သင့်ထုံးစံကားအဘယ်နည်း
၁ ခရစ်ယာန်စည်းဝေးများသည် ယေဟောဝါဝတ်ပြုမှုတွင် အရေးကြီးသောကဏ္ဍဖြစ်သည်။ “လူအချို့တို့သည် ထုံးစံရှိသည်အတိုင်း” စည်းဝေးခြင်းအမှုကိုမရှောင်မလွဲရန် တမန်တော်ပေါလုလျောက်ပတ်စွာ တိုက်တွန်းထားသည်။—ဟေ၊ ၁၀:၂၅။
၂ ခရစ်ယာန်စည်းဝေးများတွင် သင့်ညီအစ်ကိုများနှင့် ပေါင်းသင်းခြင်းကို ထပ်တူသဘောထားများရှိပါသလော။ ဤကိစ္စနှင့်ပတ်သက်၍ သင့်ထုံးစံကဘာပြသနည်း။ အသင်းတော်စာအုပ်ကြီးသင်တန်းအပါအဝင် စည်းဝေးအားလုံးကို သင်တက်ပါသလော။ သို့မဟုတ် စည်းဝေးတက်ခြင်း ပျက်ကွက်သည့်ထုံးစံရှိနေကြောင်း ကိုယ့်ကိုယ်ကိုသတိပြုမိသလော။ အခြားသူများအား စည်းဝေးများကို မှန်မှန်တက်ကြရန် အားပေးနေပါသလော။ သတိရအောက်မေ့ပွဲတက်သူများအား စည်းဝေးများမှန်မှန်တက်ကြရန် အားပေးနေပါသလော။
၃ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများ မည်သို့ရှိစေကာမူ ပေါလု၏အကြံပေးချက်ကိုကား အထင်မသေးသင့်။ မမာမကျန်းဖြစ်ခြင်း သို့မဟုတ် မိမိမတတ်နိုင်သောအခြေအနေများကြောင့် စည်းဝေးမတက်နိုင်သည့်အခါများရှိဦးတော့ ဤသို့ဖြစ်ခြင်းသည် ခရစ်ယာန်တစ်ဦး၏ထုံးစံမဖြစ်သင့်။ (ရော၊ ၂:၂၁) သီအိုကရက်တစ်လုပ်ရပ်များ ပါဝင်မည့် တာဝန်များစွာရှိသောကြောင့် ခရစ်ယာန်တစ်ဦးသည် သာ၍အရေးကြီးသောအရာများကား မည်သည့်အရာများဖြစ်ကြောင်း စစ်ဆေးရန်လိုပေသည်။ (ဖိ၊ ၁:၁၀) ခရစ်ယာန်တစ်ဦးအတွက် သာ၍အရေးကြီးသောအရာများတွင် စည်းဝေးများပါဝင်သည်ဖြစ်၍ ယင်းသည် ကျွန်ုပ်တို့၏ဝိညာဏကျန်းမာမှုအတွက် အဓိကဖြစ်သည်။
တစ်ဦးကိုတစ်ဦး အားပေး
၄ ရောမမြို့သားများထံ ပေါလုစာရေးချိန်တွင် သူတို့ကို တွေ့လိုကြောင်းသူပြောခဲ့သည်။ အဘယ်ကြောင့်နည်း။ သူတို့ “ခိုင်ခံ့မြဲမြံမည်” အကြောင်း ဝိညာဏဆုကျေးဇူးပေးခြင်းငှာဖြစ်သည်။ (ရော၊ ၁:၁၁) ပေါင်းသင်းခြင်းသည် အရေးကြီးရုံမက တကယ်လိုအပ်ကြောင်း ဤသို့ဆက်ပြောဆိုခြင်းမှသိရသည်။ ‘ငါနှင့်သင်တို့သည် အချင်းချင်းအားရသက်သာမည်အကြောင်းဖြစ်သည်။’ Reference Bible အောက်ခြေမှတ်ချက်တင်ပြသကဲ့သို့ပင် “အတူတကွအားပေးတည်ဆောက်မှုဖြစ်ခြင်းငှာတည်း။” (ရော၊ ၁:၁၂) တမန်တော်တစ်ဦးဖြစ်သောပေါလုပင်လျှင် ခရစ်ယာန်ပေါင်းသင်းမှုမှ အားပေးတည်ဆောက်မှုရယူရန်လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့သည်။
၅ ထိုနည်းတူ မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း ကျွန်ုပ်တို့၏စည်းဝေးများတွင် တစ်ဦးကိုတစ်ဦး တိုက်တွန်းနှိုးဆော်နိုင်သည်။ ဖေါ်ရွေသောအပြုံးကလေး၊ လှိုက်လှဲစွာကြိုဆိုခြင်းအားဖြင့် သူတစ်ဖက်သားအပေါ် အပြုသဘောအကျိုးရှိစေသည်။ တည်ဆောက်မှုပေးသောအဖြေများ၊ အစီအစဉ်ကို ကောင်းစွာပြင်ဆင်ထားခြင်း၊ ဝိညာဉ်ရေးဘက် တိုးတက်နေသည်ကို တွေ့ရခြင်း၊ စည်းဝေး၌ ညီအစ်ကိုများနှင့်အတူရှိနေရခြင်းကပင် အားရှိစရာဖြစ်သည်။ တစ်နေ့တာကုန်လွန်၍ မောပန်းနေသည့်တိုင်အောင် စည်းဝေးတက်ပြီးလျှင် အပန်းပြေသက်သာမှုရသည်ကို သတိပြုမိမည်။ ခရစ်ယာန်မိတ်ဆွေများ၏ခင်မင်မှု၊ ညီအစ်ကိုများ၏မေတ္တာသည် “ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြ” ရန် အားပေးမှုဖြစ်စေမည်။ (ဟေ၊ ၁၂:၁) ဘုရားသခင့်နှုတ်ကပတ်တော်ကို ဂရုစိုက်နာယူခြင်းအားဖြင့် မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်မြဲမြံစွာဆုပ်ကိုင်ထားရန် အသင့်ရှိပေမည်။ စည်းဝေးများတွင်ရှိနေခြင်းမှ ကောင်းချီးများစွာခံစားနိုင်ကြပါသည်။
၆ ယခုတစ်ခါနှင့်မျှမတူအောင် ကျွန်ုပ်တို့ယုံကြည်ခြင်းကိုဆုပ်ကိုင်ထားကာ မေတ္တာစိတ်နှင့်ကောင်းသောအကျင့်များကျင့်စေရန် အားပေးတိုက်တွန်းရမည်။ စည်းဝေးခြင်းအမှုကို ရှောင်လွဲသည့်ထုံးစံကျွန်ုပ်တို့၌မရှိစေလိုပါ။ စည်းဝေးများကိုမှန်မှန်တက်ရန် သူတစ်ပါးကိုကြိုးစားအားပေးကူညီသင့်သည်။ ဤနည်းဖြင့် သူတစ်ပါးကိုချစ်ကြောင်း၊ ခရစ်ယာန်စည်းဝေးများကို တန်ဖိုးထားလေးစားကြောင်း ကျွန်ုပ်တို့တင်ပြကြမည်။