မိသားစုများ၊ ဘုရားသခင်၏အသင်းတော်ဝင်အဖြစ် ကိုယ်တော်အားချီးမွမ်းကြ
“ပရိသတ်အလယ်မှာ ထာဝရဘုရားကိုကောင်းချီးပေးပါမည်။”—ဆာလံ ၂၆:၁၂။
၁။ အိမ်တွင်သင်အံမှုပြုလုပ်ခြင်းနှင့် ဆုတောင်းခြင်းအပြင် စစ်မှန်သောဝတ်ပြုရေး၏အရေးကြီးသောကဏ္ဍတစ်ခုကားအဘယ်နည်း။
ယေဟောဝါ၏ဝတ်ပြုရေးတွင်ဆုတောင်းခြင်းနှင့် အိမ်၌ကျမ်းစာလေ့လာခြင်းသာမက ဘုရားသခင်၏အသင်းတော်ဝင်အဖြစ် လုပ်ဆောင်ခြင်းလည်းပါဝင်သည်။ ရှေးဣသရေလလူတို့သည် ဘုရားသခင်၏လမ်းစဉ်၌လျှောက်လှမ်းဖို့ ကိုယ်တော့်ပညတ်ကိုသင်ယူကြရန် “ယောက်ျား၊ မိန်းမ၊ သူငယ်များ . . . တို့ကိုစုဝေး” စေရန်မိန့်မှာခံခဲ့ကြရသည်။ (တရားဟောရာ ၃၁:၁၂; ယောရှု ၈:၃၅) လူအိုများနှင့် ‘လူပျိုအပျိုများ’ ပါယေဟောဝါ၏နာမတော်ကိုချီးမွမ်းခြင်း၌ ပါဝင်ကြရန်အားပေးခံခဲ့ကြရ၏။ (ဆာလံ ၁၄၈:၁၂၊ ၁၃) ခရစ်ယာန်အသင်းတော်အတွင်း အလားတူအစီအစဉ်များကို လိုက်နာကြရ၏။ ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများသည် ပရိသတ်ပါဝင်ရသောအစီအစဉ်များတွင် လွတ်လွတ်လပ်လပ်ပါဝင်ခွင့်ရကြပြီး လူများစွာသည် ယင်းသို့ပါဝင်ရာ၌ ပျော်ရွှင်မှုအကြီးအကျယ်ရရှိကြသည်။—ဟေဗြဲ ၁၀:၂၃-၂၅။
၂။ (က) အစည်းအဝေးတွင်ပျော်ဖို့ လူငယ်များကိုကူညီပေးရာ၌ ပြင်ဆင်ခြင်းသည် အဘယ်ကြောင့်သော့ချက်ဖြစ်သနည်း။ (ခ) မည်သူ့ပုံသက်သေသည် အရေးကြီးသနည်း။
၂ အသင်းတော်လိုက်ပြုသည့်လုပ်ငန်းတွင် အကျိုးရှိရှိပါဝင်ရန် လူငယ်များကိုအားပေးခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်သည်မှာ မှန်ပါသည်။ မိဘများနှင့်အတူစည်းဝေးတက်ကြသော ကလေးငယ်တချို့သည် အစည်းအဝေးတွင် ပျော်ပုံမရှိလျှင် အဘယ်ကြောင့်ဖြစ်နိုင်သနည်း။ ကလေးငယ်အများစုသည် ခဏသာအာရုံစိုက်နိုင်ပြီး အလွယ်တကူငြီးငွေ့တတ်ကြသည်မှာ မှန်၏။ ပြင်ဆင်ခြင်းသည် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အထောက်အကူပြုနိုင်သည်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ကလေးများသည် အစည်းအဝေးများတွင် အဓိပ္ပာယ်ရှိရှိပါဝင်နိုင်ကြမည်မဟုတ်ချေ။ (သု. ၁၅:၂၃) ပြင်ဆင်မှုမရှိဘဲ ကျေနပ်မှုပေးသည့် ဝိညာဉ်ရေးတိုးတက်မှုရှိဖို့ ခဲယဉ်းပါလိမ့်မည်။ (၁ တိမောသေ ၄:၁၂၊ ၁၅) အဘယ်အရာပြုလုပ်နိုင်သနည်း။ ဦးဆုံး၊ မိဘများသည် အစည်းအဝေးများအတွက် ကိုယ်ကိုယ်တိုင်ပြင်ဆင်မှုရှိမရှိ မိမိကိုယ်ကိုမေးရန်လို၏။ သူတို့၏ပုံသက်သေသည် ဩဇာများစွာရှိ၏။ (လုကာ ၆:၄၀) မိသားစုသင်အံမှုကို ဂရုတစိုက်စီစဉ်ခြင်းသည်လည်း အရေးကြီးသောအချက်တစ်ချက်ဖြစ်နိုင်သည်။
နှလုံးကိုတည်ဆောက်ပေးခြင်း
၃။ မိသားစုသင်အံမှုတွင် နှလုံးကိုတည်ဆောက်ပေးဖို့ အဘယ်ကြောင့်အထူးကြိုးစားသင့်သနည်း။ သို့ပြုရန် အဘယ်အရာလိုသနည်း။
