ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ စက်တင်ဘာ စာ. ၂၈-၃၂
  • ယေဟောဝါကို တုပပြီး စာနာမှု ပြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို တုပပြီး စာနာမှု ပြပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုမှာ စာနာမှုပြပါ
  • အသင်းတော်မှာ “အချင်းချင်း ထောက်ထားစာနာ” ပါ
  • အမှုဆောင်လုပ်ငန်းမှာ စာနာမှုပြပါ
  • စာနာစိတ်ရှိတဲ့ အနန္တတန်ခိုးရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • “ခရစ်တော်၏စိတ်” သင်၌ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • လင်သားတစ်ဦးအနေနှင့် မေတ္တာ နှင့် ရိုသေမှု ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခရစ်ယာန်မိသားစုများ—ယေရှု၏စံနမူနာကို လိုက်လျှောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ စက်တင်ဘာ စာ. ၂၈-၃၂
ဇနီးကို မီးဖိုချောင်မှာ ကူညီပြီးနောက် ဇနီးရင်ဖွင့်တာကို နားထောင်ပေးနေတဲ့ ခင်ပွန်း

ယေဟောဝါကို တုပပြီး စာနာမှု ပြပါ

“နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။”—ဆာ. ၄၁:၁။

သီချင်း– ၁၃၀၊ ၁၀၇

သင် ဘယ်လို ဖြေမလဲ

  • မိသားစုမှာ ဘယ်နည်းတွေနဲ့ စာနာမှုပြသင့်သလဲ။

  • အသင်းတော်မှာ ဘယ်နည်းတွေနဲ့ စာနာမှုပြသင့်သလဲ။

  • အမှုဆောင်လုပ်ငန်းမှာ ဘယ်နည်း တွေနဲ့ စာနာမှုပြသင့်သလဲ။

၁။ ဘုရားသခင့်လူမျိုးတွေ ဘယ်နည်းနဲ့ မေတ္တာပြကြသလဲ။

ဘုရားလူမျိုးဟာ အချင်းချင်း ချစ်ခင်ကြတဲ့ မိသားစုကြီးပါပဲ။ (၁ ယော. ၄:၁၆၊ ၂၁) အချင်းချင်းအတွက် အကြီးအကျယ် စွန့်လွှတ်အနစ်နာခံတဲ့အခါတွေ ရှိသလို အများအားဖြင့်တော့ စာနာတဲ့စကား၊ ကြင်နာတဲ့လုပ်ရပ်လေးတွေအားဖြင့် မေတ္တာပြကြတယ်။ တခြားသူတွေကို စာနာမှုပြခြင်းအားဖြင့် “ဘုရားသခင်ကို အတုယူ” ကြတယ်။—ဧ. ၅:၁။

၂။ ယေရှု ဘယ်လို မေတ္တာ ပြခဲ့သလဲ။

၂ ယေရှုဟာ ယေဟောဝါကို အပြည့်အဝ တုပတယ်။ “ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။ . . . ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်” လို့ ယေရှုပြောတယ်။ (မ. ၁၁:၂၈၊ ၂၉) ကျွန်တော်တို့လည်း ယေရှုကို တုပပြီး “နိမ့်ကျသူကို စာနာမှုပြ” မယ်ဆိုရင် ဘုရားမျက်နှာသာ ခံစားရပြီး ပျော်ရွှင်ပါလိမ့်မယ်။ (ဆာ. ၄၁:၁) မိသားစု၊ အသင်းတော်၊ အမှုဆောင်လုပ်ငန်းမှာ စာနာမှု ပြနိုင်ပုံကို သုံးသပ်ကြည့်ကြစို့။

