ဩဂုတ်လတွင် တိုးတက်မှုများများရရန် ကြိုးစားခြင်း
၁ “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း သာဓကများ တိုးများလာပါသည်။ (၂ တိ၊ ၃:၁) နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ထမ်းဆောင်နိုင်ရန်အချိန် လျော့နည်းနေသည်ကား အမှန်ပင်။ ထိုကြောင့် ယေဟောဝါဘုရားသခင် အလိုတော်နှင့်တွေ့သော ဝတ်ပြုကိုးကွယ်သူများဖြစ်လာစေရန် သူတစ်ပါးကို ကျွန်ုပ်တို့တစ်ဦးစီ ကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းကို အလောတကြီးပြုလုပ်ရန် လိုအပ်နေပါသည်။
၂ မိမိ၏ယုံကြည်ခြင်းကို လူအများရှေ့တင်ပြခြင်းတာဝန် ကျေပွန်ရမည်ဟု တမန်တော်ပေါလု ကောင်းစွာသဘောပေါက်ပါသည်။ (ရော၊ ၁၀:၁၀) “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင်လိုတော်ရှိ” ကြောင်းကို သူသဘောပေါက်သည်။ (၁ တိ၊ ၂:၄) သမ္မာတရားကိုသိကျွမ်းခြင်းကြောင့် လူတိုင်းအား မိမိကြွေးဆပ်စရာရှိနေသည်ဟု သူယူမှတ်ပါသည်။ ယင်းကြောင့် သတင်းကောင်းကို သူအရေးတကြီးကြွေးကြော်လိုခဲ့သည်။ သူက “ငါတတ်နိုင်သမျှအတိုင်း . . . သင်တို့အား ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုဟောခြင်းငှာ စေတနာစိတ်ရှိ၏။ ငါသည် ခရစ်တော်၏ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် . . . ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။”—ရော၊ ၁:၁၄-၁၇။
၃ ကျွန်ုပ်တို့ကိုယ်တိုင် ထပ်တူကြွေးတင်နေသည့်စိတ်ထားရှိကာ သမ္မာတရားကို ဟောပြောသွန်သင်ပေးရန် စိတ်စေတနာပြင်းပြပါသလော။ လူတို့သည် သမ္မာတရားကိုရပြီး ယေဟောဝါထံ ဆက်ကပ်အပ်နှံကြရန် ကျွန်ုပ်တို့မည်မျှ ကူညီပေးပါသနည်း။ ဓမ္မအမှုတိုးတက်ရေးကို ကျွန်ုပ်တို့အမှန်တကယ် စိတ်ဝင်စားကြပါသလော။ လုပ်ငန်းတော်မတိုးတက်လျှင် စိုးရိမ်ကြပါသလော။ ရှေ့ဆောင်များအနေနှင့် ကျွန်ုပ်တို့သည် သိုးကဲ့သို့သောသူများကို ဝီရိယရှိရှိ ရှာဖွေကြပါသလော။ အကြီးအကဲများ၊ ဓမ္မအမှုဆောင်များအနေနှင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၊ ပြန်လည်ပတ်မှုများနှင့် ကျမ်းစာသင်အံမှုကျင်းပခြင်းကို ဇွဲလုံ့လနှင့်ဆောင်ရွက်ပါသလော။