၃ မိသားစုသင်အံမှုသည် အသိပညာကို ခေါင်းထဲထည့်ဖို့သာမဟုတ်ဘဲ နှလုံးကိုတည်ဆောက်ပေးဖို့လည်းဖြစ်သင့်၏။ ထိုသို့ဖြစ်စေရန် မိသားစုဝင်များရင်ဆိုင်ရသည့် ပြဿနာများကိုသိရှိဖို့နှင့် အချင်းချင်းအပေါ် မေတ္တာပါပါဂရုစိုက်ဖို့လည်းလိုသည်။ ယေဟောဝါသည် “စိတ်နှလုံးကိုစစ်” သည့်အရှင်ဖြစ်၏။—၁ ရာဇဝင်ချုပ် ၂၉:၁၇။
၄။ (က) “နှလုံးလိုအပ်ချက်ရှိ” ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ (ခ) “နှလုံးကိုရ” ခြင်းတွင်အဘယ်အရာပါဝင်သနည်း။
၄ ကျွန်ုပ်တို့သားသမီးများ၏စိတ်နှလုံးကို ယေဟောဝါစစ်သောအခါ အဘယ်အရာကိုတွေ့မည်နည်း။ သူတို့အများစုက ဘုရားသခင်အားချစ်၏ဟု ဆိုကြမည်ဖြစ်ရာ ယင်းသည် ချီးမွမ်းစရာပင်။ သို့တိုင်၊ ငယ်ရွယ်သူ သို့မဟုတ် ယေဟောဝါအကြောင်း သင်ယူခါစဖြစ်သူတစ်ဦးသည် ယေဟောဝါ၏နည်းလမ်းတော်များ၌ အတွေ့အကြုံအကန့်အသတ်သာရှိ၏။ သူသည် အတွေ့အကြုံမရှိသောကြောင့် သမ္မာကျမ်းစာဖော်ပြထားသကဲ့သို့ “နှလုံးလိုအပ်ချက်ရှိ” နေပေမည်။ သူ၏ရည်ရွယ်ချက်အားလုံးသည် ဆိုးချင်မှဆိုးမည်ဖြစ်သော်လည်း ဘုရားသခင်အမှန်တကယ်နှစ်သက်မည့် စိတ်နှလုံးအခြေအနေရှိဖို့ အချိန်လိုသည်။ ထိုသို့ဖြစ်လာစေရန် မစုံလင်သည့်လူသားများအနေနှင့် ဖြစ်နိုင်သည့်အတိုင်းအတာအထိ ဘုရားသခင်နှစ်သက်သည့် အတွေးအခေါ်များ၊ လိုအင်ဆန္ဒများ၊ ချစ်ခင်စုံမက်မှုများ၊ စိတ်လှုပ်ရှားမှုများနှင့် ပန်းတိုင်များနှင့်အညီဖြစ်စေခြင်းပါဝင်သည်။ တစ်စုံတစ်ယောက်သောသူသည် ဘုရားသခင့်ရေးရာ၌ အတွင်းလူကို ထိုသို့ပုံသွင်းသောအခါ “နှလုံးကိုရ” ၏။—သု. ၉:၄၊ ကဘ; ၁၉:၈၊ ကဘ။
၅၊ ၆။ မိဘများသည် “နှလုံးကိုရ” ရန်သားသမီးများကို မည်သို့ကူညီပေးနိုင်သနည်း။
၅ မိဘများသည် “နှလုံးကိုရ” ရန်သူတို့၏သားသမီးများကို ကူညီပေးနိုင်ပါသလော။ မည်သူမျှကောင်းသောနှလုံးကို အခြားလူတစ်ဦးထဲမထည့်ပေးနိုင်သည်မှာ မှန်ပါသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြင့်ဖန်ဆင်းခံရကြရာ ကျွန်ုပ်တို့တွေးတောသည့်အရာအပေါ် များစွာမူတည်၏။ သို့ရာတွင် ပိုင်းခြားသိမြင်မှုရှိခြင်းဖြင့် မိဘများသည် ကလေးများ၏စိတ်နှလုံးထဲတွင် အဘယ်အရာရှိပြီး မည်သည့်ဘက်တွင် အကူအညီလိုကြောင်းအဖြေရရန် ကလေးကိုနှိုက်ထုတ်မေးမြန်းနိုင်သည်။ ‘အဲဒါကို ဘယ်လိုသဘောထားသလဲ၊ ဘာကို တကယ်လုပ်ချင်သလဲ’ အစရှိသည့်မေးခွန်းများကိုအသုံးပြုပါ။ ထို့နောက် စိတ်ရှည်စွာနားထောင်ပါ။ စိတ်မစောလွန်းပါနှင့်။ (သု. ၂၀:၅) သူတို့၏နှလုံးကိုထိမိလိုလျှင် ကြင်နာမှု၊ နားလည်မှုနှင့် မေတ္တာပါသောသဘောထားသည် အရေးကြီးသည်။
