သင်သည် မြင့်မြတ်သောအရာများကို တန်ဖိုးထားသလော
၁ ကျွန်ုပ်တို့သည် မြင့်မြတ်သောအရာများကို တန်ဖိုးထားမထား အမေးခံရလျှင် တန်ဖိုးထားသည်ဟူ၍ ချက်ချင်းဖြေကြပေမည်! ကျွန်ုပ်တို့တန်ဖိုးထားကြသည့် ဘုရားသခင်၏မြင့်မြတ်သော ပြင်ဆင်ပေးမှုအချို့ကား အဘယ်နည်း။
၂ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိခွင့် ရထားသည်ကို ကျွန်ုပ်တို့အလွန်မြတ်နိုးကြသည်တကား! ‘ကိုယ်တော်ကိုချဉ်းကပ်လျှင် ကျွန်ုပ်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်’ ဟူ၍ ကိုယ်တော်အာမခံထားသည်။ (ယာ. ၄:၈) ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာမရှိလျှင် မည်သူမျှထာဝရအသက်မရနိုင်ပါ။ (ယော. ၃:၁၆) ကျွန်ုပ်တို့သည် စိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်ခြင်းကြောင့် ဘုရားသခင်၏ဤအဖိုးတန်လက်ဆောင်ကို အလွန်လေးမြတ်ကြောင်း ဆုတောင်းခြင်းဖြင့် နေ့စဉ်ဖွင့်ဟဖော်ပြကြသည်။
၃ ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော် သမ္မာကျမ်းစာသည်လည်း ယေဟောဝါ၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းကဲ့သို့ပင် ကျွန်ုပ်တို့အတွက်မြင့်မြတ်ရာဖြစ်၏။ ကျွန်ုပ်တို့သည် ကျမ်းစာမူများနှင့်အညီအသက်ရှင်ပြီး ညီရင်းအစ်ကိုမေတ္တာနှောင်ကြိုးကိုခိုင်မြဲစေကာ သီအိုကရက်တစ်အစီအစဉ်ကို အသေအချာလိုက်နာ၍ ဦးဆောင်နေသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြသောအခါ ယေဟောဝါထံမှ ဤပြင်ဆင်ပေးမှုများအတွက် ပေးသင့်သောလေးမြတ်မှုကို တင်ပြကြသည်။—၁ ပေ. ၁:၂၂၊ ၂၃။
၄ ကျွန်ုပ်တို့သည် သစ္စာနှင့်သတိပညာရှိသောကျွန်မှတစ်ဆင့် ဝိညာဏအစာကို အလျှံပယ်ရရှိကြသည်။ ယင်းသည် ဤနှစ် “ဘုရားသခင့်စကားတော်ကိုကျင့်သုံးသူများ” ခရိုင်စည်းဝေးကြီးတွင် မှန်ကန်ပါလိမ့်မည်။ ထိုတွင် အရေးပါသောညွှန်ကြားချက်ကိုရရှိရုံမက ကျွန်ုပ်တို့အရေးတကြီးလိုအပ်သည့် နွေးထွေးသောပေါင်းသင်းဆက်ဆံမှုကိုပါ ရရှိကြပါမည်။ ဤမြင့်မြတ်သောပြင်ဆင်ပေးမှုအတွက် လှိုက်လှဲသောလေးမြတ်မှုကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။
