ဝမ်းမြောက်သောမိဘများ!
၁ သင်သည် ခရစ်ယာန်အိမ်ထောင်တွင်နေထိုင်သော လူငယ်တစ်ဦးဖြစ်မည်ဆိုလျှင် သင့်မိဘများကိုပျော်ရွှင်စေနိုင်သည့် အထူးနည်းတစ်နည်းရှိသည်။ ဖြောင့်မတ်သောလမ်းစဉ်ကို သင်လိုက်လျှောက်မည်ဆိုလျှင် “သင်၏မိဘတို့သည် ဝမ်းမြောက်” လိမ့်မည်။ (သု. ၂၃:၂၂-၂၅) သင့်မိဘများသည် သင့်အတွက် အကောင်းဆုံးဖြစ်စေလိုသည်။ သမ္မာတရားသည် သင့်ကိုယ်ပိုင်ဖြစ်ပြီး ယေဟောဝါထံ သင့်ဘဝကိုဆက်ကပ်အပ်နှံသည်ကို တွေ့ရခြင်းထက် သူတို့နှစ်သက်မည့်အရာမရှိနိုင်ပါ။
၂ သမ္မာတရားတွင်ရှိသော မိဘများရထားသည့်အတွက်ကြောင့် သင်ကျေးဇူးတင်နိုင်သည်။ သင်မွေးကတည်းက သင့်အား ကျွေးမွေး၊ ဆင်ယင်၊ နေရာထိုင်ခင်းပေးပြီး ဖျားနာသည့်အခါ ကြည့်ရှုပြုစုခဲ့ပြီ။ ထိုထက်အရေးကြီးသည်ကား သင့်အား ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်သောလမ်းစဉ်များကို ကြိုးစားသွန်သင်ပေးခဲ့ပြီ; ယင်းကား သင့်အားထာဝရအသက်ကျိန်းသေရစေနိုင်သည့် လေ့ကျင့်မှုပင်ဖြစ်သည်။ (ဧ. ၆:၁-၄) ယင်းကို အသင်ကျေးဇူးတင်မဆုံးကြောင်း မည်သို့ဖော်ပြနိုင်သနည်း။
၃ သမ္မာတရားကို ကိုယ်ပိုင်ဖြစ်စေပါ– သင့်မိဘများသည် သမ္မာတရားကို အလေးအနက်သဘောထားရန်၊ ဝိညာဉ်ရေး၌ တိုးတက်ရန်၊ ယေဟောဝါ၏အဖွဲ့အစည်းနှင့် ရင်ပေါင်တန်းနေရန် သင့်အားကြိုးစားသွန်သင်ပေးခဲ့ပြီ။ တိုက်တွန်းမနေရဘဲ မိသားစုသင်အံမှုတွင် စိတ်ဝင်စားမှုရှိခြင်းအားဖြင့် ကျေးဇူးတင်ကြောင်းတင်ပြပါ။ မိသားစုသည် အချိန်မီရောက်နိုင်ရန် မိမိဖာသာအသင့်ပြင်ဆင်ခြင်းဖြင့် အစည်းအဝေးများတက်ချင်စိတ်ကို ဖော်ပြပါ။ အစည်းအဝေးကျင်းပစဉ် မိဘများနှင့်အတူထိုင်ကာ လေ့လာနေသည့်စာပေများတွင် လိုက်ကြည့်ခြင်းဖြင့် အာရုံစူးစိုက်ပါ။ ဖြေဆိုခြင်းအားဖြင့် အစည်းအဝေး၌ပါဝင်ရန်ကြိုးစားပါ။ တာဝန်များကိုလက်ခံပြီး ကျေပွန်ရန် အတတ်နိုင်ဆုံးကြိုးစားခြင်းအားဖြင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် တလိုတလားပါဝင်လိုသော ကျောင်းသားတစ်ဦးဖြစ်ကြောင်းကိုတင်ပြပါ။ နိုင်ငံတော်ခန်းမတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါ။ ဤကဲ့သို့သောလုပ်ငန်းများတွင် ပါဝင်ခြင်းအားဖြင့် သင့်ဝိညာဉ်ရေးအတွက် အကျိုးရှိရာကို အာရုံပြုနိုင်လိမ့်မည်။