၆ အကျိုးပြုသောစိတ်တိမ်းညွတ်မှုများကိုဖြစ်စေဖို့ ဝိညာဉ်အသီး—ယင်း၏ကဏ္ဍတစ်ခုစီ—ကိုမကြာခဏဆွေးနွေးပြီး ယင်းကိုပြုစုပျိုးထောင်ရန် မိသားစုလိုက် အတူတကွလုပ်ဆောင်ပါ။ (ဂလာတိ ၅:၂၂၊ ၂၃) ယေဟောဝါနှင့် ယေရှုခရစ်တို့အား အဘယ်ကြောင့်ချစ်သင့်ကြောင်းကို အပြောအားဖြင့်သာမဟုတ်ဘဲ သူတို့ကိုချစ်ရသည့်အကြောင်းရင်းများနှင့် ထိုမေတ္တာကိုမည်သို့ဖော်ပြနိုင်ကြောင်းဆွေးနွေးခြင်းအားဖြင့် အဆိုပါမေတ္တာကို တည်ဆောက်ပေးပါ။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) ရရှိမည့်အကျိုးကျေးဇူးများကို ကျိုးကြောင်းဆင်ခြင်ခြင်းအားဖြင့် ဖြောင့်မှန်ရာလုပ်လိုသည့်ဆန္ဒကိုခိုင်မြဲစေပါ။ မှားယွင်းသောအတွေးအခေါ်များ၊ အပြောအဆိုနှင့် အမူအကျင့်တို့၏ဆိုးကျိုးများကို ဆွေးနွေးခြင်းအားဖြင့် ၎င်းတို့ကိုရှောင်ရှားလိုစိတ်တိုးပွားစေပါ။ (အာမုတ် ၅:၁၅; ၃ ယောဟန် ၁၁) အတွေးအခေါ်၊ အပြောအဆိုနှင့် အမူအကျင့်သည်—ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ—ယေဟောဝါနှင့် လူတစ်ဦး၏ဆက်ဆံရေးကို မည်သို့ထိခိုက်စေနိုင်ကြောင်းဖော်ပြပါ။
၇။ ပြဿနာများကိုကိုင်တွယ်ဖြေရှင်းရန်နှင့် ယေဟောဝါနှင့်ရင်းနှီးစေသည့် ဆုံးဖြတ်ချက်များချရန် သားသမီးများကို မည်သို့ကူညီပေးနိုင်သနည်း။
၇ ကလေးငယ်တစ်ဦး၌ ပြဿနာတစ်ခုရှိမည် သို့မဟုတ် အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုချရန်လိုမည်ဆိုလျှင် သူ့ကို ကျွန်ုပ်တို့ဤသို့မေးနိုင်သည်– ‘အဲဒါကို ယေဟောဝါဘယ်လိုသဘောထားမယ်ထင်သလဲ။ အဲသလိုပြောရအောင် ယေဟောဝါအကြောင်း ဘာတွေသိထားသလဲ။ အဲဒါနဲ့ပတ်သက်လို့ ကိုယ်တော့်ထံဆုတောင်းပြီးပြီလား။’ စောနိုင်သ၍စောစောအစပြုကာ သင့်ကလေးများသည် ဘုရားသခင်၏အလိုတော်ကိုသိဖို့နှင့် ယင်းကိုပြုလုပ်ဖို့ အမြဲအားတက်သရောကြိုးစားသည့်ဘဝပုံစံကို တည်ဆောက်ပေးရန်ကူညီပါ။ သူတို့သည် ယေဟောဝါနှင့်ရင်းနှီးသည့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိလာသည်နှင့်အမျှ ကိုယ်တော့်လမ်းစဉ်၌လျှောက်လှမ်းရာတွင် ပျော်ရွှင်မှုရကြပါလိမ့်မည်။ (ဆာလံ ၁၁၉:၃၄၊ ၃၅) ယင်းက စစ်မှန်သောဘုရားသခင်၏အသင်းတော်နှင့် ပေါင်းသင်းရသည့်အခွင့်အရေးကို လေးမြတ်ဖို့တည်ဆောက်ပေးပါလိမ့်မည်။
အသင်းတော်အစည်းအဝေးများအတွက်ပြင်ဆင်ခြင်း
၈။ (က) ဂရုစိုက်ရန်လိုသည့်အရာအားလုံးကို မိသားစုသင်အံမှုတွင် ထည့်ဆွေးနွေးရန် အဘယ်အရာက ကျွန်ုပ်တို့ကို အကူအညီပေးနိုင်သနည်း။ (ခ) ဤသင်အံမှုသည် မည်မျှအရေးကြီးသနည်း။