၅ ယေဟောဝါ၏အိမ်တော်ကို လျစ်လျူမရှုနှင့်– နေဟမိက ယေရုရှလင်မြို့ရိုးကို ပြန်ဆောက်ရန် ကြိုးစားလုပ်ဆောင်ခဲ့သူများအား ‘သူတို့၏ဘုရားသခင့်အိမ်တော်ကိုလျစ်လျူမရှု’ ရန်သတိပေးနှိုးဆော်ခဲ့သည်။ (နေ. ၁၀:၃၉) ယနေ့ ယေဟောဝါ၏ “အိမ်တော်” သည် ဝတ်ပြုမှုအတွက် ကိုယ်တော်၏အစီအစဉ်ဖြစ်သည်။ ကျွန်ုပ်တို့၏ခရိုင်စည်းဝေးကြီးများသည် ထိုအစီအစဉ်၏အစိတ်အပိုင်းဖြစ်သည်။ ဤအစီအစဉ်ကို လျစ်လျူရှုဖို့မဟုတ်ဘဲ ထိုတွင်တက်ရောက်ကာ ကောင်းစွာအာရုံစိုက်ပြီး ယေဟောဝါ၏ပြင်ဆင်ပေးမှုများကို အလွန်တန်ဖိုးထားကြောင်း ကျွန်ုပ်တို့တင်ပြကြရမည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့သည် ဤမြင့်မြတ်သောအခါသမယကို အပြည့်အဝလေးမြတ်ကြောင်းတင်ပြရန် မည်သည့်အစီအစဉ်ကို ယခုပြုလုပ်သင့်သနည်း။
၆ သုံးရက်စလုံးတက်ရောက်ပါ– စည်းဝေးကြီးသုံးရက်စလုံးကို တက်ရောက်ရန် ကျွန်ုပ်တို့ယောက်တိုင်းစီစဉ်သင့်သည်။ နေ့တိုင်း စောစောရောက်ရန်နှင့် တနင်္ဂနွေနေ့ နောက်ဆုံးဆုတောင်းချက်အထိနေရန် သင်စီစဉ်မည်လော။ စီစဉ်မည်ဆိုပါက ကြွယ်ဝသောကောင်းချီးများခံစားရပါမည်။ စည်းဝေးကြီးတစ်ခုတက်ရောက်ဖို့ဟူသည် အစဉ်လွယ်ကူမည်မဟုတ်ပေ။ သင်၏လောကီအလုပ်အကိုင်ကိုချိန်ညှိရန် သင် အခိုင်အမာရပ်တည်ဖို့လိုပေမည်။ သယ်ယူပို့ဆောင်ရေးသည် အမြဲတမ်းအဆင်ပြေမည်မဟုတ်ချေ။ သို့သော် ဤအရာများကြောင့် စည်းဝေးကြီးတက်ရောက်ရန် သင် စိတ်ဓာတ်ကျမသွားပါနှင့်။
၇ အလွန်ကောင်းသောဤပုံသက်သေကို သုံးသပ်ပါ– ပြည်တွင်းဆူပူအုံကြွမှုဖြစ်နေသည့် အာဖရိကနိုင်ငံတစ်နိုင်ငံရှိ ညီအစ်ကိုတစ်စုသည် လွန်ခဲ့သည့်နှစ်က ခရိုင်စည်းဝေးကြီးတစ်ခုသို့သွားရာလမ်းတွင် စစ်သားတစ်စုနှင့်ဆုံခဲ့သည်။ “မင်းတို့ဘယ်သူတွေလဲ၊ ဘယ်ကိုသွားမလို့လဲ” ဟူ၍ညီအစ်ကိုများကိုမေး၏။ သူတို့က “ကျွန်တော်တို့က ယေဟောဝါသက်သေတွေပါ၊ ခရိုင်စည်းဝေးကြီးကို သွားတက်မလို့ပါ” ဟူ၍ပြန်ဖြေကြသည်။ စစ်သားများထဲမှတစ်ဦးက ဤသို့ပြောသည်– “မင်းတို့ယေဟောဝါသက်သေတွေဟာ ဘာကိုမှမကြောက်ကြဘူး။ သွားကြပါ၊ ဘာပြဿနာမှမရှိပဲ မင်းတို့ရဲ့စည်းဝေးကြီးကို ကျင်းပနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စစ်သားတွေတော့ အများကြီးတွေ့ရလိမ့်မယ်။ လမ်းရဲ့အလယ်ကနေ အမြဲလျှောက်ပါ! စုရုံးနေတဲ့လူတွေကိုတွေ့ရင် လမ်းရဲ့အလယ်ကပဲ ဆက်လျှောက်ပါ!” ထိုအတိုင်း သူတို့လုပ်ခဲ့ရာ စည်းဝေးကြီးသို့ ဘေးမသီရန်မခ ရောက်ရှိသွားကြသည်။ ဤညီအစ်ကိုများသည် မြင့်မြတ်သောအရာများအတွက် သူတို့၏လေးမြတ်မှုကိုတင်ပြခဲ့ခြင်းကြောင့် ဆုချခံခဲ့ရသည်။