၄ ၁၉၉၂ ဩဂုတ်လတွင် အကြီးအကျယ်တိုးတက်မှုဖြစ်သည့် တစ်ခါမျှမရခဲ့ဖူးသော ကြေညာသူနှုန်းသစ်၊ ၂,၀၉၂ ယောက်မှတ်တမ်းသွင်းခဲ့သည်။ ယင်းသည် ၁၂ လရှိသွားပေပြီ။ ဤဆောင်းပါးကိုရေးသားချိန်တွင် မေလမှတ်တမ်း မပြည့်စုံသေးပါ။ ၁၉၉၂ စက်တင်ဘာလမှ ၁၉၉၃ ဧပြီလအထိ ရှစ်လလုံးလုံး၏မှတ်တမ်းက ဩဂုတ်လမှတ်တမ်းထက် လစဉ်အရေအတွက်လျော့နည်းခြင်းကိုသာတင်ပြခဲ့သည်။ ၁၉၉၂ အောက်တိုဘာလတွင် ၂,၀၃၀ ယောက်အထိပင် ကျဆင်းခဲ့သည်။ ဧပြီမှတ်တမ်းက ၂,၀၇၄ ယောက်တင်ပြသည်။ လွန်ခဲ့သောသြဂုတ်လကတည်းက ၂,၀၉၂ ယောက်အရေအတွက်ကို ပြန်မရခဲ့ပါ။ အဘယ်ကြောင့်နည်း။ ဘာဖြစ်သွားပါသနည်း။ ယေဟောဝါဘုရားသခင်၏အမှုတော်ကို မဆောင်ရွက်သူ အဘယ်ကြောင့် ဤမျှများပြားရသနည်း။ အကြီးအကဲများသည် ယင်းကိစ္စကို အဘယ်ကြောင့် အရေးယူမဆောင်ရွက်ကြပါသနည်း။ ဘုရားသခင့်အမှုတော်ကို မဆောင်ရွက်ရန် သူတို့အား အဘယ်အရာက တားဆီးပါသနည်း။
၅ ရုပ်ပစ္စည်းက ကျွန်ုပ်တို့ညီအစ်ကိုညီအစ်မများစွာအား ဘုရားအမှုတော်မဆောင်ရွက်ရန် တားဆီးပေးခဲ့သည်။ (ကျွန်ုပ်တို့ဝတ်ပြုရေးတွင် ဘုရားသခင်အကြောင်း သက်သေခံခြင်းပါဝင်သည်ကို မမေ့လျော့ကြပါနှင့်။) ငွေရှာရန်အတွက် ညီအစ်ကိုညီအစ်များစွာသည် မိသားစုနှင့်အသင်းတော်များမှ ခွဲခွာပြီးခရီးထွက်ကြကြောင်း ကြားသိရပါသည်။ ငွေကိုတပ်မက်ခြင်းက သူတို့အားကျော့ဖမ်းခဲ့၍ ဘုရားသခင့်အမှုတော်ကို သူတို့မဆောင်ရွက်နိုင်ရန် သူတို့အားဆုပ်ကိုင်ထားပါသည်။ သို့ဖြစ်၍ ရုပ်ဝါဒ၏ကျွန်များ ဖြစ်သွားကြပါသည်။ ယခုဆိုလျှင် စည်းဝေးတက်ခြင်းလုံးဝမရှိ၊ လယ်ကွင်းလုပ်ငန်း၌ပါဝင်ခြင်းလည်း မရှိတော့ချေ။ ဝမ်းနည်းစရာပါတကား။ သူတို့သည် ဘုရားသခင်အမှုတော်ကိုမဆောင်ရွက်လျှင် မည်သူ့အကျိုးကို ဆောင်ရွက်နေကြပါသနည်း။ ယေဟောဝါဘုရားသခင်နှင့်အတူမရှိလျှင် ယခုသူတို့ မည်သူနှင့်တွဲဖက်နေသနည်း။—၁ ယော၊ ၂:၁၅-၁၇။
၆ အခြားညီအစ်ကိုညီအစ်မများလည်း အကြောင်းအမျိုးမျိုးကြောင့် စည်းဝေးများကို မှန်မှန်တက်ရန် ဘုရားသခင့်အမိန့်တော်ကို မနာခံ၊ ဘုရားပေးတာဝန်ဖြစ်သည့် တစ်အိမ်မှတစ်အိမ် သတင်းကောင်းကြေညာခြင်းမရှိကြပါ။ အချို့မှာ ငွေရေးကြေးရေးပြဿနာများရှိနေသည်။ အိမ်ထောင်ရေးပြဿနာ၊ ကျန်းမာရေးပြဿနာများလည်း ရှိနေကြပါသည်။ လူငယ်များလည်း ပညာသင်ခြင်းနှင့် အလုပ်များနေကြ၏။ စည်းဝေးများမတက်၊ လယ်ကွင်းလုပ်ငန်းတွင်မပါဝင်ဘဲနေလျှင် ပြဿနာများ ပျောက်လွင့်သွားမည်လော။ ယင်းပြဿနာများကြောင့် ပူပင်သောကရောက်နေရုံဖြင့် ပြေလည်သွားမည်ထင်သလော။ ယင်းပြဿနာများကြောင့် ရှောင်ဖယ်နေ၍ ဘုရားကိုမေ့လျော့နေခြင်းအားဖြင့် မပြေလည်ဘဲ ပြဿနာတိုးများလာပေမည်။ အခက်အခဲကြုံမည်ဆိုလျှင် ဘုရားသခင်ထံ ပိုမိုချဉ်းကပ်ဖို့လိုပါသည်။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ” ဟုဆာလံ ၅၅:၂၂ တွင်ဘုရားသခင့်နှုတ်ကပါဌ်တော် တိုက်တွန်းထားသည်။