မိသားစုမှာ စာနာမှုပြပါ

၃။ ခင်ပွန်းအနေနဲ့ ဇနီးကို ဘယ်လို စာနာမှု ပြနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၃ မိသားစုအတွင်း စာနာမှုပြရာမှာ လင်ယောက်ျားက ဦးဆောင်သင့်တယ်။ (ဧ. ၅:၂၅။ ၆:၄) ဇနီးကို နားလည်ပေးပြီး ထောက်ထားစာနာဖို့ လင်ယောက်ျားတွေကို ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (၁ ပေ. ၃:၇၊ အောက်ခြေမှတ်ချက်) နားလည်မှုနဲ့ စာနာမှုဆိုတာ အမြဲဒွန်တွဲနေတယ်။ နားလည်မှုရှိတဲ့ ခင်ပွန်းဟာ ဇနီးဖြစ်သူနဲ့ ကဏ္ဍများစွာမှာ မတူညီတာကို သိပေမဲ့ ဇနီးထက် ပိုသာတယ်လို့ မယူဆဘူး။ (က. ၂:၁၈) ဇနီးရဲ့ခံစားချက်ကို ထည့်စဉ်းစားပေးပြီး ဂုဏ်တင်တယ်။ ကနေဒါနိုင်ငံက ဇနီးတစ်ဦး သူ့ခင်ပွန်းအကြောင်း ဒီလိုပြောတယ်– “ကျွန်မရဲ့ ခံစားချက်ကို ဘယ်တော့မှ အထင်မသေးဘူး။ ‘အဲဒီလို မတွေးနဲ့’ လို့ မပြောဘဲ ကောင်းကောင်း နားထောင်ပေးတယ်။ လိုအပ်ရင်တော့ ကြင်ကြင်နာနာ တည့်မတ်ပေးတယ်။”

၄။ တခြားအမျိုးသမီးတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ဇနီးကို စာနာကြောင်း ဘယ်လို ပြနိုင်သလဲ။

၄ စာနာမှုရှိတဲ့ ခင်ပွန်းဟာ ဇနီးရဲ့ခံစားချက်ကို ထည့်စဉ်းစားပေးတယ်။ တခြားအမျိုးသမီးတွေနဲ့ ပရောပရည် မလုပ်ဘူး။ မသင့်တော်တဲ့ စိတ်ဝင်စားမှု မပြဘူး။ လူမှုမီဒီယာနဲ့ အင်တာနက် သုံးတဲ့အခါမှာလည်း ပရောပရည် မလုပ်ဘူး။ (ယောဘ ၃၁:၁) ဇနီးကို သစ္စာရှိတာဟာ ဇနီးကို ချစ်လို့သာမက ဘုရားကို ချစ်ပြီး မကောင်းမှုကို မုန်းလို့ ဖြစ်တယ်။—ဆာလံ ၁၉:၁၄။ ၉၇:၁၀ ကိုဖတ်ပါ။

၅။ ဇနီးဖြစ်သူက ခင်ပွန်းကို စာနာမှု ဘယ်လိုပြနိုင်သလဲ။

၅ ခင်ပွန်းဟာ ဦးခေါင်းဖြစ်တဲ့ ယေရှုခရစ်ကို တုပတဲ့အခါ ဇနီးဘက်က “အလွန်ရိုသေ” ဖို့ လွယ်ကူသွားမယ်။ (ဧ. ၅:၂၂-၂၅၊ ၃၃) ရိုသေလေးစားတတ်တဲ့ ဇနီးဟာ ခင်ပွန်းရဲ့ ခံစားချက်၊ အထူးသဖြင့် အသင်းတော်တာဝန်တွေ၊ တခြားပြဿနာတွေနဲ့ အလုပ်ရှုပ်နေချိန်မှာ နားလည်ပေးတယ်။ ဗြိတိန်နိုင်ငံက ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လို့ အမူအရာပျက်တဲ့အခါ ကျွန်တော့်ဇနီး ချက်ချင်း ရိပ်မိလေ့ရှိတယ်။ ပညာအလိမ္မာ ၂၀:၅ မှာပါတဲ့ မူအတိုင်း ပြောလို့ရတဲ့ ကိစ္စတွေကို ထုတ်ပြောလာစေဖို့ သင့်တော်တဲ့ အချိန်ကို စောင့်ပြီး ကျွန်တော့်ခံစားချက်ကို ‘ခပ်ယူ’ တတ်တယ်။”

၆။ တခြားသူတွေကို စာနာတတ်ဖို့ ကျွန်တော်တို့အားလုံး ကလေးတွေကို ဘယ်လို အားပေးနိုင်သလဲ။ ဘာကောင်းကျိုး ရနိုင်သလဲ။