၈ မိသားစုသင်အံမှုပြုလုပ်စဉ်အတွင်း ဂရုစိုက်ရန်လိုသည့်အချက်များစွာရှိသည်။ ယင်းတို့အားလုံးကို မည်သို့ဂရုစိုက်နိုင်မည်နည်း။ တစ်ချိန်တည်းတွင် အားလုံးကိုလုပ်ဆောင်ရန်မဖြစ်နိုင်ချေ။ သို့သော် စာရင်းတစ်ခုထားရှိမည်ဆိုလျှင် အထောက်အကူဖြစ်ကြောင်း သင်တွေ့ရှိပေမည်။ (သု. ၂၁:၅) အခါအားလျော်စွာ ယင်းကိုပြန်သုံးသပ်ပြီး အထူးဂရုစိုက်ရန်လိုသည့်အရာကို သုံးသပ်ပါ။ မိသားစုဝင်တစ်ဦးချင်းစီ၏တိုးတက်ရေးကို အထူးစိတ်ဝင်စားပါ။ မိသားစုသင်အံမှုအတွက် ဤအစီအစဉ်သည် ခရစ်ယာန်ပညာရေး၏အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ယခုအသက်တာအတွက်နှင့် လာမည့်ထာဝရအသက်ရရန်အတွက် အသင့်ပြင်ဆင်ပေးသည်။—၁ တိမောသေ ၄:၈။
၉။ အစည်းအဝေးအတွက် ပြင်ဆင်ခြင်းနှင့်စပ်လျဉ်းသော အဘယ်ပန်းတိုင်များကိုမီရန် မိသားစုသင်အံမှုများတွင် တဖြည်းဖြည်းကြိုးစားနိုင်သနည်း။
၉ သင့်မိသားစုသင်အံမှုတွင် အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ခြင်းပါဝင်သလော။ သင်အံမှုအတူတကွလုပ်ဆောင်ရာတွင် သင်တိုးတက်လုပ်ဆောင်နိုင်သည့် အစီအစဉ်များစွာရှိသည်။ အချို့ကိုပြီးမြောက်ရန် သီတင်းပတ်များ၊ လများ သို့မဟုတ် နှစ်နှင့်ပင်ချီ၍လိုပေမည်။ ဤပန်းတိုင်များကိုသုံးသပ်ပါ– (၁) မိသားစုရှိတစ်ဦးစီသည် အသင်းတော်အစည်းအဝေးများတွင် ပါဝင်ဖြေဆိုရန် အသင့်ရှိခြင်း; (၂) တစ်ဦးစီသည် ကိုယ်ပိုင်စကားများဖြင့် ကြိုးစားဖြေဆိုခြင်း; (၃) ဖြေဆိုရာတွင် ကျမ်းချက်များထည့်ဖြေခြင်းနှင့် (၄) လက်တွေ့ကျင့်သုံးရန်အတွက် အကြောင်းအရာကိုသုံးသပ်ခြင်းတို့ဖြစ်သည်။ ဤအရာအားလုံးသည် အမှန်တရားကိုကိုယ်ပိုင်ဖြစ်စေဖို့ တစ်ဦးစီကိုကူညီပေးနိုင်သည်။—ဆာလံ ၂၅:၄၊ ၅။
၁၀။ (က) အသင်းတော်အစည်းအဝေးတစ်ခုစီကို မည်သို့ဂရုစိုက်နိုင်သနည်း။ (ခ) ယင်းသည် အဘယ်ကြောင့်ပြုလုပ်ရကျိုးနပ်သနည်း။
၁၀ သင့်မိသားစုသင်အံမှုသည် သီတင်းပတ်အတွက် ကင်းမျှော်စင်သင်ခန်းစာအပေါ်အခြေခံလေ့ရှိသည့်တိုင် အသင်းတော်စာအုပ်ကြီးသင်တန်း၊ သီအိုကရက်တစ်ကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးတို့အတွက် တစ်ဦးစီ သို့မဟုတ် မိသားစုလိုက်ပြင်ဆင်ခြင်း၏အရေးကြီးမှုကို လျစ်လျူမရှုပါနှင့်။ ယင်းတို့သည်လည်း ယေဟောဝါ၏လမ်းစဉ်၌လျှောက်လှမ်းရန် သွန်သင်ခြင်းအတွက် အရေးကြီးသောအစီအစဉ်များဖြစ်သည်။ အခါအားလျော်စွာ မိသားစုလိုက် အစည်းအဝေးများအတွက် ပြင်ဆင်နိုင်ပေသည်။ အတူတကွလုပ်ဆောင်ခြင်းအားဖြင့် သင်အံမှုအရည်အသွေးတိုးတက်လာပါလိမ့်မည်။ ရလဒ်အနေနှင့် အစည်းအဝေးများမှအကျိုးပိုရရှိပါလိမ့်မည်။ အခြားအရာများအပြင် ယင်းအစည်းအဝေးများအတွက် မှန်မှန်ပြင်ဆင်ခြင်း၏အကျိုးကျေးဇူးများနှင့် ယင်းအတွက် အချိန်အတိအကျသတ်မှတ်ခြင်း၏အရေးကြီးမှုကို ဆွေးနွေးပါ။—ဧဖက် ၅:၁၅-၁၇။
၁၁၊ ၁၂။ အသင်းတော်လိုက်သီချင်းဆိုခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုမည်နည်း။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။
