ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဒီဇင်ဘာ စာ. ၁၉-၂၃
  • လူငယ်တို့၊ သင်တို့ကို ဖန်ဆင်းရှင် ပျော်ရွှင်စေချင်တယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်တို့၊ သင်တို့ကို ဖန်ဆင်းရှင် ပျော်ရွှင်စေချင်တယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ မရှိ’
  • ဘုရားရေးရာ လိုအပ်ချက်ကို ယေဟောဝါ ဖြည့်ဆည်းပေး
  • မိတ်ဆွေစစ်တွေကို ယေဟောဝါ ပေးထား
  • အကျိုးရှိတဲ့ ပန်းတိုင်တွေ ချနိုင်အောင် ယေဟောဝါ ကူညီပေး
  • စစ်မှန်တဲ့ လွတ်လပ်မှုကို ဘုရားပေး
  • စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်တဲ့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါအား ကိုးကွယ်သူတို့ ခံစားရသော လွတ်လပ်မှု
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဒီဇင်ဘာ စာ. ၁၉-၂၃
အဆင့်မြင့်ပညာရေး တက်ဖို့၊ ဘုရားရေးရာ သင်တန်းတစ်ခု တက်ဖို့၊ ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ဖို့ ဆိုတဲ့ အနာဂတ်ပန်းတိုင်တွေအကြောင်း လူငယ်ညီအစ်ကိုတစ်ယောက် စဉ်းစားနေ

လူငယ်တို့၊ သင်တို့ကို ဖန်ဆင်းရှင် ပျော်ရွှင်စေချင်တယ်

“[ဘုရားက] ဘဝတစ်လျှောက်လုံး ကောင်းမွန်ရာတွေနဲ့ ကျေနပ်စေ[တယ်။]”—ဆာ. ၁၀၃:၅။

သီချင်း– ၁၃၅၊ ၃၉

သင် ဘယ်လို ဖြေမလဲ

  • ‘ယေဟောဝါကို ဆန့်ကျင်တဲ့ ဘက်မှာ ဉာဏ်ပညာ မရှိ’ တာ ဘာကြောင့်လဲ။

  • ကိုယ့်ရဲ့ဘုရားရေးရာ လိုအပ်ချက်ကို ဘာကြောင့် အသိအမှတ်ပြုသင့်သလဲ။

  • ဘယ် “ကောင်းမွန်ရာတွေ” ကို ယေဟောဝါ ပေးထားသလဲ။ သင် ဘယ်လို သဘောထားသလဲ။

၁၊ ၂။ ဘဝပန်းတိုင် ချမှတ်တဲ့အခါ ဖန်ဆင်းရှင်စကားကို နားထောင်တာက ဘာကြောင့် ပညာရှိရာ ရောက်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် အနာဂတ်နဲ့ပတ်သက်တဲ့ အကြံဉာဏ်များစွာ ရမှာပဲ။ ဆရာတွေ၊ အကြံပေးသူတွေနဲ့ တခြားသူတွေက အဆင့်မြင့်ပညာ ဆက်သင်ဖို့၊ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် ရှာဖို့ အားပေးကြမှာပဲ။ ဒါပေမဲ့ ယေဟောဝါပေးတဲ့ အကြံကတော့ သူတို့နဲ့ မတူဘူး။ ကျောင်းပြီးတဲ့အခါ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့ ကျောင်းတက်နေတုန်း စာကြိုးစားစေချင်တယ်။ (ကော. ၃:၂၃) ဒီအဆုံးပိုင်းကာလမှာ ဘဝရဲ့ ဦးစားထားရာတွေကို ဆုံးဖြတ်တဲ့အခါ ဘုရားရဲ့ ရည်ရွယ်ချက်၊ အလိုတော်ကို ထည့်စဉ်းစားဖို့ အားပေးတယ်။—မ. ၂၄:၁၄။