၆ မိဘအချင်းချင်း စာနာမှုပြတာက သားသမီးတွေအတွက် ပုံသက်သေကောင်း ပြရာရောက်တယ်။ တခြားသူတွေကို စာနာတတ်ဖို့ သားသမီးတွေကို သင်ပေးရမှာ မိဘတွေရဲ့ တာဝန်ပဲ။ နိုင်ငံတော်ခန်းမထဲ လျှောက်မပြေးဖို့၊ စုဆုံပွဲတွေမှာ အစားအသောက် တန်းစီတဲ့အခါ အသက်ကြီးသူတွေကို ဦးစားပေးဖို့ သင်ပေးနိုင်တယ်။ အသင်းတော်တစ်ခုလုံးကလည်း မိဘတွေကို ကူညီပေးနိုင်တယ်။ တံခါးဖွင့်ပေးတာလို စာနာမှုရှိတာတစ်ခုခု လုပ်ပေးတဲ့အခါ ချီးမွမ်းသင့်တယ်။ ဒီနည်းအားဖြင့် “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ” မှန်း ကလေးတွေကို သိလာစေနိုင်တယ်။—တ. ၂၀:၃၅။

အသင်းတော်မှာ “အချင်းချင်း ထောက်ထားစာနာ” ပါ

၇။ နားမကြားတဲ့သူကို ယေရှု ဘယ်လို စာနာမှုပြသလဲ။ ဘာသင်ခန်းစာတွေ ရသလဲ။

၇ တစ်ခါက ဒေကာပေါလိနယ်မှာ ရောက်နေတဲ့ ယေရှုဆီ “နားမကြား၊ စကားမပြောနိုင်တဲ့ လူတစ်ယောက်ကို” ခေါ်လာကြတယ်။ (မာ. ၇:၃၁-၃၅) ယေရှုက လူအများရှေ့ ကုပေးမယ့်အစား “လူအုပ်ထဲကနေ သီးသန့်ခေါ်ထုတ်သွားပြီး” ကုပေးတယ်။ ဘာကြောင့်လဲ။ နားမကြားတဲ့သူ လူတွေရှေ့ အနေရခက်မှာကို သိနေလို့ပဲ။ ကျွန်တော်တို့ကတော့ အံ့ဖွယ်နည်းနဲ့ မကုပေးနိုင်ပေမဲ့ ညီအစ်ကို/မတွေရဲ့ လိုအပ်ရာနဲ့ ခံစားချက်တွေကို နားလည်စာနာပေးသင့်တယ်။ “မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့” လို့ တမန်တော်ပေါလု ရေးတယ်။ (ဟီ. ၁၀:၂၄) ယေရှုက နားမကြားသူရဲ့ ခံစားချက်ကို နားလည်ပေးပြီး စာနာမှုပြတယ်။ တကယ့် ပုံသက်သေကောင်းပါပဲ။

၈၊ ၉။ အိုမင်းမစွမ်းသူတွေကို ဘယ်နည်းတွေနဲ့ စာနာမှုပြနိုင်သလဲ။ ဥပမာပေးပါ။

၈ အသက်ကြီးသူ၊ မသန်စွမ်းသူတွေကို စာနာပါ။ ခရစ်ယာန်အသင်းတော်ရဲ့ အမှတ်အသားဟာ ပြီးမြောက်နိုင်စွမ်း မဟုတ်ဘဲ မေတ္တာဖြစ်တယ်။ (ယော. ၁၃:၃၄၊ ၃၅) အသက်ကြီးသူတွေ၊ မသန်စွမ်းသူတွေ အများကြီး မလုပ်ဆောင်နိုင်ပေမဲ့ အစည်းအဝေး၊ အမှုဆောင်မှာ ပါဝင်နိုင်အောင် ကူညီပေးဖို့ ကျွန်တော်တို့ကို မေတ္တာက လှုံ့ဆော်ပေးတယ်။ (မ. ၁၃:၂၃) ဘီးတပ်ကုလားထိုင် သုံးနေရတဲ့ မိုက်ကယ်ဟာ မိသားစုနဲ့ အမှုဆောင်အုပ်စုထဲက ညီအစ်ကိုတွေရဲ့ အကူအညီအတွက် ကျေးဇူးတင်တယ်။ “သူတို့ရဲ့ အကူအညီကြောင့် အစည်းအဝေးအားလုံးနီးပါး တက်နိုင်ပြီး အမှုဆောင်မှာ မှန်မှန် ပါဝင်နိုင်ပြီ။ အထူးသဖြင့် လူထုရှေ့ သက်သေခံခြင်းကို သိပ်ကြိုက်တယ်” လို့ပြောတယ်။