၁၁ “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” စည်းဝေးကြီးများတွင် အစည်းအဝေးများ၏အခြားကဏ္ဍ—သီချင်းဆိုခြင်း—အတွက်ပါ ပြင်ဆင်ရန်အားပေးခံခဲ့ရ၏။ ထိုသို့သင်လုပ်ဆောင်ပြီးပြီလော။ သို့ပြုခြင်းက ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ကျမ်းစာအမှန်တရားကို ပုံပေါ်လာဖို့ကူညီပေးနိုင်ပြီး တစ်ချိန်တည်းတွင် အသင်းတော်အစည်းအဝေးများတွင် ပျော်ရွှင်မှုတိုးပွားလာပေမည်။
၁၂ အစီအစဉ်ပါသီချင်းတချို့ရှိ စကားလုံးများ၏အဓိပ္ပာယ်ကို ဖတ်ရှုဆွေးနွေးခြင်းတို့ပါဝင်သည့် ပြင်ဆင်မှုသည် စိတ်ပါလက်ပါသီဆိုရန်ကူညီပေးနိုင်သည်။ ရှေးဣသရေလနိုင်ငံတွင် တူရိယာများကို ဝတ်ပြုရေးတွင် ထင်ရှားစွာအသုံးပြုခဲ့ကြသည်။ (၁ ရာဇဝင်ချုပ် ၂၅:၁; ဆာလံ ၂၈:၇) သင့်မိသားစုတွင် တစ်ဦးတစ်ယောက်သည် တူရိယာတီးတတ်ပါသလော။ သီတင်းပတ်အတွက် နိုင်ငံတော်သီချင်းကိုလေ့ကျင့်ဖို့ ထိုတူရိယာကိုအသုံးပြုပြီး မိသားစုလိုက်သီချင်းကျင့်ပါလေ။ ဖြစ်နိုင်သည့်အခြားနည်းတစ်နည်းမှာ အသံသွင်းထားသောသီချင်းခွေကိုအသုံးပြုခြင်းဖြစ်၏။ အချို့နိုင်ငံများတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် တေးဂီတမပါဘဲ ကောင်းစွာသီဆိုကြသည်။ လမ်းလျှောက်ရင်း သို့မဟုတ် လယ်ကွင်းများတွင်အလုပ်လုပ်ရင်း ထိုသီတင်းပတ်အသင်းတော်အစည်းအဝေးများအတွက် အစီအစဉ်ပါသီချင်းများကို သီဆိုလေ့ရှိကြသည်။—ဧဖက် ၅:၁၉။
လယ်ကွင်းလုပ်ငန်းအတွက် မိသားစုပြင်ဆင်မှု
၁၃၊ ၁၄။ လယ်ကွင်းလုပ်ငန်းအတွက် စိတ်နှလုံးကိုအသင့်ပြင်ဆင်ပေးသည့် မိသားစုဆွေးနွေးမှုများသည် အဘယ်ကြောင့် တန်ဖိုးရှိသနည်း။
၁၃ ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း အခြားသူများကိုသက်သေခံခြင်းသည် ကျွန်ုပ်တို့အသက်တာ၏အရေးကြီးသောကဏ္ဍတစ်ခုဖြစ်၏။ (ဟေရှာယ ၄၃:၁၀-၁၂; မဿဲ ၂၄:၁၄) လူကြီးလူငယ်မရွေး ကျွန်ုပ်တို့ပြင်ဆင်ထားမည်ဆိုလျှင် ယင်းလုပ်ငန်းတွင်ပို၍ ပျော်ရွှင်ပြီး ပို၍ကောင်းစွာပြီးမြောက်အောင်မြင်ကြမည်။ ယင်းကို မိသားစုအတွင်း မည်သို့ပြုလုပ်နိုင်သနည်း။
၁၄ ကျွန်ုပ်တို့၏ဝတ်ပြုရေးနှင့်ပတ်သက်သောကိစ္စရပ်အားလုံးနည်းတူ ကျွန်ုပ်တို့၏စိတ်နှလုံးကိုအသင့်ပြင်ဆင်ပေးဖို့လည်း အရေးကြီးသည်။ အဘယ်အရာကို ကျွန်ုပ်တို့ပြုလုပ်ရမည်ကိုသာမက အဘယ်ကြောင့်ပြုရကြောင်းကိုပါ ဆွေးနွေးရန်လိုသည်။ ဘုရင်ယောရှဖတ်ခေတ်တွင် လူတို့ကို ဘုရားသခင့်ပညတ်များသွန်သင်ပေးခဲ့ကြသော်လည်း သူတို့သည် “စွဲလမ်းသောစိတ်မရှိကြသေး” ဟုသမ္မာကျမ်းစာကဆိုသည်။ ယင်းကြောင့် စစ်မှန်သောဝတ်ပြုရေးမှသွေဖည်သွားစေနိုင်သည့် သွေးဆောင်မှုများကို