မေးခွန်းသေတ္တာ
▪ ကျွန်ုပ်တို့၏ညီအစ်ကိုများ ဘေးဒဏ်တစ်ခုခုကို တိုက်ရိုက်ခံစားရသောအခါ ဘာလုပ်သင့်သနည်း။
သင့်ဒေသတွင် ဘေးဒဏ်တစ်ခုခုကျရောက်သောအခါ– အထိတ်တလန့်မဖြစ်ပါနှင့်။ စိတ်ကိုတည်ငြိမ်စွာထားပါ။ ဥစ္စာပစ္စည်းကိုမဟုတ်ဘဲ အသက်—အမှန်တကယ်တန်ဖိုးရှိသောအရာကို အာရုံစိုက်ပါ။ သင့်မိသားစု၏ လောလောဆယ်ရုပ်ပိုင်းလိုအပ်ရာများကို ဂရုစိုက်ပါ။ ထို့နောက် သင်တို့၏အခြေအနေနှင့် ရောက်ရှိနေသည့်နေရာကို အကြီးအကဲများအား အကြောင်းကြားပါ။
ကယ်ဆယ်ရေးအထောက်အပံ့စီမံပေးရာတွင် အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများသည် အရေးအကြီးဆုံးသောအပိုင်းမှပါဝင်သည်။ တချို့သောကြီးမားသည့်မုန်တိုင်းများကဲ့သို့သော ဘေးဒဏ်တစ်ခုခုကျရောက်မည်ကို ကြိုတင်သတိပေးပါက ဤညီအစ်ကိုများသည် တစ်ဦးစီကို လုံခြုံသည့်နေရာတွင်ရှိနေရန် သေချာစေသင့်သည်။ အချိန်ရပါက လိုအပ်မည့်အထောက်အပံ့များကို ရယူထားပြီးဝေမျှပေးသင့်သည်။
ထို့နောက် စာအုပ်ကြီးသင်တန်းမှူးများသည် မိသားစုတစ်ခုစီကိုနေရာချပေးကာ သူတို့၏အခြေအနေကောင်းမကောင်း မေးမြန်းသင့်သည်။ အားလုံးကျေနပ်ဖွယ်အခြေအနေရှိသည့်တိုင် အိမ်ထောင်တစ်ခုစီ၏အခြေအနေကို ဦးစီးကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲကို အသိပေးသင့်သည်။ တစ်စုံတစ်ဦးထိခိုက်ဒဏ်ရာရပါက အကြီးအကဲများသည် ဆေးကုသမှုအတွက် ကြိုးစားစီစဉ်မည်။ သူတို့သည် လိုအပ်သောအစားအစာ၊ အဝတ်အထည်၊ အမိုးအကာ သို့မဟုတ် မိသားစုအထောက်အပံ့ပစ္စည်းများကဲ့သို့သော မည်သည့်ဝတ္ထုပစ္စည်းများကိုမဆို စီမံပေးပေမည်။ (ယော. ၁၃:၃၅; ဂလ. ၆:၁၀) ဒေသခံအကြီးအကဲများသည် အသင်းတော်ကို ဝိညာဏနှင့်စိတ်ပိုင်းအထောက်အပံ့များပေးကာ အသင်းတော်အစည်းအဝေးများကို အမြန်ဆုံးပြန်ကျင်းပနိုင်ရန် စီစဉ်ပါမည်။ နှံ့စပ်သေချာစွာတွက်ချက်သုံးသပ်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိမှုများ၊ နိုင်ငံတော်ခန်းမပျက်စီးဆုံးရှုံးမှု သို့မဟုတ် ညီအစ်ကိုများ၏အိုးအိမ်ပျက်စီးဆုံးရှုံးမှုအပြင် မည်သည့်အထူးလိုအပ်ရာများကိုမဆို တိုက်နယ်ကြီးကြပ်မှူးအား အသိပေးရန် အကြီးအကဲတစ်ဦးသည် အကြီးအကဲအဖွဲ့၏ကိုယ်စား ဆက်သွယ်သင့်သည်။ ထို့နောက် တိုက်နယ်ကြီးကြပ်မှူးသည် ဌာနခွဲရုံးသို့ အခြေအနေကို တယ်လီဖုန်းဖြင့်သတင်းပို့ပါမည်။ ဌာနခွဲရုံးက လိုအပ်သော ပမာဏကြီးမားသည့် မည်သည့်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကိုမဆို ညှိနှိုင်းဆောင်ရွက်ပေးပါမည်။
ဘေးဒဏ်သည် အခြားနေရာတွင်ကျရောက်သောအခါ– သင့်ဆုတောင်းချက်များတွင် ဤသို့သောညီအစ်ကို၊ ညီအစ်မများကို သတိရပါ။ (၂ ကော. ၁:၈-၁၁) သင်သည် ငွေကြေးအကူအညီပေးလိုပါက ဤရည်ရွယ်ချက်အတွက် ကယ်ဆယ်ရေးရန်ပုံငွေကို သီးသန့်ထားသည့်အသင်းမသို့ သင့်အလှူငွေကိုပေးပို့နိုင်သည်။ လိပ်စာမှာ– ကင်းမျှော်စင်၊ ၉၄-ခ အင်းလျားလမ်း၊ ရန်ကုန် ဖြစ်သည်။ (တ. ၂:၄၄၊ ၄၅; ၁ ကော. ၁၆:၁-၃; ၂ ကော. ၉:၅-၇; ဒီဇင်ဘာ ၁ ရက်၊ ၁၉၈၅ ခုနှစ်ထုတ် ကင်းမျှော်စင်စာမျက်နှာ ၂၀-၂ [လိပ်] ရှု။) တာဝန်ခံညီအစ်ကိုများက အတိအကျမတောင်းဆိုဘဲ ပစ္စည်းများ သို့မဟုတ် အထောက်အပံ့များကို ဘေးဒဏ်ကျရောက်သည့်ဒေသသို့ မပေးပို့ပါနှင့်။ ဤသို့ဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်မှုနှင့် သင့်လျော်သည့်ရုပ်ပစ္စည်းဝေမျှပေးကမ်းခြင်းကို စနစ်တကျရှိစေပါမည်။ (၁ ကော. ၁၄:၄၀) ဘေးဒဏ်ကျရောက်သည့်ဒေသမှခေါ်မည့် အဝင်ဖုန်းလိုင်းကို ပြတ်တောက်သွားစေနိုင်သောကြောင့် ကျေးဇူးပြု၍ မလိုအပ်ဘဲအသင်းမသို့ဖုန်းမဆက်ပါနှင့်။
မှန်မှန်ကန်ကန်တွက်ချက်သုံးသပ်မှုပြုပြီးနောက် အသင်းမသည် ကယ်ဆယ်ရေးကော်မတီဖွဲ့စည်းသင့်မသင့် ဆုံးဖြတ်ပါမည်။ တာဝန်ရှိသောညီအစ်ကိုများကို အကြောင်းကြားထားပါလိမ့်မည်။ ညီအစ်ကိုအားလုံး၏အရေးတကြီးလိုအပ်ရာများကို အလုံအလောက်ဖြည့်ဆည်းပေးနိုင်ရန် ဦးစီးလုပ်ဆောင်နေကြသောအကြီးအကဲများနှင့် အားလုံးပူးပေါင်းလုပ်ဆောင်သင့်သည်။—ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ [လိပ်] စာမျက်နှာ ၃၁၀-၁၅ ရှု။