မေးခွန်းသေတ္တာ
▪ နှစ်ခြင်းခံခြင်းအစီအစဉ်ကိုတက်ရောက်သူများ ရွှင်လန်းမှုမည်သို့တင်ပြနိုင်သနည်း။
နှစ်ခြင်းခံခြင်းသည်ရွှင်လန်းရာအချိန်ဖြစ်သည်။ လူသစ်များယေဟောဝါဘက်ရပ်တည်လာပြီး ယုံကြည်ခြင်းကိုလူသိရှင်ကြားတင်ပြခြင်းအတွက် ကျွန်ုပ်တို့ဝမ်းသာကြသည်။ (ဆာ၊ ၄၀:၈) ယင်းက ကောင်းကင်တွင်ကြီးစွာသောရွှင်လန်းခြင်းဖြစ်ကြောင်း ယေရှုပြောသည်။ (လု၊ ၁၅:၁၀) နှစ်ခြင်းခံသူလူသစ်ကဤသို့တက်လှမ်းခြင်းအတွက် သူ့ကိုကျမ်းစာသင်ပေးသည့်ကြေညာသူများနှင့်မိသားစုတို့အထူးသဖြင့်ဝမ်းမြောက်ကြမည်။ သို့သော်ထိုဝမ်းမြောက်မှုကိုမည်သို့တင်ပြကြမည်နည်း။
ခရစ်တော်၏နှစ်ခြင်းက ယနေ့ခရစ်ယာန်နှစ်ခြင်းအတွက်ပုံသက်သေကောင်းတင်ပြခဲ့သည်။ အရေးကြီး၍မဖြစ်မနေတက်လှမ်းရမည့်ခြေလှမ်းအဖြစ် ကိုယ်တော်မှတ်ယူခဲ့သည်။ နှစ်ခြင်းခံစဉ်တွင်ကိုယ်တော်ဆုတောင်းခဲ့သည်။ (လု၊ ၃:၂၁၊ ၂၂) နှစ်ခြင်းခံချိန်တွင် အာရုံမပြန့်လွင့်ဘဲစဉ်းစားဆင်ခြင်ရမည့်အချိန်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူခဲ့သည်။ တပည့်တော်များလည်းနှစ်ခြင်း၏အရေးကြီးမှုကိုအသိအမှတ်ပြုခဲ့ကြသည်။ ခ၊ သ ၃၃ခု၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပြီးနောက်လူ ၃၀၀၀ နှစ်ခြင်းခံခဲ့ကြသည်။ ထိုအချင်းအရာကိုမြင်တွေ့သောတပည့်တော်များ မည်သို့တုံ့ပြန်ကြသနည်း။ “ထိုသူများသည်၊ တမန်တော်တို့၏ဆုံးမသြဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကို” ပြုခဲ့ကြသည်။ (တ၊ ၂:၄၁၊ ၄၂) တပည့်တော်များသည်ဝိညာဉ်ရေးရာများခံယူကြပြီး အချင်းချင်းဧည့်ဝတ်ပြုခဲ့ကြသည်။
ယနေ့ခရစ်ယာန်စည်းဝေးပွဲကြီးများတွင် နှစ်ခြင်းအစီအစဉ်သည်အထူးထင်ရှားသည်။ လက်ခုပ်သြဘာပေးခြင်းနှင့် တစ်ဦးစီကိုတွေ့လျှင်ယေဟောဝါဘက်ရပ်တည်ခြင်းအတွက်ချီးမွမ်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းကိုတင်ပြနိုင်သည်။ တစ်ဖက်တွင်မူ အလွန်အကျွံသြဘာပေးခြင်း၊ လက်ခေါက်မှုတ်ခြင်း၊ လက်များဝှေ့ယမ်းမြောက်ပြခြင်း၊ အမည်အော်ခေါ်ခြင်းတို့သည်မသင့်လျော်ပါ။ ယင်းလုပ်ရပ်တို့သည် ဤယုံကြည်ခြင်းတင်ပြမှု၏အရေးကြီးခြင်းနှင့် မြင့်မြတ်ခြင်းတို့ကိုမလေးစားရာကျသည်။ နှစ်ခြင်းခံသူရေထဲမှပြန်တက်လာသောအခါလူမြင်ကောင်းအောင် ပန်း၊ သို့မဟုတ်အခြားအရာဝတ္ထုများပေးခြင်းတို့သည်လည်းမသင့်လျော်ပါ။ နှစ်ခြင်းသည် ခရစ်ယာန်ကယ်တင်ခြင်းပြေးပွဲ၏အစကိုမှတ်သားပြသည်။ ကျွန်ုပ်တို့ဝမ်းမြောက်နိုင်ကြပြီး၊ ယေဟောဝါနှင့်ရင်းနှီးသောဆက်သွယ်မှုအတွက် နှစ်ခြင်းကလမ်းဖွင့်ပေးသည်ကိုနှစ်ခြင်းခံသူများလေးစားတန်ဖိုးထားရန် အားပေးနိုင်သည်။
နှစ်ခြင်းခံသည့်နေရာသည် နောက်ပြောင်ခြင်း၊ ကစားခြင်း၊ ရေကူးခြင်း၊ သို့မဟုတ်အခြားလုပ်ရပ်များအားဖြင့် အရေးကြီးသည့်အချိန်ကိုအနှောင့်အယှက်ဖြစ်စေသည့်နေရာမဖြစ်သင့်။ ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဣန္ဒြေသိက္ခာရှိရှိတင်ပြသင့်သည်။ ကျွန်ုပ်တို့၏စည်းကမ်းသေဝပ်မှုနှင့်အလေးတမူရှိခြင်းတို့က ရောက်ရှိလာသူအားလုံးကိုရွှင်လန်းမှုဝေမျှပေးနိုင်သည်။