သာ၍အရေးကြီးသောအရာများကို ရှေးဦးထားပါ
၁ ကျွန်ုပ်တို့၏ဝိညာဏကောင်းကျိုးအတွက်မရှိမဖြစ်လိုအပ်သော အရေးကြီးသည့်အရာအချို့ကားအဘယ်နည်း။ ယင်းတို့တွင် ကိုယ်ပိုင်လေ့လာမှု၊ အစည်းအဝေးတက်ခြင်း၊ စွဲစွဲမြဲမြဲဆုတောင်းခြင်း၊ အကျိုးဖြစ်ထွန်းသောပေါင်းသင်းမှုနှင့် ခရစ်ယာန်ဓမ္မအမှုတို့ပါဝင်မည်မှာ သေချာသည်။ ကျွန်ုပ်တို့၏အသက်တာတွင် အရေးကြီးသည့်အရာများကို ရှေးဦးမထားဘဲနှင့် ကောင်းမွန်သောဝိညာဏကျန်းမာရေးကို မထိန်းထားနိုင်ပါ။
၂ သို့သော်လည်း ကျွန်ုပ်တို့အားလုံး၌ ဇာတိလိုအင်ဆန္ဒများကို ခုခံတွန်းလှန်ရသည့်တိုက်ပွဲတစ်ခုနှင့် ဆုံးမပဲ့ပြင်ခံရန်အတွက် လိုအပ်ချက်တစ်ခုရှိသည်။ (ဂလ. ၅:၁၇) ကိုယ်ကျိုးရှာခြင်းကိုလိုက်စားခြင်းဖြင့် ပို၍အကျိုးခံစားရမည်ဟု မည်သည့်အခါမျှ ကျွန်ုပ်တို့မယူမှတ်သင့်ပါ။ (ယေ. ၁၇:၉) ထို့ကြောင့် ကျွန်ုပ်တို့၏နှလုံးကိုစောင့်ရှောက်ပြီး လမ်းလွဲသွားသည့်အဖြစ်မျိုးမှ ရှောင်ကြဉ်လိုပါက မိမိကိုယ်ကိုမှန်မှန်ဆန်းစစ်ပေးရန်အရေးကြီးသည်။—သု. ၄:၂၃; ၂ ကော. ၁၃:၅။
၃ သင့်နှလုံးကိုစစ်ဆေးပါ– သင့်ကိုယ်သင် ပွင့်လင်းသောမေးခွန်းတချို့ကို မေးခြင်းဖြင့် ယင်းကိုသင်ပြုလုပ်နိုင်သည်– ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ဖို့ ငါ ဆန္ဒပြင်းပြသလား။ (၁ ပေ. ၂:၂) အသင်းတော်စည်းဝေးအားလုံးတက်ရောက်ခြင်း၏အရေးကြီးမှုကို ငါ နားလည်သလား။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ငါ ဆုတောင်းခြင်းမှာစွဲမြဲသလား။ (ရော. ၁၂:၁၂) ဝိညာဉ်ရေးစိတ်ဓာတ်ရှိသူများနှင့်ပေါင်းသင်းမှုကိုရရှိဖို့ ငါ ကြိုးစားသလား။ (ရော. ၁:၁၁၊ ၁၂) သတင်းကောင်းကြေညာခြင်းကို တစ်ဦးစီ၏တာဝန်အဖြစ် ငါ ယူမှတ်သလား။ (၁ ကော. ၉:၁၆) အပြုသဘောရှိသည့်အဖြေများက သင်၌ သာ၍အရေးကြီးသောအရာများကို ရှေးဦးထားလိုသည့်ဆန္ဒရှိကြောင်း တင်ပြပေမည်။
၄ သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများကိုစစ်ဆေးခြင်း– သင်သည် အချိန်ကိုအသုံးပြုခြင်းအတွက် ဦးစားပေးရမည့်အရာများကို သတ်မှတ်ခြင်းဖြင့် သင့်နှလုံးလိုအင်ဆန္ဒများကို ဆက်လက်စစ်ဆေးနေရန်လိုသည်။ ယင်းတွင် သမ္မာကျမ်းစာ၊ ကင်းမျှော်စင်နှင့် နိုးလော့! လထုတ်တိုင်းကိုမှန်မှန်ဖတ်ရန်အပြင် စည်းဝေးများအတွက်ပြင်ဆင်ရန် အချိန်ဇယားရေးဆွဲခြင်းပါဝင်သည်။ မိသားစုလေ့လာမှုနှင့် အတူတကွဆုတောင်းရန်နှစ်ခုစလုံးအတွက်လည်း အချိန်သတ်မှတ်ထားရမည်။ တီဗွီ သို့မဟုတ် ကွန်ပျူတာရှေ့ အချိန်မည်မျှသုံးမည်ကို ကန့်သတ်ထားပါ။ အသင်းတော်စည်းဝေးအားလုံးကိုတက်ရောက်ရန် ပိုင်းဖြတ်ထားပါ၊ ပြီးနောက်အခြားရေးရာများကိုစီစဉ်ပါ။ မိသားစုတစ်စုလုံး လယ်ကွင်းလုပ်ငန်းတွင် ပတ်စဉ်ပါဝင်ရန်စီစဉ်ပါ။
၅ ကျွန်ုပ်တို့၏အသက်တာတွင် သာ၍အရေးကြီးသည့်အရာများကို ရှေးဦးထားခြင်းသည် ရွှင်လန်းမှုကိုခံစားရစေမည်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။