မေးခွန်းသေတ္တာ
▪ ထာဝရအသက်ရရှိစေသော အသိပညာစာအုပ် ကျွန်ုပ်တို့တွင် ရှိလာသောအခါ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို မည်မျှကြာကြာကျင်းပသင့်သနည်း။
၁၉၉၃ စက်တင်ဘာလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက စိတ်ဝင်စားသူလူသစ်များနှင့် စာအုပ်နှစ်အုပ် လေ့လာပြီးသည့်အထိ ဆက်သင်ဖို့ဖြစ်ကြောင်း ထောက်ခံအတည်ပြုထားသည်။ အသိပညာစာအုပ်ကို ကျွန်ုပ်တို့ရရှိသောအခါတွင်မူ ၁၉၉၆၊ ဇန်နဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၃၊ ၁၄ တွင် ဖော်ပြထားချက်အရ ဤအစီအစဉ်ကို ပြုပြင်ပြောင်းလဲရန် သင့်လျော်ပုံရသည်။
အသိပညာ စာအုပ်သည် ယေဟောဝါထံဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံနိုင်ရန်လိုအပ်ကြောင်း သူတို့သိနားလည်စေဖို့ “ထာဝရအသက်ကို တလိုတလားရှိသူများ” အား ထောက်ကူရန် ရည်သန်သည်။ (တ. ၁၃:၄၈၊ ကဘ) ထို့ကြောင့် ဤစာအုပ်သစ် ပြီးသွားသောအခါ ထိုသင်သားကိုပင် ဒုတိယစာအုပ်တစ်အုပ်နှင့် သင်ဖို့ မလိုအပ်သင့်ပါ။ သင်၏ကျမ်းစာသင်သားများသည် သမ္မာတရားကို စတင်လက်ခံသည်နှင့်အမျှ ယေဟောဝါသက်သေများ၏ အစည်းအဝေးများကို တက်ခြင်းအပြင် ကျမ်းစာနှင့် များပြားလှသည့် ခရစ်ယာန်စာပေများကို ဖတ်ခြင်းအားဖြင့် သူတို့၏အသိပညာ ပြည့်ဝလာမည်ဖြစ်ကြောင်း တစ်ဆင့်ပြီးတစ်ဆင့် အားပေးနိုင်သည်။
သင်သည် မိမိတို့ဓမ္မအမှုကိုကျေပွန်ရန်အဖွဲ့အစည်း စာအုပ် စာမျက်နှာ ၂၁၄ မှ ၂၈၇ ပါ မေးခွန်းများနှင့် လုံးလုံးအကျွမ်းတဝင်ဖြစ်ပါက ယင်းသည် အထောက်အကူဖြစ်ပေမည်။ သင်သည် ဤမေးခွန်းများကို ကိုးကားခြင်း သို့မဟုတ် ကျမ်းစာသင်သားနှင့် ယင်းတို့ကို ပြန်ဆွေးနွေးခြင်း မပြုသင့်သော်လည်း အကြီးအကဲများက နှစ်ခြင်းခံမည့်သူများနှင့် မေးခွန်းများကို ပြန်ဆွေးနွေးသောအခါ ကျမ်းစာ အခြေခံအမှန်တရားများအပေါ် အတော်အတန်နားလည်ကြောင်း သင်သားအား ဖော်ပြနိုင်စေမည့် အသိပညာ စာအုပ်မှ အချက်များကို အလေးအနက်ထားပြောခြင်းသည် ကောင်းပေမည်။
အသိပညာ စာအုပ်တွင် ပြင်ပအကြောင်းအရာများ သို့မဟုတ် ကျမ်းစာသွန်သင်ချက်များကို ထောက်ခံသည့် သို့မဟုတ် မှားယွင်းသောအယူဝါဒများကို မှားကြောင်းတင်ပြသည့် ချေပချက်များ ထပ်ထည့်ဖို့မလိုပါ။ ယင်းသည် လေ့လာချိန်သာ၍ကြာညောင်းသွားဖို့သာ ရှိသည်။ ယင်းအစား ထိုစာအုပ်သည် မြန်မြန်ဆန်ဆန်ပြီးစီးပြီး ခြောက်လလောက်နှင့် ပြီးစီးနိုင်ဖွယ်ရှိဖို့ မျှော်လင့်သည်။ ယင်းကို ရှင်းရှင်းလင်းလင်း၊ တိုတိုတုတ်တုတ်နှင့်အဓိပ္ပာယ်ပါပါ တင်ဆက်နိုင်ရန် ကျွန်ုပ်တို့သည် အကြောင်းအရာကို စေ့စေ့စပ်စပ် ကြိုတင်လေ့လာထားရန်လိုကြောင်း အလေးပေးဖော်ပြသည်။ သင်သားများလည်း အလားတူ ကြိုတင်လေ့လာရန်၊ ညွှန်းထားသည့် ကျမ်းများကို ကြိုတင်ဖတ်ထားရန်နှင့် အခန်းတစ်ခန်းစီတွင် သွန်သင်နေသည့်အရာကို ရှင်းရှင်းလင်းလင်းပိုင်းခြားနားလည်ဖို့ ကြိုးစားအားထုတ်ရန် တိုက်တွန်းသင့်သည်။
ကင်းမျှော်စင် က ယေဟောဝါသက်သေများသည် သာ၍တိုတောင်းသောအချိန်အတွင်း ထိရောက်သော ကျမ်းစာသင်အံမှုအရေအတွက် သာ၍များများကို ကျင်းပပေးရန်လိုကြောင်း အလေးပေးဖော်ပြထားသည်။ (ဟေရှာယ ၆၀:၂၂ ရှု။) အသိပညာ စာအုပ်ကို ထိထိရောက်ရောက်အသုံးပြုခြင်းက လူသစ်များအား ထာဝရအသက်ရရှိစေသော အသိပညာကို ရရှိစေကာ ယင်းနှင့်အညီပြုမူရန် ထောက်ကူနိုင်ပါသည်။—ယော. ၁၇:၃။