မခုခံနိုင်ဘဲဖြစ်စေခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၀:၃၃၊ သမ; ၂၁:၁၁) ကျွန်ုပ်တို့၏ပန်းတိုင်သည် လယ်ကွင်းလုပ်ငန်းတွင် အသုံးပြုသည့်နာရီကို မှတ်တမ်းသွင်းနိုင်ဖို့သက်သက်အတွက်၊ စာပေဝေမျှဖို့သက်သက်အတွက် မဖြစ်စေရပါ။ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုသည် ယေဟောဝါအားချစ်ကြောင်းနှင့် အသက်ကိုရွေးချယ်ခွင့်ရဖို့လိုသည့် လူတို့ကိုချစ်ကြောင်း တင်ပြချက်တစ်ရပ်ဖြစ်သင့်၏။ (ဟေဗြဲ ၁၃:၁၅) ယင်းသည် “ဘုရားသခင်ထံ၌အလုပ်လုပ်သောသူချင်း” များအဖြစ်လုပ်ကိုင်ရသောလုပ်ငန်းဖြစ်သည်။ (၁ ကောရိန္သု ၃:၉) တကယ့်အခွင့်အရေးပါတကား! ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်နေကြစဉ် သန့်ရှင်းသောကောင်းကင်တမန်များနှင့်အတူ တွဲဖက်၍လုပ်ဆောင်ကြရသည်။ (ဗျာဒိတ် ၁၄:၆၊ ၇) ၎င်းကိုပိုလေးမြတ်ရန် ကျွန်ုပ်တို့၏ပတ်စဉ်သင်အံမှုပြုချိန်ဖြစ်စေ၊ သမ္မာကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်မှ သင့်တော်သည့်ကျမ်းချက်တစ်ခုကို ဆွေးနွေးချိန်၌ဖြစ်စေ မိသားစုဆွေးနွေးမှုများထက် သာ၍ကောင်းသည့် အဘယ်အချိန်ရှိနိုင်ပါဦးမည်နည်း!
၁၅။ အဘယ်အချိန်တွင် လယ်ကွင်းလုပ်ငန်းအတွက် မိသားစုလိုက် ပြင်ဆင်ရမည်နည်း။
၁၅ မိသားစုသင်အံမှုပြုချိန်တွင် ရံဖန်ရံခါအချိန်ယူပြီး သီတင်းပတ်၏လယ်ကွင်းလုပ်ငန်းအတွက် သင့်အိမ်ထောင်စုဝင်များကို ကူညီပြင်ဆင်ပေးပါသလော။ သို့ပြုခြင်းသည် အလွန်အကျိုးရှိနိုင်သည်။ (၂ တိမောသေ ၂:၁၅) ဤသို့ပြုခြင်းက သူတို့၏လုပ်ငန်းတော်ကို အဓိပ္ပာယ်ရှိစေပြီးဖြစ်ထွန်းစေ၏။ ရံဖန်ရံခါ ထိုသို့သောပြင်ဆင်မှုအတွက် သင်အံမှုအစီအစဉ်တစ်ခုလုံးကို သတ်မှတ်ထားလိုပေမည်။ သို့သော် များသောအားဖြင့် မိသားစုသင်အံမှုအဆုံးတွင် သို့မဟုတ် သီတင်းပတ်အတွင်းတစ်ချိန်ချိန်တွင် လယ်ကွင်းလုပ်ငန်း၏အသွင်အပြင်များကို ခဏတစ်ဖြုတ်ဆွေးနွေးလိုပေမည်။
၁၆။ အပိုဒ်တွင်ဖော်ပြထားသော အချက်တစ်ခုချင်းစီ၏အကျိုးကို ဆွေးနွေးပါ။
၁၆ မိသားစုအစီအစဉ်များတွင် အောက်ပါအဆင့်ဆင့်ပြုရမည့်အရာများကို အာရုံစိုက်လိုပေမည်– (၁) အခွင့်အရေးရမည်ဆိုလျှင် သမ္မာကျမ်းစာမှဖတ်ရန် ကျမ်းချက်တစ်ချက်ပါဝင်သော ကောင်းစွာလေ့ကျင့်ထားသည့်တင်ဆက်မှုတစ်ခုပြင်ဆင်ပါ။ (၂) ဖြစ်နိုင်မည်ဆိုလျှင် တစ်ဦးစီ၌ လွယ်အိတ်၊ ကျမ်းစာ၊ မှတ်စုစာအုပ်၊ ဖောင်တိန် သို့မဟုတ် ခဲတံ၊ ဝေစာများနှင့် အခြားစာပေများရှိမရှိသေချာစေပါ။ လွယ်အိတ်သည် တန်ဖိုးကြီးစရာမလိုသော်လည်း သပ်ရပ်ရမည်။ (၃) အလွတ်သဘောသက်သေခံခြင်းကို အဘယ်နေရာတွင် မည်သို့ပြုနိုင်ကြောင်းဆွေးနွေးပါ။ ဤညွှန်ကြားချက်တစ်ခုစီကိုလုပ်ဆောင်ကာ လယ်ကွင်းလုပ်ငန်းတွင် အတူအမှုဆောင်ပါ။ အကူအညီဖြစ်စေသောအကြံပြုချက်များကိုပေးပါ၊ သို့သော် အချက်အလက် မများလွန်းပါစေနှင့်။
