ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဖေဖော်ဝါရီ စာ. ၃၁-၃၂
  • “ရှည်လျားကြမ်းတမ်းလွန်းတဲ့ လမ်းရယ်လို့ မရှိဘူး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရှည်လျားကြမ်းတမ်းလွန်းတဲ့ လမ်းရယ်လို့ မရှိဘူး”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ရှေ့ဆောင်တွေ စတင်ဟောပြောကြ
  • အခက်အခဲတွေကို ကျော်လွှားခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဖေဖော်ဝါရီ စာ. ၃၁-၃၂
ဂျော့ရိုစတန်နဲ့ အာသာဝီလီတို့ ကားရေတိုင်ကီမှာ ရေဖြည့်နေစဉ်။​—⁠မြောက်ပိုင်းဒေသ၊ ၁၉၃၃

ရှေ့ဆောင် ဂျော့ရိုစတန်နဲ့ အာသာဝီလီတို့ ကားရေတိုင်ကီမှာ ရေဖြည့်နေစဉ်။—မြောက်ပိုင်းဒေသ၊ ၁၉၃၃

မော်ကွန်းတိုက်မှ

“ရှည်လျားကြမ်းတမ်းလွန်းတဲ့ လမ်းရယ်လို့ မရှိဘူး”

၁၉၃၇၊ မတ်လမှာ ပင်ပန်းနွမ်းနယ်နေတဲ့ ခရီးသွားနှစ်ယောက်ဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ထဲ ညစ်ပေနေတဲ့ကားကို ဖြည်းဖြည်းမောင်း ဝင်လာတယ်။ လွန်ခဲ့တဲ့နှစ်က ထွက်သွားပြီး လမ်းခရီးတစ်လျှောက် ဝေးလံခက်ခဲကြမ်းတမ်းတဲ့ နေရာတွေကို မိုင် ၁၂,၀၀၀ (၁၉,၃၀၀ ကီလိုမီတာ) ခရီးနှင်ခဲ့ကြတယ်။ ဒီလူတွေဟာ စူးစမ်းရှာဖွေသူတွေ၊ စွန့်စားသွားလာသူတွေတော့ မဟုတ်ကြဘူး။ ဩစတြေးလျတိုက်တစ်ဝန်း ဘုရားနိုင်ငံတော်သတင်း ရောက်ရှိဖို့ ဆုံးဖြတ်ထားတဲ့၊ စိတ်ထက်သန်တဲ့ ရှေ့ဆောင် အာသာဝီလီနဲ့ ဘီလ် နူးလန်းတို့ပါပဲ။

ဩစတြေးလျနိုင်ငံက ကျမ်းစာကျောင်းသားa အနည်းငယ်ဟာ ၁၉၂၀ ပြည့်လွန်နှစ် နှောင်းပိုင်းအထိ ဆိပ်ကမ်းမြို့တွေ၊ မြို့ကြီးတွေမှာပဲ အဓိက ဟောပြောခဲ့ကြတယ်။ ခြောက်သွေ့တဲ့၊ လူဦးရေ ပြန့်ကျဲတဲ့ ကုန်းတွင်းပိုင်းဒေသဟာ အမေရိကန်နိုင်ငံရဲ့ ထက်ဝက်လောက် ရှိတယ်။ ယေရှုရဲ့ နောက်လိုက်တွေဟာ ဝေးခေါင်တဲ့ ဩစတြေးလျကုန်းတွင်းပိုင်း အပါအဝင် “မြေကြီးစွန်းတိုင်အောင်” သက်သေခံရမယ်ဆိုတာ ညီအစ်ကိုတွေ ကောင်းကောင်း သိထားကြတယ်။ (တ. ၁:၈) ဒီတာဝန်ကြီးကို ဘယ်လို ပြီးမြောက်နိုင်မလဲ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချပြီး အကောင်းဆုံး လုပ်ဆောင်ဖို့ ညီအစ်ကိုတွေ စိတ်ပိုင်းဖြတ်ထားကြတယ်။

ရှေ့ဆောင်တွေ စတင်ဟောပြောကြ

၁၉၂၉ ခုနှစ်မှာ ကွင်းစလန်းနဲ့ ဩစတြေးလျအနောက်ပိုင်း အသင်းတော်တွေဟာ ကုန်းတွင်းပိုင်းဒေသတွေမှာ ဟောပြောဖို့ ကားတွေကို အသေအချာ ပြုပြင်တပ်ဆင်ခဲ့ကြတယ်။ ခက်ခဲတဲ့ အခြေအနေတွေကို ကိုင်တွယ်နိုင်ပြီး ကားပြင်တတ်တဲ့ ဒူပေနာပေခံ ရှေ့ဆောင်တွေက ကားတွေကို မောင်းကြတယ်။ ဒီရှေ့ဆောင်တွေဟာ တစ်ခါမှ သက်သေမခံဖူးတဲ့ ဒေသများစွာကို ရောက်ရှိခဲ့ကြတယ်။