၉ ဗေသလအိမ်တွေမှာ သစ္စာရှိတဲ့ အိုမင်းမစွမ်းသူတွေ ရှိကြတယ်။ သူတို့ စာရေးပြီး၊ ဖုန်းဆက်ပြီး သက်သေခံနိုင်အောင် စီစဉ်ပေးခြင်းအားဖြင့် ကြီးကြပ်မှူးတွေ စာနာမှုပြနေကြတယ်။ အသက် ၈၆ နှစ်အရွယ် ဘီလ်ဟာ ရပ်ဝေးမှာ နေထိုင်သူတွေဆီ စာရေးသက်သေခံတယ်။ “ဒီအခွင့်ထူးကို သိပ်တန်ဖိုးထားတယ်” လို့ သူပြောတယ်။ အသက် ၉၀ အရွယ် နန်စီကလည်း “စာရေးသက်သေခံတာဟာ စာတွေကို စာအိတ်ထဲ ထည့်လိုက်ရုံပဲ မဟုတ်ဘူး။ အမှုဆောင်လုပ်ငန်း ဖြစ်တယ်။ လူတွေ အမှန်တရား သိဖို့ လိုနေတယ်” လို့ပြောတယ်။ အသက် ၉၇ နှစ်အရွယ် အယ်သာက “အမြဲလိုလို နာကျင်ကိုက်ခဲနေတယ်။ တချို့နေ့တွေဆို အဝတ်အစားလဲဖို့တောင် ခက်တယ်” လို့ ပြောတယ်။ ဒါတောင် ဖုန်းနဲ့ သက်သေခံပြီး ပြန်လည်ပတ်မှုကောင်းတွေ ရှိတယ်။ အသက် ၈၅ နှစ်အရွယ် ဘာဘရာက “ကျန်းမာရေးမကောင်းလို့ အမှုဆောင်မှာ ပုံမှန် မပါဝင်နိုင်ဘူး။ ဒါပေမဲ့ ဖုန်းနဲ့သက်သေခံရလို့ လူတွေကို စကားပြောနိုင်ခဲ့တယ်။ ကျေးဇူးပါ၊ ယေဟောဝါ” လို့ ပြောတယ်။ သူတို့အုပ်စုဟာ တစ်နှစ်အတွင်း အမှုဆောင်လုပ်ငန်းမှာ ၁,၂၂၈ နာရီ ပါဝင်ခဲ့ပြီး စာ ၆,၂၆၅ စောင် ရေးပို့ခဲ့တယ်။ လူ ၂,၀၀၀ ကျော်ကို ဖုန်းနဲ့သက်သေခံပြီး စာပေပေါင်း ၆,၃၁၅ စောင် ဝေငှခဲ့တယ်။ ယေဟောဝါ သိပ်ရွှင်လန်းမှာ သေချာတယ်။—ပညာ. ၂၇:၁၁။

၁၀။ အစည်းအဝေးတွေကနေ အကျိုး အပြည့်အဝ ရအောင် ညီအစ်ကိုတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။

၁၀ အသင်းတော်အစည်းအဝေးမှာ စာနာမှု ပြပါ။ စာနာမှုက အစည်းအဝေးတွေကနေ အကျိုး အပြည့်အဝ ရအောင် ကူညီပေးနိုင်တယ်။ ဘယ်နည်းနဲ့လဲ။ တစ်နည်းကတော့ တခြားသူတွေ အာရုံမပျံ့လွင့်အောင် အချိန်မီ လာခြင်းပါပဲ။ ကြိုမမြင်နိုင်တဲ့ ဖြစ်ရပ်တွေကြောင့် နောက်ကျတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ နောက်ကျတဲ့အကျင့် ရှိနေမယ်ဆိုရင် စာနာမှု ပိုပြနိုင်မယ့်နည်းတွေကို စဉ်းစားသင့်တယ်။ ယေဟောဝါနဲ့ ယေရှုဟာ ကျွန်တော်တို့ရဲ့ အိမ်ရှင်တွေဖြစ်ကြောင်းလည်း သတိရသင့်တယ်။ (မ. ၁၈:၂၀) သူတို့ကို လေးစားမှုပြသင့်တယ်။