၂ ယေဟောဝါဟာ အရာအားလုံးကို သိတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်၊ ဒီလောက မကြာခင် အဆုံးတိုင်တော့မယ်ဆိုတာ သိတယ်။ (ဟေရှာ. ၄၆:၁၀။ မ. ၂၄:၃၊ ၃၆) ကျွန်တော်တို့အကြောင်းကိုလည်း သိတယ်။ ဘာက စစ်မှန်တဲ့ ပျော်ရွှင်ကျေနပ်မှု ဖြစ်စေပြီး ဘာက စိတ်ပျက်ဝမ်းနည်းစေကြောင်းလည်း သိတယ်။ ဒါကြောင့် လူ့အကြံဉာဏ် ဘယ်လောက်ကောင်းနေပါစေ ကျမ်းစာကို အခြေမခံဘူးဆိုရင် ပညာရှိရာ မရောက်ဘူး။—ပညာ. ၁၉:၂၁။

‘ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ မရှိ’

၃၊ ၄။ မကောင်းတဲ့ အကြံဉာဏ်ကို နားထောင်ခြင်းက အာဒံ၊ ဧဝနဲ့ သားမြေးတွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။

၃ မကောင်းတဲ့ အကြံဉာဏ်ဆိုတာ စာတန် ပေါ်လာတဲ့ လူ့သမိုင်းအစမှာ စရှိလာတယ်။ ရောင့်တက်တဲ့ စာတန်က ဧဝကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရင် ပိုပျော်ကြမယ်လို့ အကြံပေးတယ်။ (က. ၃:၁-၆) စာတန်ဟာ တစ်ကိုယ်ကောင်းဆန်တယ်။ အာဒံ၊ ဧဝနဲ့ သားမြေးတွေ ယေဟောဝါကို မဟုတ်ဘဲ မိမိကို ဝတ်ပြုစေချင်၊ လက်အောက်ခံစေချင်တယ်။ ဒါပေမဲ့ သူတို့အတွက် စာတန် ဘာများလုပ်ပေးခဲ့လို့လဲ။ အရာအားလုံး ပေးခဲ့တာ ယေဟောဝါပါ။ အဖော်အဖက်၊ လှပတဲ့ ဥယျာဉ်စံအိမ်၊ ပြည့်ဝစုံလင်တဲ့ ကိုယ်ခန္ဓာ၊ ထာဝစဉ် အသက်ရှင်ခွင့် အားလုံးပေးခဲ့တယ်။

၄ ဝမ်းနည်းစရာက အာဒံနဲ့ ဧဝဟာ နာခံမှုမရှိဘဲ ဘုရားနဲ့ အဆက်ဖြတ်ခဲ့ကြတယ်။ ဒါကြောင့် အဖြစ်ဆိုးတွေ ကြုံရတယ်။ အပင်ကနေ ခူးလိုက်လို့ ညှိုးသွားတဲ့ ပန်းတွေလိုပဲ သူတို့လည်း အိုမင်းပြီး သေဆုံးခဲ့ကြတယ်။ သူတို့ရဲ့ သားသမီးတွေလည်း အပြစ်ရဲ့ အကျိုးဆက်ကို ခံစားရတယ်။ (ရော. ၅:၁၂) ဒါတောင် လူအများစုက ဘုရားကို လက်အောက်မခံဖို့၊ ကိုယ့်လမ်းကိုယ် လျှောက်ဖို့ ရွေးချယ်နေကြတုန်းပဲ။ (ဧ. ၂:၁-၃) ရလဒ်တွေက ‘ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ မရှိ’ ကြောင်း ဖော်ပြတယ်။—ပညာ. ၂၁:၃၀။

၅။ လူတွေနဲ့ပတ်သက်ပြီး ဘုရား ဘာကို ယုံကြည်စိတ်ချသလဲ။ အဲဒီလို ယုံကြည်စိတ်ချတာ မှန်ရဲ့လား။