ကားမရှိတဲ့ ရှေ့ဆောင်တွေက စက်ဘီးနဲ့ သွားကြတယ်။ ဥပမာ၊ ၂၃ နှစ်အရွယ် ဘဲန်းနက် ဘရစ်ကယ်ဟာ ကွင်းစလန်းပြည်နယ်၊ ရော့ဟမ်တန်ကနေ ထွက်ပြီး ဝေးခေါင်တဲ့ မြောက်ပိုင်းဒေသမှာ ငါးလကြာ သွားလာဟောပြောခဲ့တယ်။ သူ့စက်ဘီးပေါ်မှာ စောင်၊ အဝတ်အစား၊ အစားအသောက်၊ စာအုပ်တွေ အများကြီး သယ်သွားတယ်။ စက်ဘီးတာယာ ပေါက်သွားတော့ ယေဟောဝါ လမ်းပြမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ဆက်သွားခဲ့တယ်။ လူတွေ ရေငတ်သေဆုံးခဲ့ဖူးတဲ့နေရာကို ဖြတ်ပြီး မိုင် ၂၀၀ စက်ဘီး တွန်းသွားခဲ့တယ်။ နောက်အနှစ် ၃၀ ကျော်အထိ ညီအစ်ကို ဘရစ်ကယ်ဟာ ဩစတြေးလျနိုင်ငံတစ်ဝန်း စက်ဘီး၊ မော်တော်ဆိုက်ကယ်၊ ကားတို့နဲ့ မိုင်သောင်းနဲ့ချီ သွားလာခဲ့တယ်။ မူလတိုင်းရင်းသား အဘိုရီဂျင်တွေကို စတင်ဟောပြောခဲ့ပြီး အသင်းတော်သစ်တွေ တည်ထောင်ပေးခဲ့တာမို့ ကုန်းတွင်းပိုင်းဒေသမှာ လူသိများပြီး လေးစားခံရတဲ့သူ ဖြစ်လာတယ်။

အခက်အခဲတွေကို ကျော်လွှားခြင်း

ဩစတြေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေ အကျဲဆုံးနိုင်ငံတစ်ခု ဖြစ်တယ်။ အထူးသဖြင့် ကုန်းတွင်းပိုင်းဒေသတွေမှာပေါ့။ ဒါကြောင့် ယေဟောဝါရဲ့ လူတွေဟာ တိုက်ကြီးရဲ့ ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေကို ရှာဖွေဖို့ စိတ်ဓာတ်ကြံ့ခိုင်မှု ပြခဲ့ကြတယ်။

ရှေ့ဆောင် စတူးဝပ် ကယ်လတီနဲ့ ဝီလျံ တိုရင်တန်တို့ဟာ စိတ်ဓာတ်ကြံ့ခိုင်ကြောင်း ပြခဲ့ကြသူတွေပဲ။ သူတို့ဟာ ၁၉၃၃ ခုနှစ်မှာ ကြီးမားကျယ်ပြောတဲ့ ဆီမ်ဆန်သဲကန္တာရကို ဖြတ်ပြီး တိုက်ကြီးရဲ့အလယ်ပိုင်း အဲလစ်စပရင်းမြို့မှာ ဟောပြောခဲ့ကြတယ်။ သူတို့ရဲ့ ကားလေး ပျက်သွားတော့ ထားခဲ့ရတယ်။ သစ်သားခြေတုတစ်ဖက်နဲ့ ညီအစ်ကို ကယ်လတီဟာ ဟောပြောခြင်းခရီးကို ဆက်သွားခဲ့တယ်။ အခုတော့ ကုလားအုတ်နဲ့ သွားလာတယ်။ ရှေ့ဆောင်တွေရဲ့ ကြိုးစားမှု ရလဒ်ကောင်းခဲ့တယ်။ ဝီလျံခရိခ် ရထားဘူတာရုံမှာ ဟိုတယ်ပိုင်ရှင်တစ်ယောက်နဲ့ တွေ့ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဟိုတယ်ပိုင်ရှင် ချားလ် ဘန်းဟတ်ဟာ အမှန်တရားကို လက်ခံပြီး ဟိုတယ်ကို ရောင်းလိုက်တယ်။ ဩစတြေးလျနိုင်ငံရဲ့ အခြောက်သွေ့ဆုံး၊ အဝေးလံဆုံး ဒေသတချို့မှာ တစ်ယောက်တည်း ၁၅ နှစ် ရှေ့ဆောင် လုပ်ခဲ့တယ်။

