အကျင့်ကောင်းများဖြင့် ယေဟောဝါဂုဏ်တော်ကိုထင်ရှားစေ
၁ သင် မိုးသက်မုန်တိုင်းမိနေချိန်တွင် ခိုနားရန်နေရာတွေ့နိုင်မည်ဆိုလျှင် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း! အထဲတွင် နွေးနွေးထွေးထွေးရှိပြီး လုံခြုံမှုရှိကာ ထိုတွင်နေထိုင်သူများကလည်း ဧည့်ဝတ်ကျေပွန်ကြမည်ဆိုလျှင် ထိုတွင်နားခိုရသည်ကို သင်ပျော်ရွှင်ပေမည်။ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် လူတို့အား စာတန့်စနစ်မှကာကွယ်ပေးသည့် ထိုကဲ့သို့သောခိုနားရန်နေရာသို့ လမ်းညွှန်ပေး၏။ ဤလုံခြုံမှုရှိသောကွန်းခိုရာသည် မည်မျှစွဲမက်ဖွယ်ကောင်းကြောင်း အခြားသူတို့သိမြင်ရန် ကျွန်ုပ်တို့၏နေ့စဉ်အကျင့်အကြံက ကူညီပေးနိုင်မည်လော။ ကူညီပေးနိုင်ပါသည်၊ အကြောင်းမှာ ယေရှုက လူတို့သည် ‘ကျွန်ုပ်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ၏ဂုဏ်တော်ကိုချီးမွမ်း’ ကြမည်ဟု မိန့်ကြားခဲ့သောကြောင့်တည်း။—မ. ၅:၁၆။
၂ ကျွန်ုပ်တို့၏အကျင့်များက အခြားသူတို့အား ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းသို့ ဆွဲဆောင်ရန် ကျွန်ုပ်တို့ကိုယ်တိုင် မည်သို့ကျင့်ကြံနိုင်သနည်း။ လုကာ ၆:၃၁ နှင့် ၁၀:၂၇ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏စကားများဖြင့် ကျွန်ုပ်တို့၏အသက်တာကို နေ့စဉ်ပုံသွင်းစေခြင်းဖြင့်ဖြစ်သည်။ ယင်းက လူသားချင်းတို့အတွက် မေတ္တာပါသောစိုးရိမ်မှုတင်ပြရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးကာ အေးတိအေးစက်နိုင်ပြီး အရေးစိုက်မှုမရှိသည့် ဤလောကနှင့် ကျွန်ုပ်တို့ကိုခြားနားစေမည်ဖြစ်သည်။
၃ ပင်လယ်ကူး,ကူးတို့သင်္ဘောတစ်စီးပေါ်ရှိ ညီအစ်မတစ်ဦးသည် အလွန်လှိုင်းမူးနေ၍ သူ၏ကလေးငယ်ကို ဂရုမစိုက်နိုင်ဖြစ်နေသည့် အမျိုးသမီးငယ်တစ်ဦးကို သတိပြုမိခဲ့သည်။ ညီအစ်မက ကလေးကိုကြည့်ရှုပေးရန် ကမ်းလှမ်းလိုက်၏။ အမျိုးသမီးက သူမည်သို့ကျေးဇူးပြန်ဆပ်နိုင်ကြောင်းမေးသည့်အခါ ညီအစ်မက ‘ကျေးဇူးပြု၍ ယေဟောဝါသက်သေတွေ နောက်တစ်ကြိမ်လာရင် သူတို့ပြောတာကိုနားထောင်ပေးပါ’ ဟုပြောခဲ့သည်။ အမျိုးသမီးက ထိုအတိုင်းလုပ်ခဲ့ရာ ယခု သူနှင့်သူ၏ခင်ပွန်းသည် သက်သေခံများဖြစ်နေကြပြီဖြစ်သည်။ အကျင့်ကောင်းများက နိုင်ငံတော်သတင်းတရားအပေါ် သူတို့၏တုံ့ပြန်ပုံကို တစ်မူထူးခြားစေခဲ့သည်။
၄ ကျွန်ုပ်တို့၏အသက်တာတစ်ခုလုံးနှင့်ပတ်သက်နေ– အိမ်နီးချင်းများနှင့်ဆက်ဆံရာတွင်၊ အလုပ်ခွင်နှင့်ကျောင်းတွင်ရှိနေစဉ်နှင့် အပန်းဖြေနေချိန်အတွင်း ကျွန်ုပ်တို့၏အကျင့်အကြံသည် အခြားသူတို့အား ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ဘာသာကို ထင်မြင်ချက်ပေးဖို့ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်ကိုဤသို့မေးသင့်သည်– ‘အကဲခတ်သူများက ကျွန်ုပ်နှင့်ကျွန်ုပ်မိသားစုကို မည်သို့ရှုမြင်ကြသနည်း၊ အိမ်နီးချင်းများက ကျွန်ုပ်တို့၏အိမ်နှင့်ခြံဝင်းကို သန့်သန့်ရှင်းရှင်းနှင့်ကောင်းစွာထားသည်ဟု ယူဆကြသလော၊ ကျွန်ုပ်တို့၏အလုပ်ဖော်များနှင့်ကျောင်းနေဖက်များက ကျွန်ုပ်တို့ကို အချိန်တိကျပြီး ဝီရိယရှိသူအဖြစ် ရှုမြင်ကြသလော၊ အခြားသူများက ကျွန်ုပ်တို့၏အသွင်အပြင်သည် ဣန္ဒြေရှိပြီး လေးစားစရာကောင်းသည်ဟု တွေ့ရှိကြမည်လော။’ ကျွန်ုပ်တို့၏အကျင့်ကောင်းများကြောင့် ယေဟောဝါ၏ဝတ်ပြုရေးသည် အခြားသူတို့အတွက် ပို၍နှစ်သက်စရာဖြစ်လာနိုင်သည်။
၅ ပေတရုက ခရစ်ယာန်တို့သည် ပြောင်လှောင်သရော်ခံရမည်ဟု သတိပေးခဲ့သည်။ (၁ ပေ. ၄:၄) ကျွန်ုပ်တို့၏အကျင့်အကြံသည် ကဲ့ရဲ့စရာမဖြစ်စေရန် သေချာစေရမည်ဖြစ်သည်။ (၁ ပေ. ၂:၁၂) ကျွန်ုပ်တို့၏နေ့စဉ်အကျင့်များသည် ကျွန်ုပ်တို့ကိုးကွယ်သည့် ဘုရားသခင့်ဂုဏ်တော်ကို ထင်ရှားစေပါက ကျွန်ုပ်တို့သည် မြင့်မားစွာစိုက်ထူထားသည့် မီးတိုင်များသဖွယ်ဖြစ်ကာ ယေဟောဝါစီမံပေးသည့် လုံခြုံသောခိုနားရန်နေရာသို့ အခြားသူတို့အား လက်ယပ်ခေါ်ရာရောက်မည်ဖြစ်သည်။—မ. ၅:၁၄-၁၆။