၁၁။ အစည်းအဝေးမှာ တာဝန်ရသူတွေဟာ ၁ ကောရိန္သု ၁၄:၄၀ ပါ လမ်းညွှန်ချက်ကို ဘာကြောင့် လိုက်နာသင့်သလဲ။

၁၁ ညီအစ်ကိုတွေကို စာနာမယ်ဆိုရင် “အရာရာကို နည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်ကြပါ” ဆိုတဲ့ ညွှန်ကြားချက်ကိုလည်း လိုက်နာပါလိမ့်မယ်။ (၁ ကော. ၁၄:၄၀) အစည်းအဝေးမှာ တာဝန်ရတဲ့ ညီအစ်ကိုတွေဟာ အချိန်တိကျခြင်းအားဖြင့် လိုက်နာနိုင်တယ်။ ဒါဟာ နောက်ဟောပြောသူကိုသာမက အသင်းတော်ကိုပါ စာနာရာရောက်တယ်။ ဘာကြောင့်လဲဆိုတော့ အဝေးကြီး ပြန်ရမယ့်သူတွေ ရှိနိုင်တယ်။ တချို့က အများသုံးယာဉ်ကို သုံးကြရတယ်။ တချို့မှာတော့ အိမ်ပြန်ချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေတဲ့ မယုံကြည်သူ အိမ်ထောင်ဖက်တွေ ရှိကြတယ်။

ဦးဆောင်နေသူတွေကို စာနာပါ

ကိုယ့်အသင်းတော် ဒါမှမဟုတ် အစည်းအဝေးကြီးကို လူသိများတဲ့ ညီအစ်ကိုတစ်ယောက် လာလည်ပတ်တဲ့အခါတွေ ရှိနိုင်တယ်။ တိုက်နယ်ကြီးကြပ်မှူး၊ ဗေသလအိမ်သား၊ ဌာနခွဲကော်မတီဝင်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အကူတို့ ဖြစ်နိုင်တယ်။

အဲဒီသစ္စာရှိ ညီအစ်ကိုတွေရဲ့ “အလုပ်ကို ထောက်ပြီး မေတ္တာစိတ်နဲ့ အထူးရိုသေလေးစား” သင့်၊ တစ်နည်းအားဖြင့် စာနာသင့်ပါတယ်။ (၁ သက်. ၅:၁၂၊ ၁၃) သူတို့ကို လောကရဲ့ နာမည်ကြီးသူတွေလို မဟုတ်ဘဲ ညီအစ်ကိုတွေလို ဆက်ဆံခြင်းအားဖြင့် စာနာမှု ပြနိုင်တယ်။ တချို့က အဲဒီလို စာနာမှု မပြကြဘူး။ ခွင့်မတောင်းဘဲ အတင်း ဓာတ်ပုံရိုက်ပြီး လူမှုမီဒီယာတွေပေါ် တင်ကြတယ်။ စာအုပ်တွေ၊ ကျမ်းစာအုပ်တွေမှာ လက်မှတ်ထိုးခိုင်းကြတယ်။ ဒါဟာ လောကစိတ်ဓာတ်ပဲ မဟုတ်လား။—ဧ. ၂:၁၊ ၂။

အထူးသဖြင့် တာဝန်ကြီးရထားသူတွေ နှိမ့်ချကျိုးနွံဖို့ ယေဟောဝါ လိုလားတယ်။ (မ. ၂၃:၁၁၊ ၁၂) ဒါကြောင့် တာဝန်ရှိ ညီအစ်ကိုတွေနဲ့ ဓာတ်ပုံရိုက်ဖို့ အတင်း မတောင်းဆိုပါနဲ့။ သူတို့ကို နှိမ့်ချတဲ့အမှုဆောင်သူတွေအဖြစ် သဘောထားကြပါစို့။a—မိ. ၆:၈။ ၁ ကော. ၁၀:၃၁။

a ၂၀၁၆၊ ဇန်နဝါရီလထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၆ မှာပါတဲ့ “မေတ္တာဟာ ‘မလျောက်ပတ်စွာ မကျင့်တတ်’” လေးထောင့်ကွက်ကို ကြည့်ပါ။