၅ လူငယ်တွေ အပါအဝင် လူတချို့ ဘုရားကို ရှာပြီး ဝတ်ပြုကိုးကွယ်မယ်ဆိုတာ ယေဟောဝါ သိတယ်။ (ဆာ. ၁၀၃:၁၇၊ ၁၈။ ၁၁၀:၃) အဲဒီလိုလူတွေကို ဘုရား သိပ်ချစ်မြတ်နိုးတယ်။ အဲဒီထဲမှာ သင်ပါဝင်သလား။ ဒါဆို သင့်ကို ပျော်ရွှင်စေဖို့ ဘုရားပေးထားတဲ့ “ကောင်းမွန်ရာတွေ” ရရှိနေမှာ သေချာပါတယ်။ (ဆာလံ ၁၀၃:၅ ကိုဖတ်ပါ။ ပညာ. ၁၀:၂၂) အဲဒီ “ကောင်းမွန်ရာတွေ” ထဲမှာ အချိန်တန်အစာ၊ မိတ်ဆွေစစ်၊ အကျိုးရှိတဲ့ ပန်းတိုင်၊ စစ်မှန်တဲ့ လွတ်လပ်မှုတို့ ပါဝင်တယ်။

ဘုရားရေးရာ လိုအပ်ချက်ကို ယေဟောဝါ ဖြည့်ဆည်းပေး

၆။ ဘုရားရေးရာ လိုအပ်ချက်ကို ဘာကြောင့် ဂရုစိုက်သင့်သလဲ။ ယေဟောဝါ ဘယ်လို ဖြည့်ဆည်းပေးသလဲ။

၆ တိရစ္ဆာန်တွေနဲ့ မတူဘဲ ကျွန်တော်တို့မှာ ဘုရားရေးရာ လိုအပ်ချက်တွေ ရှိတယ်။ အဲဒါကို ဖန်ဆင်းရှင်သာ ဖြည့်ဆည်းပေးနိုင်တယ်။ (မ. ၄:၄) ဘုရားစကား နားထောင်ရင် ထိုးထွင်းဉာဏ်၊ ဉာဏ်ပညာ၊ ပျော်ရွှင်မှုကို ရမယ်။ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ယေရှု ပြောတယ်။ (မ. ၅:၃) သမ္မာကျမ်းစာ၊ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကတစ်ဆင့် ပြင်ဆင်ပေးတဲ့ အချိန်တန်အစာအားဖြင့် အဲဒီလိုအပ်ချက်ကို ဘုရား ဖြည့်ဆည်းပေးတယ်။ (မ. ၂၄:၄၅) အာဟာရရှိပြီး မျိုးစုံလှတဲ့ အစားအစာပါပဲ။—ဟေရှာ. ၆၅:၁၃၊ ၁၄။

၇။ ဘုရားပြင်ဆင်ပေးတဲ့ အချိန်တန်အစာ စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာတွေလဲ။

၇ ဘုရား ပြင်ဆင်ပေးတဲ့ အချိန်တန်အစာဟာ ဉာဏ်ပညာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိစေပြီး နည်းမျိုးစုံနဲ့ ကာကွယ်ပေးနိုင်တယ်။ (ပညာအလိမ္မာ ၂:၁၀-၁၄ ကိုဖတ်ပါ။) ဥပမာ၊ ဖန်ဆင်းရှင် မရှိဘူး စတဲ့ သွန်သင်ချက်တွေ မှားကြောင်း သိမြင်စေနိုင်တယ်။ ငွေနဲ့ ပစ္စည်းဥစ္စာတွေ ရှိရင် ပျော်ရွှင်မယ်ဆိုတဲ့ လိမ်ညာမှု မခံရအောင် ကာကွယ်ပေးတယ်။ မှားယွင်းတဲ့ ဆန္ဒ၊ ပျက်စီးစေတဲ့ အကျင့်တွေကို သိပြီး တွန်းလှန်နိုင်ဖို့ ကူညီပေးတယ်။ ဒါကြောင့် ဘုရားရဲ့ ဉာဏ်ပညာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဆက်ရှာပါ။ ဘဏ္ဍာအဖြစ် သဘောထားပါ။ အဲဒီအရည်အသွေးတွေ ရှိလာတဲ့အခါ ယေဟောဝါ သင့်ကို ချစ်ကြောင်း၊ သင့်ရဲ့ အကောင်းဆုံးအကျိုးကို လိုလားကြောင်း ကိုယ်တွေ့ သိလာပါလိမ့်မယ်။—ဆာ. ၃၄:၈။ ဟေရှာ. ၄၈:၁၇၊ ၁၈။