၇ ဘုရားသခင်ကို ဆက်ကပ်အပ်နှံ သစ္စာကတိဝတ်ပြုသည်အတိုင်း ဝတ်ကိုဖြေကြစို့။ အကြောင်းမူကား၊ သစ္စာကတိဝတ်ကိုမဖြေဘဲနေသူတို့ကို ဘုရားသခင် အားရနှစ်သက်တော်မမူ။ (ဒေ၊ ၅:၄၊ ၅) သင်သည် နှစ်ခြင်းမခံရသေးသည်တိုင် ကြေညာသူအဖြစ် မှတ်တမ်းသွင်းနေပြီဆိုလျှင် အသင်သည် ဘုရားသခင်အား ဆက်ကပ်အပ်နှံထားပြီဟု သတိရပါ။ သင့်သစ္စာကတိဝတ်ကိုဖြေရန် တာဝန်ရှိနေပါပြီ။ (တရား၊ ၂၃:၂၃) သစ္စာဖျက်၍ နောက်တွန့်ဆုတ်သူများကို ဘုရားသခင်အားရနှစ်သက်တော်မမူပါ။—ဟေဗြဲ ၁၀:၃၈။
၈ မြန်မာနိုင်ငံရှိ အသင်းတော်တိုင်းတွင်ပင် အထူးရှေ့ဆောင်များ ရှိပါသည်။ အသင်းတော်များကို သူတို့အပြည့်အဝထောက်ပံ့အားပေး၊ ကူညီသင့်ပါသည်။ ယင်းအတွက် အသင်းတော်နှင့် သူတို့အားတွဲဖက်နေစေခြင်းဖြစ်သည်။ အထူးရှေ့ဆောင်တစ်ဦးစီသည် နေ့စဉ်အမှုဆောင်ထွက်သည့်အခါ ကြေညာသူတစ်ဦးကို တွဲခေါ်ဆောင်သွားမည်ဆိုလျှင် မြန်မာနိုင်ငံတွင် မှန်မှန်မကြေညာသူ တစ်ယောက်မျှရှိစရာမလိုပါ။ ဥပမာ၊ အထူးရှေ့ဆောင် ၁၇၅ ယောက်စလုံးသည် ၁၂ ရက်တာအတွင်း လယ်ကွင်းလုပ်ငန်း၌ ကြေညာသူတစ်ဦးစီ ခေါ်သွားမည်ဆိုလျှင် ကြေညာသူ ၂,၁၀၀ ယောက်ကို ခေါ်သွားခဲ့မည်။ ယင်းသည် ဥပမာပြချက်မျှဖြစ်သည်။ ကြေညာသူများကို အကူအညီပေးလိုကြောင်းပြောပြကာ လုပ်ငန်းတော်၌ပါဝင်ရန် ဖိတ်ခေါ်သင့်ပါသည်။ မည်သူများ အကူအညီလိုကြောင်း၊ မည်သူများသည် မှန်မှန်ကြေညာသူမဟုတ်ကြောင်း အကြီးအကဲများကို မေးမြန်းပါ။ ရှေ့ဆောင်များ၊ အထူးနှင့်မှန်မှန်ပါ ဤလ၊ ၁၉၉၃ ဩဂုတ်လကို ထူးခြားသောလဖြစ်စေရန် ကူညီပေးပါဟု မေတ္တာရပ်ခံပါသည်။ သင့်ကျမ်းစာသင်အံမှုများကော။ ကြေညာသူ မည်မျှဖြစ်နိုင်ပြီနည်း။ အထူးရှေ့ဆောင်များသည် လစဉ် အိမ်တွင်းကျမ်းစာသင်အံမှု တစ်ထောင်မကကျင်းပနေကြပါသည်။ ဤသင်အံမှုများအနက် လေးပုံပုံတစ်ပုံသာ သူတို့ကိုယ်ကို ဘုရားသခင်ထံဆက်ကပ်အပ်နှံမည်ဆိုလျှင် မည်မျှတိုးတက်နိုင်မည်ကို စဉ်းစားကြည့်ပါလေ။