၁၇၊ ၁၈။ (က) မိသားစုလိုက် အဘယ်ပြင်ဆင်မှုမျိုးပြုလုပ်ခြင်းသည် ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းကို ပို၍သီးပွင့်စေနိုင်သနည်း။ (ခ) ဤပြင်ဆင်မှုနှင့်ပတ်သက်၍ အဘယ်ကဏ္ဍကို အပတ်စဉ်ပြုလုပ်နိုင်သနည်း။
၁၇ ယေရှုခရစ်၏နောက်လိုက်များကို ကိုယ်တော်ပေးအပ်ခဲ့သည့် အဓိကတာဝန်တစ်ခုမှာ တပည့်ဖြစ်စေခြင်းဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) တပည့်ဖြစ်စေခြင်းတွင် ဟောပြောခြင်းထက်မကပါဝင်သည်။ သွန်သင်ပေးရန်လို၏။ ၎င်းကိုပြုရန် သင့်မိသားစုသင်အံမှုသည် မည်သို့ထိရောက်မှုရှိစေနိုင်သနည်း။
၁၈ မည်သူ့ထံပြန်လည်ပတ်မှုပြုလုပ်ရန် သင့်တော်သည်ကို မိသားစုလိုက်ဆွေးနွေးပါ။ အချို့သည် စာပေများကိုလက်ခံခဲ့ကြပေမည်; အချို့ကား နားထောင်ရုံသက်သက်ဖြစ်၏။ သူတို့ကို တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် သို့မဟုတ် ဈေး၊ ကျောင်းတွင်အလွတ်သဘောသက်သေခံခြင်းဖြင့် ဆုံတွေ့ခဲ့ကြပေမည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လမ်းပြစေပါ။ (ဆာလံ ၂၅:၉; ယေဇကျေလ ၉:၄) ထိုအပတ်တွင် မည်သူ့ထံ သင်တို့တစ်ဦးစီပြန်လည်ပတ်သွားလိုကြောင်း ဆုံးဖြတ်ပါ။ အဘယ်အကြောင်းပြောဆိုကြမည်နည်း။ မိသားစုဆွေးနွေးမှုသည် တစ်ဦးစီကြိုတင်ပြင်ဆင်မှုရှိဖို့ ကူညီပေးနိုင်သည်။ စိတ်ဝင်စားသူများနှင့်ဆွေးနွေးမည့်ကျမ်းချက်များအပြင် ကျွန်ုပ်တို့ထံမှဘုရားသခင်အဘယ်အရာတောင်းဆိုသနည်းဘရိုရှာ သို့မဟုတ် ထာဝရအသက်ကိုရစေသောအသိပညာစာအုပ်မှ သင့်တော်သည့်အချက်များကိုမှတ်သားထားပါ။ လည်ပတ်မှုတစ်ခုတည်းတွင် ဆွေးနွေးသည့်အချက်အလက်မများလွန်းပါစေနှင့်။ နောက်တစ်ခါပြန်လည်ပတ်ချိန်တွင်ဖြေဆိုဖို့ အိမ်ရှင်ကိုမေးခွန်းတစ်ခုမေးခဲ့ပါ။ တစ်ယောက်စီသည် အဘယ်ပြန်လည်ပတ်မှုများကိုပြုလုပ်မည်၊ ယင်းကိုပြုလုပ်မည့်အချိန်နှင့် အဘယ်အရာပြီးမြောက်ဖို့မျှော်လင့်သည်ကို စီစဉ်ခြင်းသည် ပတ်စဉ်မိသားစုလုပ်ရိုးလုပ်စဉ်ဖြစ်စေပါလေ။ ဤသို့ပြုခြင်းသည် မိသားစုတစ်စုလုံး၏လယ်ကွင်းလုပ်ငန်းကို ပို၍သီးပွင့်ရန် ကူညီပါလိမ့်မည်။
သူတို့အား ယေဟောဝါ၏လမ်းစဉ်ဆက်သွန်သင်ပေးခြင်း
၁၉။ မိသားစုဝင်များသည် ယေဟောဝါ၏လမ်းစဉ်၌ ဆက်လျှောက်လှမ်းနေမည်ဆိုလျှင် အဘယ်အရာကိုတွေ့ကြုံခံစားကြရမည်နည်း၊ ယင်းကို အဘယ်အရာက အထောက်အကူပြုသနည်း။