၈။ အခုကတည်းက ဘုရားနဲ့ ရင်းနှီးအောင် ဘာကြောင့် ကြိုးစားသင့်သလဲ။ အဲဒါက အနာဂတ်မှာ သင့်ကို ဘယ်လို အကျိုးပြုမလဲ။

၈ မကြာခင် စာတန့်လောကရဲ့ အစိတ်အပိုင်း အားလုံး ပျက်စီးတော့မယ်။  ယေဟောဝါပဲ  ကျွန်တော်တို့ကို ကယ်တင်ပေးနိုင်တယ်။ ထမင်းနောက်တစ်နပ် စားရဖို့ ဘုရားကိုပဲ မျှော်ကိုးရတဲ့အချိန် ရောက်လာနိုင်တယ်။ (ဟဗ. ၃:၂၊ ၁၂-၁၉) ဒါကြောင့် အခုကတည်းက ဘုရားနဲ့ ရင်းနှီးအောင်၊ ယုံကြည်ကိုးစားမှု ခိုင်မြဲအောင် ကြိုးစားပါ။ (၂ ပေ. ၂:၉) ဒါဆိုရင် သင့်ပတ်လည်မှာ ဘာတွေပဲဖြစ်နေပါစေ “ယေဟောဝါဟာ ကျွန်တော့်ရှေ့မှာ အမြဲရှိနေတယ်။ ကျွန်တော့်ညာဘက်မှာ ဘုရားရှိနေလို့ ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး” လို့ ရေးခဲ့တဲ့ ဆာလံဆရာ ဒါဝိဒ်လို အမြဲခံစားရပါလိမ့်မယ်။—ဆာ. ၁၆:၈။

မိတ်ဆွေစစ်တွေကို ယေဟောဝါ ပေးထား

၉။ (က) ယောဟန် ၆:၄၄ အရ ယေဟောဝါ ဘာလုပ်နေသလဲ။ (ခ) သက်သေခံအချင်းချင်း တွေ့ဆုံတဲ့အခါ ဘာထူးခြားသလဲ။

၉ ယေဟောဝါဟာ ကမ္ဘာချီမိသားစုဝင် ဖြစ်လာမယ့်သူတွေ၊ စိတ်ရိုးဖြောင့်သူတွေကို စစ်မှန်တဲ့ ဝတ်ပြုရေးဆီ ဆွဲဆောင်တယ်။ (ယောဟန် ၆:၄၄ ကိုဖတ်ပါ။) ကျမ်းစာအမှန်တရား မသိတဲ့သူတစ်ယောက်ကို ဦးဆုံးတွေ့တဲ့အခါ သူ့အကြောင်း သင်ဘယ်လောက် သိသလဲ။ သူ့နာမည်၊ ပုံပန်းသွင်ပြင်ကလွဲလို့ သူ့အကြောင်း မသိသလောက်ပဲ။ ယေဟောဝါကို သိပြီး ချစ်တဲ့သူတစ်ယောက်ကို စတွေ့တဲ့အခါမှာတော့ အဲဒီလို မဟုတ်ဘူး။ နောက်ခံ၊ နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှု မတူရင်တောင် သူ့အကြောင်း အတော်များများ သိထားတယ်။ သူလည်း သင့်အကြောင်း သိထားတယ်။

လူမျိုးပေါင်းစုံ လူငယ်တွေ အစည်းအဝေးကြီး ပြီးနောက် အတူတူ စားသောက်နေကြ

ကျွန်တော်တို့ အကောင်းဆုံး မိတ်ဆွေတွေ ရဖို့၊ ဘုရားရေးရာ ပန်းတိုင်တွေ ချဖို့ ယေဟောဝါ လိုလား (အပိုဒ် ၉-၁၂ ကိုကြည့်ပါ)