၈ အာဖရိကရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများကဲ့သို့ ကျွန်ုပ်တို့သည်သည်း စိန်ခေါ်ချက်များကို ရင်ဆိုင်ကြရသည်။ သို့သော် ကျွန်ုပ်တို့သည် သူတို့၏ယုံကြည်ခြင်းကိုတုပနိုင်ကာ ခရိုင်စည်းဝေးကြီး၏အစီအစဉ်အားလုံးကို တက်ရောက်ရန် သန္နိဋ္ဌာန်ချနိုင်မည်မှာ သေချာပါသည်။ အစီအစဉ်တစ်ခုလုံးကိုတက်ရောက်ရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ကိုယ်တော်ကောင်းချီးပေးမည်ကိုသိရှိထားကာ ချိန်ညှိမှုများလိုအပ်မည်ဆိုလျှင် လမ်းပြမှုအတွက် ယေဟောဝါကိုမျှော်ကိုးပါ။
၉ ကောင်းချီးများကို ရိတ်သိမ်းပါ– ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအလိုငှာ ဘုရားသခင့်နှုတ်ကပါဌ်တော်အားဖြင့် တိုးတက်ကြီးထွားမည်ကိုသိရှိကာ ၎င်းနှုတ်ကပါဌ်တော်ကို တောင့်တကြသည်။ (၁ ပေ. ၂:၂) ခရိုင်စည်းဝေးကြီးကိုတက်ရောက်ခြင်းနှင့် အစီအစဉ်ကိုနားထောင်ခြင်းက ကျွန်ုပ်တို့တစ်ဦးစီအား ထိုနှုတ်ကပါဌ်တော်၌ ယုံကြည်ခြင်းပိုမိုခိုင်မာလာစေရန် တည်ဆောက်ပေးမည်ဖြစ်ပြီး ဤသို့ဖြင့် စာတန်၏ ပြင်းထန်သည့်တိုက်ခိုက်မှုများကို ပို၍ကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မြင့်မြတ်သောအရာများကို အပြည့်အဝလေးမြတ်ကြောင်းနှင့် “ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ” ကြောင်း ယေဟောဝါနှင့် ဘေးမှကြည့်နေသူအားလုံးတို့အား ပြသကြပါမည်။—ဟေဗြဲ ၁၀:၃၉; ၁၂:၁၆; သု. ၂၇:၁၁။
၁၀ ယေဟောဝါဘုရားသခင်သည် ကောင်းကင်ပြတင်းပေါက်များဖွင့်၍ ကျွန်ုပ်တို့အပေါ်သို့ ဝိညာဏကောင်းချီးများ အလျှံပယ်သွန်းလောင်းမည်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်ပါသည်။ (မာလ. ၃:၁၀) “ဘုရားသခင့်စကားတော်ကိုကျင့်သုံးသူများ” ခရိုင်စည်းဝေးကြီးတွင် သောကြာနေ့နံနက်ပိုင်းအစီအစဉ်အစမှ တနင်္ဂနွေနေ့မွန်းလွဲပိုင်း နိဂုံးချုပ်ဆုတောင်းချက်နှင့် “အာမင်!” အထိရှိနေရန် ပန်းတိုင်ထားပါ။ သင်တက်ရောက်ခဲ့ရသည့်အတွက် ဝမ်းမြောက်ပါလိမ့်မည်!