၁၉၃၆ ခုနှစ်၊ ဩစတြေးလျ ကုန်းတွင်းပိုင်းမှာ ဟောပြောခြင်းခရီးစဉ်အတွက် အာသာဝီလီ ပြင်ဆင်နေစဉ်

ဩစတြးလျ ကုန်းတွင်းပိုင်းဒေသကြီးမှာ ဟောပြောခြင်းခရီးအတွက် အာသာဝီလီ ပြင်ဆင်နေစဉ်။—ပါသ်၊ ဩစတြေးလျအနောက်ပိုင်း၊ ၁၉၃၆

အစောပိုင်း ရှေ့ဆောင်တွေဟာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားဖို့ ရဲစွမ်းသတ္တိနဲ့ ဇွဲရှိဖို့ လိုအပ်ခဲ့တယ်။ ဆောင်းပါးအစပိုင်းမှာ ဖော်ပြထားတဲ့ အာသာဝီလီ၊ ဘီလ်နူးလန်းတို့ဟာ ဩစတြေးလျ ကုန်းတွင်းပိုင်း ဟောပြောခြင်း မိုင် ၂၀ (၃၂ ကီလိုမီတာ) ခရီးကို နှစ်ပတ်ကြာ ခက်ခက်ခဲခဲ သွားခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ မိုးအသည်းအသန် ရွာလို့ သဲကန္တာရဟာ ရွံ့ပင်လယ်ကြီး ဖြစ်သွားလို့ပါပဲ။ တစ်ခါတလေ သဲသောင်ကြီးတွေကို ချွေးတလုံးလုံးနဲ့ ပင်ပင်ပန်းပန်း ဖြတ်မောင်းခဲ့ကြတယ်။ ကျောက်ပေါတဲ့ ချိုင့်ဝှမ်းတွေကို ဖြတ်၊ သဲထူတဲ့ ချောင်းတွေကို ကူးကြရတယ်။ ကားပျက်ရင် အနီးဆုံးမြို့ကို ရက်အတော်ကြာ လမ်းလျှောက်၊ ဒါမှမဟုတ် စက်ဘီး စီးသွားပြီး ကားပစ္စည်း ရတဲ့အထိ သီတင်းပတ်နဲ့ချီ စောင့်ရတယ်။ မကြာခဏလည်း ပျက်တတ်တယ်။ ဒီလိုအခက်အခဲတွေကြားမှာ အကောင်းမြင်သဘောထားကို ထိန်းသိမ်းခဲ့ကြတယ်။ အာသာဝီလီရဲ့ စကားကို နောက်ပိုင်း ရွှေခေတ် မဂ္ဂဇင်းမှာ “ဘုရားရဲ့ သက်သေတွေအတွက် ရှည်လျားကြမ်းတမ်းလွန်းတဲ့လမ်းရယ်လို့ မရှိဘူး” ဆိုပြီး ဖော်ပြခဲ့တယ်။

ကုန်းတွင်းပိုင်းရဲ့ တသီးတခြားဖြစ်နေမှု၊ ခက်ခဲကြမ်းတမ်းမှုတွေက ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်လို့ သက်တမ်းကြာ ရှေ့ဆောင် ချားလ်ဟာရီ ပြောခဲ့တယ်။ “ဘဝကို ပိုင်ဆိုင်ရာ နည်းနည်းလေးနဲ့ ဖြတ်သန်းတာ ပိုကောင်းပါတယ်။ ယေရှုတောင် လိုအပ်လာရင် အမိုးအကာ မရှိဘဲ အိပ်ဖို့ လိုလိုလားလားရှိမှတော့ ကျွန်တော်တို့လည်း လိုအပ်လာရင် အဲဒီလို ကျေကျေနပ်နပ် လုပ်ရမှာပေါ့” လို့ပြောခဲ့တယ်။ ရှေ့ဆောင်များစွာ အဲဒီအတိုင်း လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ မမောနိုင်မပန်းနိုင် ကြိုးစားအားထုတ်မှုကြောင့် တိုက်ကြီးရဲ့ နေရာအနှံ့ကို သတင်းကောင်း ရောက်ရှိသွားပြီး လူများစွာကို ဘုရားနိုင်ငံတော်ဘက် ရပ်တည်လာအောင် ကူညီပေးခဲ့ကြတယ်။

a ကျမ်းစာကျောင်းသားတွေဟာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ၁၉၃၁ ခုနှစ်မှာ ခံယူခဲ့ကြတယ်။—ဟေရှာ. ၄၃:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