၁၀၊ ၁၁။ ယေဟောဝါရဲ့ လူမျိုးမှာ ဘာဆင်တူချက်တွေ ရှိသလဲ။ ဒါက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။

၁၀ ဥပမာ၊ အချင်းချင်းရဲ့ “ဘာသာစကား၊” “စင်ကြယ်တဲ့ ဘာသာစကား” ကို ချက်ချင်း နားလည်ကြတယ်။ (ဇေ. ၃:၉) ဘုရားနဲ့ပတ်သက်တဲ့ ယုံကြည်ချက်၊ ကိုယ်ကျင့်တရားစံနှုန်း၊ အနာဂတ် မျှော်လင့်ချက် စတဲ့ အချက်တွေ တူညီကြတယ်။ အဲဒါတွေက လူတစ်ယောက်ကို သိဖို့၊ ယုံကြည်စိတ်ချဖို့၊ တည်မြဲတဲ့ မိတ်ဆွေစစ်တွေ ရဖို့ လိုအပ်တဲ့ အရေးကြီးဆုံး အချက်တွေပါပဲ။

၁၁ ယေဟောဝါကို ဝတ်ပြုသူအနေနဲ့ သင့်မှာ ကမ္ဘာချီမိတ်ဆွေစစ်တွေ ရှိထားတယ်။ မဆုံရသေးတာပဲ ရှိတယ်။ ယေဟောဝါရဲ့ လူမျိုးကလွဲလို့ ဘယ်သူတွေမှာ ဒီအဖိုးတန်လက်ဆောင် ရှိလို့လဲ။

အကျိုးရှိတဲ့ ပန်းတိုင်တွေ ချနိုင်အောင် ယေဟောဝါ ကူညီပေး

၁၂။ ဘာပန်းတိုင်တွေ ချမှတ်နိုင်သလဲ။

၁၂ ဒေသနာ ၁၁:၉–၁၂:၁ ကိုဖတ်ပါ။ သင် ကြိုးစားတက်လှမ်းနေတဲ့ ပန်းတိုင်တွေ ရှိသလား။ ကျမ်းစာ နေ့တိုင်း ဖတ်ဖို့၊ ဟောပြောသွန်သင်ခြင်းစွမ်းရည် တိုးတက်ဖို့ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရလဒ်ကောင်းတွေ ရတဲ့အခါ၊ တခြားသူတွေ ချီးမွမ်းတဲ့အခါ ဘယ်လို ခံစားရသလဲ။ သိပ်ပျော်မှာပဲ။ ယေရှုကို တုပပြီး ဘုရားအလိုတော်ကို ဦးစားထားတဲ့အတွက် ပျော်သင့်ပါတယ်။—ဆာ. ၄၀:၈။ ပညာ. ၂၇:၁၁။

၁၃။ လောကပန်းတိုင်တွေထက် ဘုရားအမှုဆောင်ခြင်းက ဘာကြောင့် ပိုကောင်းသလဲ။

၁၃ ဘုရားရေးရာ လုပ်ဆောင်မှုတွေကို အာရုံစိုက်နေတာက အချည်းနှီးမဖြစ်မယ့် ကျေနပ်စရာအလုပ်ပဲ။ “မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။ သခင့်အတွက် ခင်ဗျားတို့ ကြိုးစားအားထုတ်နေတာတွေ အချည်းနှီးမဖြစ်မှန်း သိထားပြီး သခင့်အလုပ်မှာ အမြဲအလုပ်များနေကြပါ” လို့ တမန်တော် ပေါလု ရေးတယ်။ (၁ ကော. ၁၅:၅၈) လောကမှာ ငွေရဖို့၊ အောင်မြင်ဖို့ ကြိုးစားသူတွေ တကယ်တမ်း မပျော်ကြဘူး။ သူတို့အောင်မြင်ရင်တောင် အချည်းနှီးပါပဲ။ (လု. ၉:၂၅) ဘုရင် ရှောလမုန် အဲဒီလိုဖြစ်ခဲ့တယ်။—ရော. ၁၅:၄။