၁၂။ အလုပ်ကြိုးစားတဲ့ အကြီးအကဲတွေကို ဘာကြောင့် ရိုသေလေးစားသင့်သလဲ။ (“ဦးဆောင်နေသူတွေကို စာနာပါ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၂ အသင်းတော်မှာ အလုပ်ကြိုးစားတဲ့၊ အမှုဆောင်မှာ ထက်ထက်သန်သန် ဦးဆောင်ပေးနေတဲ့ သိုးထိန်းတွေကို မေတ္တာနဲ့ ရိုသေလေးစားမှု ပြသင့်တယ်။ (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကိုဖတ်ပါ။) သင့်အတွက် အကြီးအကဲတွေရဲ့ လုပ်ဆောင်မှုကို တန်ဖိုးထားကြောင်း တလိုတလား ပူးပေါင်းလုပ်ဆောင်ခြင်း၊ ထောက်မခြင်းအားဖြင့် ဖော်ပြပါ။ သင့်ကို “သူတို့ ဂရုစိုက် စောင့်ရှောက်ပေးနေ” လို့ပါပဲ။—ဟီ. ၁၃:၇၊ ၁၇။

အမှုဆောင်လုပ်ငန်းမှာ စာနာမှုပြပါ

၁၃။ လူတွေကို ယေရှု ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။

၁၃ “နင်းခြေခံရတဲ့ ကျူပင်ကိုချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး” လို့ ယေရှုနဲ့ပတ်သက်ပြီး ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၄၂:၃) ယေရှုက လူတွေကို ချစ်တဲ့အတွက် စာနာမှုပြတယ်။ နင်းခြေခံရတဲ့ ကျူပင်လို၊ ငြိမ်းခါနီး မီးစာလို ဖြစ်နေသူတွေရဲ့ ခံစားချက်ကို နားလည်ပေးတယ်။ ဒါကြောင့် စာနာမှု၊ ကြင်နာမှု ရှိပြီး စိတ်ရှည်တယ်။ ကလေးတွေတောင် ယေရှုအနား လာချင်ကြတယ်။ (မာ. ၁၀:၁၄) ကျွန်တော်တို့မှာ ယေရှုလို ထိုးထွင်းသိမြင်နိုင်စွမ်း၊ သွန်သင်နိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ရပ်ကွက်မှာ ရှိသူတွေကို စာနာမှု ပြနိုင်တယ်။ အဲဒီထဲမှာ ဘယ်လို၊ ဘယ်အချိန်မှာ၊ ဘယ်လောက်ကြာကြာ စကားပြောသင့်တယ် ဆိုတာတွေ ပါဝင်တယ်။

၁၄။ လူတွေနဲ့ စကားပြောပုံကို ဘာကြောင့် ဂရုစိုက်သင့်သလဲ။

၁၄ လူတွေကို ဘယ်လို ပြောသင့်သလဲ။ ယနေ့ လူသန်းပေါင်းများစွာဟာ အကျင့်ပျက်ခြစားနေတဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘာသာရေးကြောင့် “အရေခွံဆုတ်ပြီး ပစ်ထားခံ” နေရတဲ့အတွက် အကောင်းမြင်စိတ် မရှိဘဲ မျှော်လင့်ချက်မဲ့နေကြတယ်။ (မ. ၉:၃၆) ဒါကြောင့် ကျွန်တော်တို့ပြောတဲ့ စကားအသုံးအနှုန်းနဲ့ လေသံမှာ စာနာမှုပါဖို့ လိုတယ်။ လူများစွာဟာ ကျွန်တော်တို့ရဲ့ ကျမ်းစာအသိပညာကြွယ်ဝမှု၊ ကျိုးကြောင်းဆင်ခြင်နိုင်မှုကြောင့်သာ မဟုတ်ဘဲ သူတို့ကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားပြီး စာနာမှုပြလို့ သတင်းကောင်းကို နားထောင်လေ့ရှိတယ်။

