)

၁၇ ပြောင်းရွှေ့လာတဲ့ မိသားစုကို အချိန်ပေးပေါင်းသင်းတဲ့အခါ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့ သူတို့ကြိုးစားနေတာကို ပိုလေးမြတ်လာပါလိမ့်မယ်။ ဘာသာစကား သင်ယူဖို့ အကူအညီ လိုအပ်နေမှန်း သိလာနိုင်တယ်။ သင့်တော်တဲ့အိမ်၊ အလုပ်အကိုင် ရဖို့ ကူညီပေးနိုင်တယ်။ အဲဒီလို အစပြုလုပ်ဆောင်မှုတွေက သူတို့ရဲ့ဘဝကို အကြီးအကျယ် အထောက်အကူ ဖြစ်စေနိုင်တယ်။—သု. ၃:၂၇။

၁၈။ ပြောင်းရွှေ့လာသူတွေဟာ လေးစားမှု၊ ကျေးဇူးတင်မှုနဲ့ပတ်သက်ပြီး ဘယ်ပုံသက်သေကို တုပနိုင်သလဲ။

၁၈ ပြောင်းရွှေ့လာသူတွေဟာ နိုင်ငံသစ်ရဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားချင်ကြတယ်။ ဒီကိစ္စမှာ ရုသ ပုံသက်သေကောင်း ပြခဲ့တယ်။ ကောက်သင်းကောက်ဖို့ ခွင့်တောင်းခြင်းအားဖြင့် နိုင်ငံသစ်ရဲ့ ဓလေ့ထုံးစံတွေကို လေးစားကြောင်း ပြခဲ့တယ်။ (ရု. ၂:၇) ပိုင်စိုးပိုင်နင်း သဘောထားနဲ့ အခွင့်ကောင်း မယူခဲ့ဘူး။ သူ့အပေါ်ပြတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ (ရု. ၂:၁၃) ပြောင်းရွှေ့လာသူတွေ ဒီလိုကောင်းတဲ့သဘောထား တင်ပြတဲ့အခါ ဒေသခံတွေနဲ့ ယုံကြည်သူချင်းတွေရဲ့ လေးစားမှု ပိုရရှိလာနိုင်တယ်။

၁၉။ သူစိမ်းတွေကို ကြိုဆိုဖို့ ဘာအကြောင်းရင်းတွေ ရှိသလဲ။

၁၉ နောက်ခံအမျိုးမျိုးရှိသူတွေ သတင်းကောင်း ကြားရဖို့ ယေဟောဝါ မဟာကရုဏာပြနေတာ ကျေးဇူးတင်စရာပဲ။ နေရင်းပြည်မှာ ကျမ်းစာလေ့လာဖို့၊ ယေဟောဝါရဲ့ လူမျိုးနဲ့ လွတ်လွတ်လပ်လပ် ပေါင်းသင်းဖို့ အခွင့်မသာသူတွေ ဖြစ်နိုင်တယ်။ အခုတော့ ကျွန်တော်တို့နဲ့ ပေါင်းသင်းဖို့ အခွင့်အရေး ရလာကြတယ်။ သူတို့ကို သူစိမ်းတွေလို မခံစားရအောင် ကူညီပေးသင့်ပါတယ်။ ကျွန်တော်တို့ အကန့်အသတ်နဲ့ပဲ ကူညီပေးနိုင်ပေမဲ့ သူတို့အပေါ်ပြတဲ့ ကြင်နာမှုဟာ ယေဟောဝါရဲ့ မေတ္တာကို ထင်ဟပ်စေတယ်။ ဒါကြောင့် “ဘုရားသခင်ကို တုပကြ” သူတွေအနေနဲ့ သူစိမ်းတွေကို ကြိုဆိုဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါစို့။—ဧ. ၅:၁၊ ၂။

^ [၁] (အပိုဒ် ၁) နာမည်ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