၄ အဆင့်ဆင့်တိုးတက်သောပန်းတိုင်များထားပါ– လယ်ကွင်းလုပ်ငန်းတွင် အဓိပ္ပာယ်ရှိရှိပါဝင်ပြီး ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီလိုစိတ်တင်ပြပါ။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို မှန်မှန်ပြုလုပ်ပါ။ ထိုထက်ကောင်းသည်ကား ကျမ်းစာတစ်အုပ်လုံးကို ကိုယ်တိုင်ဖတ်ရှုပါ။ ဆက်ကပ်အပ်နှံနှစ်ခြင်းခံနိုင်ရန် လိုအပ်သောအရာများ မိမိ၌ရှိရန် ကြိုးစားမည်ဟု စိတ်ဆုံးဖြတ်ပါ။ ယေဟောဝါ၏လုပ်ငန်းတော်၌ အပြည့်အဝပါဝင်ဖို့အတွက် လေ့ကျင့်မှုကောင်းစွာရထားရန်ရည်ရွယ်၍ ကျောင်းတွင် သင်၏သင်ရိုးညွှန်းတမ်းကို အသေအချာစဉ်းစားယူရန် သင့်မိဘများအကူအညီပေးနိုင်ပါသည်။ အထူးအခွင့်အရေးများဖြစ်သည့် ရှေ့ဆောင်ခြင်း သို့မဟုတ် ဗေသလလုပ်ငန်းအတွက် သင့်အားထောက်ခံစေရန် အခြားသူများအားလှုံ့ဆော်ပေးမည့် နာမည်ကောင်းရထားဖို့ ကြိုးစားပြုလုပ်ပါ။ (တမန်တော် ၁၆:၁၊ ၂) ပန်းတိုင်များကိုမီခြင်းက “ဖြောင့်မတ်ခြင်းအသီးနှင့် သင်တို့သည် ပြည့်စုံစေခြင်းငှာ . . . သာ၍အရေးကြီးသောအရာများကို ပိုင်းခြားသိမြင်” စေရန်ကူညီပေးနိုင်မည်။—ဖိ. ၁:၁၀၊ ၁၁၊ သမ္မာ။
၅ လူငယ်ဘဝတွင် သင်ယူရန်၊ အတွေ့အကြုံယူရန်၊ သူတစ်ပါးနှင့်တတ်သိလိမ္မာစွာဆက်ဆံရန်အချိန်ဖြစ်သည်။ လူကြီးအဖြစ် ကြုံတွေ့ရသော ဖိစီးမှုများနှင့်တာဝန်များမရှိဘဲ ပျော်ရွှင်နိုင်သည့်အချိန်ဖြစ်သည်။ ရှောလမုန်က ဤသို့ဆိုသည်– “အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။” (ဒေ. ၁၁:၉) ငယ်ရွယ်စဉ် ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ရန် စိတ်ဆုံးဖြတ်ထားပြီဆိုလျှင် ထာဝစဉ်တည်တံ့မည့်ကောင်းချီးများကို သင်ရိတ်သိမ်းရလိမ့်မည်။—၅ ရာ. ၂၈:၉။
၆ “လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်” အစား “ဖြောင့်မတ်ခြင်း . . . ကိုမီအောင်လိုက်” မည်ဆိုလျှင် သင့်မိဘများသည် သင့်ကြောင့် ပူပင်သောကရောက်၍ စိတ်ဆင်းရဲနေစရာ လိုမည်မဟုတ်ပါ။ (၂ တိ. ၂:၂၂) သင့်ကိုယ်ကိုလည်း ရွှင်လန်းစေမည်။ (သု. ၁၂:၂၅) အရေးအကြီးဆုံးကား သင့်ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်၏နှလုံးကို ရွှင်လန်းစေပါလိမ့်မည်။—သု. ၂၇:၁၁။