၁၄။ ရှောလမုန်ရဲ့ အတွေ့အကြုံကနေ ဘာသင်ယူနိုင်သလဲ။

၁၄ အလွန်ချမ်းသာပြီး အာဏာရှိတဲ့ ရှောလမုန်က “ငါအပျော်အပါး လိုက်စားကြည့်ဦးမယ်။ ဒါမှ ဘာကောင်းကျိုးရမလဲ သိနိုင်မှာပေါ့” လို့ ပြောပြီး လက်တွေ့ စမ်းကြည့်ခဲ့တယ်။ (ဒေ. ၂:၁-၁၀) အိမ်တွေ ဆောက်၊ ဥယျာဉ်တွေ စိုက်ပျိုးပြီး ဆန္ဒရှိတာအားလုံး လုပ်ခဲ့တယ်။ ပြီးတဲ့နောက် ဘယ်လို ခံစားရသလဲ။ ပျော်ရွှင်ကျေနပ်ပြီး ရောင့်ရဲတင်းတိမ်သွားသလား။ ‘ကိုယ်တိုင်လုပ်ခဲ့သမျှကို ပြန်စဉ်းစားကြည့်တဲ့အခါ အားလုံးဟာ အချည်းနှီးပဲဆိုတာ ငါသိလာတယ်။ တကယ် အဖိုးတန်တဲ့အရာ မရှိပါလား’ လို့ သူကိုယ်တိုင် ရေးခဲ့တယ်။ (ဒေ. ၂:၁၁) အဖိုးတန် သင်ခန်းစာပါပဲ။

၁၅။ ယုံကြည်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ။ ဆာလံ ၃၂:၈ အရ ဘာအကျိုးတွေ ရမလဲ။

၁၅ ကျွန်တော်တို့ ထိခိုက်နာကျင်ပြီးမှ သင်ခန်းစာ ရတာမျိုး ယေဟောဝါ မဖြစ်စေချင်ဘူး။ ဘုရားကို နာခံဖို့၊ အလိုတော်ကို ဘဝမှာ ဦးစားထားဖို့ ယုံကြည်ခြင်း လိုအပ်တယ်။ ဒီယုံကြည်ခြင်းဟာ အဖိုးတန်တယ်။ ကျွန်တော်တို့ ဘယ်တော့မှ စိတ်ပျက်ရမှာ မဟုတ်ဘူး။ “နာမတော်အတွက်ပြတဲ့ မေတ္တာကို” ယေဟောဝါ ဘယ်တော့မှ မမေ့ပါဘူး။ (ဟီ. ၆:၁၀) ဒါကြောင့် ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်ပါ။ ဒါဆို သင့်ရဲ့ အကောင်းဆုံးအကျိုးကို ယေဟောဝါ လိုလားကြောင်း သိလာပါလိမ့်မယ်။—ဆာလံ ၃၂:၈ ကိုဖတ်ပါ။