၁၉ ဤဆိုးညစ်သောလောကတွင် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်၏။ စာတန်နှင့် သူ၏နတ်ဆိုးများသည် ယေဟောဝါ၏ကျေးကျွန်များ၏ဝိညာဉ်ရေးကိုဖျက်စီးရန် ကြိုးပမ်းလျက်ရှိကြ၏။ (၁ ပေတရု ၅:၈) ထို့အပြင် ယနေ့တွင် မိဘများ၊ အထူးသဖြင့် တစ်ကိုယ်ရေမိဘများအတွက် ဖိစီးမှုများစွာရှိသည်။ သင်လုပ်ကိုင်လိုသည့်အရာအားလုံးကိုလုပ်ကိုင်ရန် အချိန်ရဖို့ခဲယဉ်း၏။ သို့သော် တစ်ချိန်တွင် အကြံပြုချက်တစ်ခုကိုသာလိုက်လျှောက်လုပ်ကိုင်နိုင်သည့်တိုင် သင်တို့၏မိသားစုသင်အံမှုအစီအစဉ် တဖြည်းဖြည်းတိုးတက်လာရာ ကြိုးစားရကျိုးနပ်ပေ၏။ ယေဟောဝါ၏လမ်းစဉ်၌ သစ္စာရှိစွာအနီးကပ်လျှောက်လှမ်းနေသူတို့ကိုမြင်ရခြင်းသည် အားရှိစရာဖြစ်သည်။ ယေဟောဝါ၏လမ်းစဉ်၌ အောင်မြင်စွာလျှောက်လှမ်းရန် မိသားစုဝင်များသည် အသင်းတော်အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်နေခြင်းဖြင့် ရွှင်လန်းမှုရရန်လိုသည်။ ထိုသို့ဖြစ်လာရန် ပြင်ဆင်မှု—တည်ဆောက်ပေးပြီး အဓိပ္ပာယ်ရှိရှိပါဝင်ဖို့ တစ်ဦးစီကို အသင့်ရှိစေသောပြင်ဆင်မှု—လိုသည်။
၂၀။ ၃ ယောဟန် ၄ တွင်ဖော်ပြထားသော ရွှင်လန်းမှုမျိုးကို မိဘများပို၍ခံစားရဖို့ အဘယ်အရာက ကူညီနိုင်သနည်း။
၂၀ ဝိညာဉ်ရေးဘက် တမန်တော်ယောဟန်ကူညီပေးခဲ့သူများနှင့်ပတ်သက်၍ သူက ဤသို့ရေးသားခဲ့သည်– “ငါ၏သားသမီးတို့သည် သမ္မာတရား၌ကျင်လည်သည်ကို ငါကြားသိရ၍ ဝမ်းမြောက်သည်ထက် သာ၍ကြီးသောဝမ်းမြောက်ခြင်းသည် ငါ၌မရှိ။” (၃ ယောဟန် ၄၊ သမ္မာ) ရှင်းလင်းသောရည်ရွယ်ချက်များဖြင့် ကျင်းပသည့်မိသားစုသင်အံမှုများနှင့် မိသားစုဝင်တစ်ဦးချင်းစီ၏လိုအပ်ရာများကို ကြင်နာမှုနှင့် အထောက်အကူပြုသည့်နည်းဖြင့် ကိုင်တွယ်ဖြေရှင်းပေးသော အိမ်ထောင်ဦးစီးများသည် ထိုသို့သောရွှင်လန်းမှုကို မိသားစုခံစားရရန် များစွာကူညီပေးနိုင်သည်။ ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်ကို လေးမြတ်မှုပျိုးထောင်ပေးခြင်းအားဖြင့် မိဘများသည် မိသားစုကို အကောင်းဆုံးဘဝလမ်းစဉ်၌ပျော်မွေ့ဖို့ ကူညီပေးသည်။—ဆာလံ ၁၉:၇-၁၁။
သင်ရှင်းပြနိုင်သလော
◻ အစည်းအဝေးအတွက်ပြင်ဆင်ခြင်းသည် သားသမီးများအတွက် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။
◻ သားသမီးများသည် “နှလုံးရ” ရန်မိဘများမည်သို့ကူညီပေးနိုင်သနည်း။
◻ အစည်းအဝေးအားလုံးအတွက်ပြင်ဆင်ရာ၌ မိသားစုသင်အံမှုသည် မည်သို့ကူညီပေးနိုင်သနည်း။
◻ မိသားစုလိုက် လယ်ကွင်းလုပ်ငန်းအတွက်ပြင်ဆင်ခြင်းသည် ကျွန်ုပ်တို့ကို မည်သို့ပို၍ထိရောက်စေမည်နည်း။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
သင့်မိသားစုသင်အံမှုတွင်အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ခြင်းပါဝင်ပေမည်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အစည်းအဝေးများအတွက်သီချင်းလေ့ကျင့်ခြင်းသည် အကျိုးရှိ