‘ငါတို့သည် မဟောမပြောဘဲမနေနိုင်’
၁ ယေရှုခရစ်သည် ဟောပြောခြင်းလုပ်ငန်းကို အနီးကပ်ကြီးကြပ်နေသည်။ (မ. ၂၈:၂၀; မာ. ၁၃:၁၀) ၂၃၄ နိုင်ငံတွင် သက်သေခံနေသည့် တက်ကြွသောကြွေးကြော်သူ ခြောက်သန်းနီးပါးရှိသော်လည်း ကျွန်ုပ်တို့၏သက်သေခံခြင်းလုပ်ငန်းသည် ပြီးဆုံးသွားပြီဟု မယူမှတ်ရပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်က လုပ်ငန်းပြီးဆုံးပြီဟု မကြေညာမချင်း မိမိတို့သိရှိထားရာများကို ‘မဟောမပြောဘဲမနေနိုင်’ ကြပါ။—တ. ၄:၂၀။
၂ ဘုရားသခင့်ဝိညာဉ်တော်ကို မှီခိုအားထားပါ– စာတန်သည် ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျစေရန် ပြင်းထန်သည့်ဖိအားပေးမှုကိုအသုံးပြုသည်။ (ဗျာ. ၁၂:၁၇) ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်သောအသွေးအသားကလည်း ကျွန်ုပ်တို့အပေါ် ပြဿနာများစွာဆိုက်ရောက်စေသည်။ ထိုသို့သောအရာများက အရေးအကြီးဆုံးဟောပြောခြင်းလုပ်ငန်းမှ ကျွန်ုပ်တို့၏အာရုံကို ပြောင်းသွားစေနိုင်သည်။ သို့သော်လည်း ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်အားကိုးမည်ဆိုလျှင် မည်သည့်အတားအဆီးကိုမဆိုရင်ဆိုင်ရန် ကိုယ်တော့်ဝိညာဉ်တော်က ကူညီပေးပါလိမ့်မည်။
၃ ပထမရာစုခရစ်ယာန်အသင်းတော်သည် နှိပ်စက်ညှဉ်းပန်းမှုအပြင်းအထန်ခံရသည့်အခါ ညီအစ်ကိုများသည် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ရဲရင့်စွာဆက်ဟောပြောရန် အကူအညီအတွက် ယေဟောဝါထံဆုတောင်းခဲ့ကြသည်။ ယေဟောဝါသည် သူတို့အား မိမိ၏ဝိညာဉ်တော်ဖြင့်ပြည့်စေကာ ဆက်ဟောပြောရန်လိုအပ်သည့် ဇွဲထက်သန်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကိုပေးသနားခြင်းဖြင့် သူတို့၏ဆုတောင်းချက်ကို ဖြေကြားခဲ့သည်။ ရလဒ်အနေနှင့် သူတို့သည် အရှိန်မလျှော့ဘဲ သတင်းကောင်းကို ရဲရင့်စွာဆက်၍ဟောပြောခဲ့ကြသည်။—တ. ၄:၂၉၊ ၃၁; ၅:၄၂။
၄ အပြုသဘောမပါသည့်ပြောဆိုချက်ကို မကြောက်ပါနှင့်– အများ၏ထင်မြင်ချက် သို့မဟုတ် လူသိရှင်ကြားသွားပုပ်လေလွင့်ပြောဆိုမှုသည် ကျွန်ုပ်တို့ကို ထိတ်လန့်သွားစေပေမည်။ သို့သော် တမန်တော် ၅:၂၉-၃၂ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဆဲန်ဟီဒရင်ရှေ့မှောက်တွင် ပေတရုနှင့် အခြားတမန်တော်များ၏ ရဲရင့်သောထွက်ဆိုချက်ကို သတိရပါ။ ပညတ်တရားသွန်သင်သူ ဂါမလျေလဝန်ခံခဲ့သည့်အတိုင်း ဘုရားသခင့်လုပ်ငန်းကို ဖြိုဖျက်၍မရနိုင်ပါ။ ၎င်းသည် ကျွန်ုပ်တို့၏အစွမ်းခွန်အားဖြင့် ပြီးမြောက်မည်မဟုတ်ပါ။ ဤကြီးမားသည့်လုပ်ငန်းသည် ဘုရားသခင့်ထောက်မမှုကိုရရှိကာ ကိုယ်တော်သာလျှင် ယင်းကို ပြီးမြောက်စေနိုင်သည်!—ဇာ. ၄:၆။
၅ သတင်းကောင်းကို ဇွဲထက်သန်စွာကြွေးကြော်နိုင်ရန် ကူညီပေးဖို့ ကိုယ်တော့်ဝိညာဉ်တော်အတွက် ယေဟောဝါထံ နေ့စဉ်အသနားခံကြစို့။ နိုင်ငံတော်သတင်းသည် ကျွန်ုပ်တို့၏အရိုးတို့၌ လောင်သောမီးကဲ့သို့ဖြစ်သည်ဟု ယေရမိပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့ပြောနိုင်ကြပါစေ။ (ယေ. ၂၀:၉) ကျွန်ုပ်တို့သည် ရေငုံနှုတ်ပိတ်မနေနိုင်ကြပါ!