စစ်မှန်တဲ့ လွတ်လပ်မှုကို ဘုရားပေး

၁၆။ လွတ်လပ်မှုကို ဘာကြောင့် တန်ဖိုးထားပြီး ပညာရှိရှိ သုံးသင့်သလဲ။

၁၆ “ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်” လို့ ပေါလု ရေးတယ်။ (၂ ကော. ၃:၁၇) လွတ်လပ်မှုကို ယေဟောဝါ မြတ်နိုးတယ်။ ကျွန်တော်တို့ကိုလည်း လွတ်လပ်မှု မြတ်နိုးစိတ် ထည့်ထားပေးတယ်။ တစ်ချိန်တည်းမှာ လွတ်လပ်မှုကို တာဝန်သိသိ သုံးစေချင်တယ်။ အဲဒါက အကာအကွယ်ပေးတယ်။ လူငယ်တချို့ ညစ်ညမ်းရုပ်ပုံ စာပေတွေ ကြည့်တယ်။ လိင်အကျင့်ယိုယွင်းတယ်။ အန္တရာယ်များတဲ့ အားကစားမှာ ပါဝင်ကြတယ်။ မူးယစ်ဆေးနဲ့ အရက် အလွဲသုံးကြတယ်။ အစပိုင်းမှာ တစ်ခဏ စိတ်လှုပ်ရှား ပျော်ရွှင်ပေမဲ့ ရောဂါရ၊ ဆေးစွဲပြီး သေတဲ့အထိ ဆိုးကျိုးတွေ ခံစားရလေ့ရှိတယ်။ (ဂလ. ၆:၇၊ ၈) သူတို့ရဲ့ “လွတ်လပ်မှု” ဟာ လှည့်စားမှုသက်သက်ပါပဲ။—တိ. ၃:၃။

၁၇၊ ၁၈။ (က) ဘုရားကို နာခံခြင်းက ဘယ်လို လွတ်လပ်စေသလဲ။ (ခ) အာဒံနဲ့ ဧဝဟာ အစပိုင်းမှာ ဒီနေ့ခေတ်လူတွေထက် ဘယ်လို ပိုလွတ်လပ်သလဲ။

၁၇ ယေဟောဝါကို နာခံခြင်းကတော့ အကျိုးပြုတယ်။ ကျွန်တော်တို့ကို ကျန်းမာစေတယ်။ လွတ်လပ်စေတယ်။ (ဆာ. ၁၉:၇-၁၁) ဘုရားသခင်ရဲ့ ပြည့်ဝစုံလင်တဲ့ ပညတ်နဲ့ မူတွေကို နာခံခြင်းအားဖြင့် လွတ်လပ်မှုကို ပညာရှိရှိ သုံးတဲ့အခါ သင်ဟာ ယုံကြည်စိတ်ချထိုက်သူ၊ လွတ်လပ်မှု ပိုရထိုက်သူဖြစ်ကြောင်း ဘုရားကိုရော မိဘတွေကိုပါ ဖော်ပြရာရောက်တယ်။ တကယ်တော့ သစ္စာရှိကျေးကျွန်တွေကို ပြည့်ဝစုံလင်တဲ့ လွတ်လပ်မှုပေးဖို့ ဘုရား ရည်ရွယ်ထားတယ်။ အဲဒါကို “ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှု” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။—ရော. ၈:၂၁။

၁၈ အာဒံနဲ့ ဧဝဟာ အဲဒီလွတ်လပ်မှုကို မြည်းစမ်းခဲ့ရတယ်။ ဧဒင်ဥယျာဉ်မှာ ကန့်သတ်ချုပ်ချယ်တဲ့ ပညတ် ဘယ်နှစ်ခု ဘုရား ပေးခဲ့သလဲ။ တစ်ခုတည်းပါ။ အပင် တစ်ပင်ရဲ့ အသီးကို မစားဖို့ပဲ။ (က. ၂:၉၊ ၁၇) အဲဒီ တစ်ခုတည်းသော ပညတ်က ချုပ်ချယ်လွန်းရာ ရောက်သလား။ မရောက်ပါဘူး။ မဖြစ်မနေ သင်ယူလိုက်နာဖို့ လူတွေ ထုတ်ထားတဲ့ ဥပဒေများစွာနဲ့ နှိုင်းယှဉ်ကြည့်ပါ။