၁၅။ ကိုယ်ဟောပြောတဲ့သူတွေကို စာနာကြောင်း ဘယ်နည်းတွေနဲ့ ပြနိုင်သလဲ။

၁၅ သက်သေခံတဲ့အခါ လူတွေကို စာနာမှုပြနိုင်တဲ့နည်း များစွာရှိတယ်။ မေးခွန်းတွေဟာ ထိရောက်တယ်။ ဒါပေမဲ့ မေးခွန်း မေးတဲ့အခါ စာနာမှု၊ လေးစားမှု ရှိဖို့ လိုတယ်။ အိမ်ရှင်က ရှက်တတ်တယ်ဆိုရင် ဖြေရခက်တဲ့ မေးခွန်းတွေ မမေးဘူးလို့ ရှေ့ဆောင်တစ်ယောက် ပြောတယ်။ ‘ဘုရားနာမည်ကို သိလား။ ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ သိလား’ ဆိုတဲ့ မေးခွန်းတွေပေါ့။ အဲဒီလိုမေးမယ့်အစား “ဘုရားမှာ နာမည်ရှိတယ်။ ကျမ်းစာကနေ ပြပေးချင်တယ်” လို့ သူပြောလေ့ရှိတယ်။ လူတွေ၊ ယဉ်ကျေးမှုတွေ မတူတဲ့အတွက် ပုံသေစည်းမျဉ်း သတ်မှတ်လို့တော့ မရဘူး။ ဒေသခံတွေအကြောင်း သိအောင်လုပ်ပြီး စာနာလေးစားမှု အမြဲ ပြသင့်တယ်။

၁၆၊ ၁၇။ (က) လူတွေဆီ သွားတဲ့အခါ ဘယ်လို စာနာမှုပြနိုင်သလဲ။ (ခ) စာနာမှုပြတဲ့အနေနဲ့ ဘယ်လောက်ကြာကြာ စကားပြောသင့်သလဲ။

၁၆ ဘယ်အချိန်မှာ သွားမလဲ။ တစ်အိမ်တက်ဆင်း သွားတာက မဖိတ်ခေါ်ဘဲသွားတာ ဖြစ်တယ်။ ဒါကြောင့် လူတွေ စကားပြောဖို့ လိုလိုလားလားရှိတဲ့ အချိန်မှာ သွားဖို့ အရေးကြီးတယ်။ (မ. ၇:၁၂) ဥပမာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ရပ်ကွက်က လူတွေ ကြာကြာအိပ်တတ်သလား။ ဒါဆို လမ်းပေါ်သက်သေခံခြင်း၊ လူထုရှေ့ သက်သေခံခြင်း၊ အိပ်ရာနိုးနေပြီဖြစ်တဲ့ ပြန်လည်ပတ်မှုတွေဆီ သွားခြင်းအားဖြင့် အမှုဆောင် စနိုင်တယ်။

၁၇ ဘယ်လောက်ကြာကြာ နေသင့်သလဲ။ လူတွေ အလုပ်များတဲ့အတွက် အစပိုင်းမှာ ခဏတစ်ဖြုတ်ပဲ နေတာ သင့်တော်တယ်။ အချိန်အကြာကြီး မယူပါနဲ့။ (၁ ကော. ၉:၂၀-၂၃) သူတို့ အလုပ်များတာကို နားလည်ပေးကြောင်း သိလာတဲ့အခါ နောက်တစ်ကြိမ်မှာ ပိုလက်ခံချင်ပါလိမ့်မယ်။ အမှုဆောင်လုပ်ငန်းမှာ စွမ်းအားတော် အရည်အသွေးတွေ တင်ပြမယ်ဆိုရင် လူတွေကို အမှန်တရားထဲ ဆွဲဆောင်ရာမှာ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” အဖြစ် အသုံးတော်ခံနိုင်ပါလိမ့်မယ်။—၁ ကော. ၃:၆၊ ၇၊ ၉။

၁၈။ တခြားသူတွေကို စာနာမှုပြရင် ဘာကောင်းချီးတွေ ရမလဲ။

၁၈ “နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။ . . . ကမ္ဘာမြေပေါ်မှာ ပျော်ရွှင်ချမ်းမြေ့သူလို့ သတ်မှတ်လိမ့်မယ်” ဆိုပြီး ဆာလံ ၄၁:၁၊ ၂ မှာ ပြောထားတယ်။ မိသားစု၊ အသင်းတော်၊ အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေကို စာနာမှုပြဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ဒါဆို အခုရော အနာဂတ်မှာပါ ကောင်းချီးများစွာ ခံစားရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