အခြားသူတို့ကိုသွေးဆောင်နိုင်ပုံ
၁ တမန်တော်ပေါလုသည် သွေးဆောင်နိုင်စွမ်းရှိသည့် ဓမ္မအမှုဆောင်တစ်ဦးဖြစ်သည်ဟူသော နာမည်ကောင်းရခဲ့သည်။ (တ. ၁၉:၂၆) အဂြိပ္ပမင်းကပင် “သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည် ခရစ်ယာန်ဖြစ်လုပြီ” ဟုသူ့အားပြောဆိုခဲ့သည်။ (တ. ၂၆:၂၈) အဘယ်အရာက ပေါလု၏ဓမ္မအမှုကို ထိုမျှလောက် သွေးဆောင်နိုင်စွမ်းရှိစေခဲ့သနည်း။ သူသည် မိမိ၏ကျိုးကြောင်းဆင်ခြင်မှုကို သူ၏ပရိသတ်နှင့်လိုက်လျောညီထွေဖြစ်စေရန် အလိုက်သင့်ပြောင်းလဲကာ ကျမ်းစာဖြင့် ယုတ္တိရှိစွာကျိုးကြောင်းဆင်ခြင်ခဲ့သည်။—တ. ၂၈:၂၃။
၂ ပေါလုကိုတုပသောအားဖြင့် ကျွန်ုပ်တို့လည်း ဓမ္မအမှုတွင် သွေးဆောင်နိုင်စွမ်းရှိဖို့လို၏။ မည်သို့အားဖြင့်နည်း။ အခြားသူတို့နှင့်စကားပြောသည့်အခါနှင့် သူတို့စကားကိုနားထောင်သည့်အခါတို့တွင် ထိုးထွင်းသိမြင်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့်ဖြစ်သည်။ (သု. ၁၆:၂၃) ယင်းကိုဖြစ်မြောက်စေရန် အရေးကြီးသည့်အဆင့်သုံးဆင့်က ကျွန်ုပ်တို့ကိုကူညီပေးမည်ဖြစ်သည်။
၃ ဂရုတစိုက်နားထောင်ပါ– အခြားသူတစ်ဦးစကားပြောနေစဉ် တည်ဆောက်ပေးရန် နှစ်ဦးနှစ်ဖက်သဘောတူနိုင်မည့်အချက်ကိုရရှိဖို့ နားထောင်ပါ။ ထိုသူက ကန့်ကွက်စရာတစ်ခုပေါ်ပေါက်စေလျှင် ယင်း၏နောက်ကွယ်ရှိအကြောင်းရင်းကို သိမြင်ရန်ကြိုးစားပါ။ ယင်းက သူဘာကိုယုံကြည်သည်၊ သူ အဘယ်ကြောင့် ယင်းကိုယုံကြည်သည်၊ အဘယ်အရာက သူ့အား ထိုသို့ယုံကြည်စေသည် အစရှိသည်တို့ကို အတိအကျသိရှိရန် အကူအညီဖြစ်စေပါမည်။ (သု. ၁၈:၁၃) သူ့ထံမှ လိမ္မာပါးနပ်စွာနှိုက်ယူပါ။
၄ မေးခွန်းများမေးပါ– လူတစ်ဦးသည် သုံးပါးပေါင်းတစ်ဆူယုံကြည်ချက်ကိုဖော်ပြလျှင် သင် ဤသို့မေးနိုင်သည်– “သုံးပါးပေါင်းတစ်ဆူကို လက်ခံယုံကြည်ထားတာ ကြာပြီလား။” ဆက်၍ဤသို့မေးပါ– “ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့အဆိုကို စေ့စေ့စပ်စပ်လေ့လာဖူးသလား။” သင် ဤသို့လည်းမေးနိုင်သည်– “ဘုရားသခင်ဟာ သုံးပါးပေါင်းတစ်ဆူအဝင်ဖြစ်တယ်ဆိုရင် သမ္မာကျမ်းစာက အဲဒီအကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြမယ်လို့ ကျွန်တော်တို့မမျှော်လင့်နိုင်ဘူးလား။” သင်ရရှိသည့်တုံ့ပြန်မှုများက သမ္မာကျမ်းစာဖော်ပြချက်နှင့်စပ်လျဉ်း၍ ထိုသူနှင့်အတူ ကျိုးကြောင်းဆင်ခြင်ရန် သင့်အားကူညီပေးပါမည်။
၅ ခိုင်လုံသောကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုပါ– သက်သေခံတစ်ဦးက ယေရှုသည် ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ခဲ့သောအမျိုးသမီးတစ်ဦးကို ဤသို့မေးခဲ့သည်– ‘ပုဂ္ဂိုလ်နှစ်ဦးဟာ တူညီတယ်ဆိုတာကိုပုံဖော်ပြဖို့ မိသားစုထဲက ဘယ်တော်စပ်မှုမျိုးကို တင်ပြမလဲ။’ အမျိုးသမီးက “ညီအစ်ကိုနှစ်ဦးကို အသုံးပြုမယ်” ဟုပြန်ဖြေသည်။ သက်သေခံက ဤသို့ထပ်ဆင့်ခဲ့သည်– “ခွဲမရအောင်တူတဲ့အမြွှာတောင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ဖခင် အဖြစ်နဲ့ သူကိုယ်နှိုက်ကိုတော့ သားတော် အဖြစ်ရှုမြင်ဖို့ ယေရှုသင်ပေးခဲ့တာ ဘာကိုဆိုလိုတာလဲ။” တစ်ဦးသည် အသက်ပိုကြီးပြီး အခွင့်အာဏာပိုရှိကြောင်း အမျိုးသမီးသဘောပေါက်သွားသည်။ (မ. ၂၀:၂၃; ယော. ၁၄:၂၈; ၂၀:၁၇) သွေးဆောင်ခြင်းနည်းပညာကြောင့် သူမ၏စိတ်နှလုံးထိမိခဲ့သည်။
၆ မှန်ပါသည်၊ ကျွန်ုပ်တို့၏တင်ဆက်မှုသည် မည်မျှပင် ယုတ္တိရှိပြီး တိကျမှန်ကန်နေပါစေ လူအားလုံး သမ္မာတရားကိုလက်ခံကြမည်တော့မဟုတ်ပါ။ သို့သော် ပေါလုကဲ့သို့ ကျွန်ုပ်တို့၏ရပ်ကွက်ရှိ နှလုံးရိုးဖြောင့်သူများကိုရှာဖွေကာ နိုင်ငံတော်သတင်းကိုလက်ခံရန် ၎င်းတို့အားသွေးဆောင်ရာတွင် လုံ့လဝီရိယရှိကြစို့။—တ. ၁၉:၈။