၉ အသင်းတော်များနှင့်ပတ်သက်၍ တိုက်နယ်ကြီးကြပ်မှူးများထံမှရသော မှတ်တမ်းများအရ အသင်းတော်အကြီးအကဲများသည် သိုးထိန်းခြင်းလုပ်ငန်းကို မလုပ်ကိုင်ကြကြောင်း သိရှိရသည်။ အလွန်ဝမ်းနည်းစရာပါကား။ ဘုရားသခင်၏သိုးများကို အသင်းတော်အကြီးအကဲများ လျစ်လျူရှုထားခြင်းကို ကြီးမြတ်သောသိုးထိန်းရှင်နှင့် ကောင်းသောသိုးထိန်းတို့သည် မည်သို့ယူဆမည်နည်း။ တိုးတက်မှုမရှိလျှင်လည်း အကြီးအကဲများသည် စိုးရိမ်ကြောင့်ကြပုံမရှိပါ။ ဌာနခွဲသို့ မည်သည့်မှတ်တမ်းပင် ပို့ရစေကာမူ ကျေနပ်နေဟန်ရှိသူများလည်းရှိသည်။ အကြီးအကဲအားလုံး ဝီရိယစိုက်ထုတ်ကြရန်၊ စည်းဝေးများကို မှန်မှန်တက်ကြ၍ ယင်းအတွက် ကောင်းစွာပြင်ဆင်ပြီး ပါဝင်ကြရန်နှင့် လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ကြခြင်းဖြင့် ပုံသက်သေကောင်းကို တင်ပြကြရန် အားပေးတိုက်တွန်းပါသည်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၊ ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုများပြုလုပ်ခြင်း၌ ဝီရိယစိုက်ထုတ်စေလိုပါသည်။ သင့်ကျမ်းစာသင်အံမှုများသည် သင်နှင့်အတူ အစည်းအဝေးများတက်ကြရန် အားပေးပါ။ သင်၏ပုံသက်သေကောင်းသည် ညီအစ်ကိုညီအစ်မအားလုံးအတွက် အားပေးတည်ဆောက်မှုဖြစ်ပြီး ယင်းကို သူတို့အလွန်တန်ဖိုးထား လေးစားကြမည်အမှန်။
၁၀ ဤလတွင် တနင်္ဂနွေနေ့ ငါးရက်နှင့် စနေနေ့ လေးရက်ရှိသည်။ ကျွန်ုပ်တို့အားလုံး၊ အကြီးအကဲများ၊ ဓမ္မအမှုဆောင်များ၊ ရှေ့ဆောင်များနှင့် ကြေညာသူများ (နှစ်ခြင်းယူပြီးသည်ဖြစ်စေ၊ မယူရသေးသည်ဘဲဖြစ်စေ) ဘုရားသခင့်သစ္စာရှိ သားသမီးများအနေနှင့် တနင်္ဂနွေနေ့တိုင်း (ဖြစ်နိုင်လျှင် အခြားနေ့ရက်များတွင်လည်း) အမှုဆောင်ထွက်ကြလျှင် ကျွန်ုပ်တို့၏မေတ္တာရှင် ဘုရားသခင် ယေဟောဝါအား ကြီးမားသောချီးမွမ်းခြင်းဝတ် ပြုနိုင်ကြမည်ပါတကား။ ဩဂုတ် ၁ ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်ပါသည်။ လ၏ပထမရက်တွင် ကျွန်ုပ်တို့အားလုံး အမှုဆောင်ထွက်ကြ၍ မှန်မှန်မကြေညာသူများကို အကူအညီပေးမည်ဆိုလျှင် လွန်ခဲ့သောနှစ်၏ နှုန်းသစ်ထက် သာ၍ကောင်းသောအရေအတွက်ကို အဘယ်ကြောင့်မရနိုင်စရာအကြောင်း ရှိပါမည်နည်း။ သင့်အသင်းတော်တွင်လည်းကောင်း၊ သင့်မိသားစုမှလည်းကောင်း ကြေညာသူလူသစ်များ စပေးနိုင်မနိုင် သတိပြုပါလေ။ သင့်ကျမ်းစာသင်အံမှုများမှလည်း ကြေညာသူဖြစ်နိုင်သူများ ရှိပါသလော။ ဤလတွင် ကြိုးစားကြပြီး ဘုရားသခင်ကို စမ်းသပ်ကြည့်ကြပါစို့။ ဘုရားသခင်သည် သစ္စာရှိတော်မူ၍ ကျွန်ုပ်တို့လက်မခံနိုင်သည့်တိုင်အောင် ကောင်းချီးများကို အမှန်တကယ် သွန်းလောင်းပေးတော်မူလိမ့်မည်။—မာလ၊ ၃:၁၀။