၁၉။ လွတ်လပ်သူတွေဖြစ်ဖို့ ယေဟောဝါနဲ့ ယေရှု ဘယ်လို သွန်သင်ပေးနေသလဲ။

၁၉ ယေဟောဝါက လူတွေနဲ့ ဆက်ဆံတဲ့အခါ ဉာဏ်ပညာရှိတယ်။ မရေမတွက်နိုင်တဲ့ ပညတ်တွေကို ပေးမယ့်အစား မေတ္တာပညတ်ကို လိုက်တတ်အောင် စိတ်ရှည်ရှည် သင်ပေးတယ်။ ဘုရားရဲ့မူတွေအတိုင်း အသက်ရှင်စေချင်တယ်။ မကောင်းမှုကို မုန်းစေချင်တယ်။ (ရော. ၁၂:၉) တောင်ပေါ်တရားတော်မှာ ယေရှုက အမှားကျူးလွန်ရတဲ့ အကြောင်းရင်းကို နားလည်အောင် သင်ပေးတယ်။ (မ. ၅:၂၇၊ ၂၈) ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ကမ္ဘာသစ်မှာ ဆက်သွန်သင်ပေးပါလိမ့်မယ်။ ဒါမှ ဖြောင့်မတ်မှု၊ တရားမဲ့မှုနဲ့ပတ်သက်တဲ့ ခရစ်တော်ရဲ့ အမြင်မျိုး ကျွန်တော်တို့မှာ အပြည့်အဝ ရှိလာမယ်။ (ဟီ. ၁:၉) ရုပ်ပိုင်း၊ စိတ်ပိုင်း ပြည့်ဝစုံလင်လာမယ်။ အပြစ်လုပ်ချင်စိတ် လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ အပြစ်ရဲ့ ကြောက်မက်ဖွယ် ဆိုးကျိုးတွေ လုံးဝ ကြုံရတော့မှာ မဟုတ်ဘူး။ နောက်ဆုံး၊ ယေဟောဝါ ကတိပေးထားတဲ့ “ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှု” ခံစားရပါလိမ့်မယ်။

၂၀။ (က) လွတ်လပ်မှုကို ယေဟောဝါ ဘယ်လို သုံးသလဲ။ (ခ) ဘုရားသခင့် ပုံသက်သေကို ဘယ်လို တုပနိုင်သလဲ။

၂၀ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုဟာ အကန့်အသတ်မဲ့တော့ မဟုတ်ဘူး။ ဘုရားနဲ့ လူသားချင်းကို ချစ်တဲ့ မေတ္တာက ထိန်းကွပ်ပေးပါလိမ့်မယ်။ ယေဟောဝါက မိမိကို တုပဖို့ တောင်းဆိုထားတယ်။ အကန့်အသတ်မဲ့ လွတ်လပ်မှု ရှိပေမဲ့ အသိဉာဏ်ရှိ ဖန်ဆင်းရာတွေကို မေတ္တာနဲ့ ဆက်ဆံတယ်။ (၁ ယော. ၄:၇၊ ၈) ဒါကြောင့် ဘုရားရဲ့ မေတ္တာကို တုပမှသာ စစ်မှန်တဲ့ လွတ်လပ်မှု ရရှိနိုင်မယ်။

၂၁။ (က) ယေဟောဝါနဲ့ပတ်သက်ပြီး ဒါဝိဒ် ဘယ်လို ခံစားရသလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၁ အချိန်တန်အစာ၊ မိတ်ဆွေစစ်၊ အကျိုးရှိတဲ့ ပန်းတိုင်၊ ပြည့်ဝစုံလင်တဲ့ လွတ်လပ်မှုရမယ့် အလားအလာ စတဲ့ ဘုရားပေး “ကောင်းမွန်ရာတွေ” အတွက် သင် ကျေးဇူးတင်သလား။ (ဆာ. ၁၀၃:၅) ဒါဆိုရင် “ကိုယ်တော်ကြောင့် အသက်လမ်းကို ကျွန်တော် သိရှိရတယ်။ ရှေ့တော်မှာ နေခွင့်ရလို့ သိပ်ပျော်တယ်။ ကိုယ်တော့်ညာဘက်မှာ နေခွင့်ရလို့ ထာဝစဉ် ကြည်နူးတယ်” လို့ ဆုတောင်းခဲ့တဲ့ ဒါဝိဒ်လို ခံစားရပါလိမ့်မယ်။ (ဆာ. ၁၆:၁၁) ဆာလံ ၁၆ မှာပါတဲ့ နောက်ထပ် အဖိုးတန်အမှန်တရားတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ အဲဒါတွေက အကောင်းဆုံးဘဝ ပိုင်ဆိုင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