မေးခွန်းသေတ္တာ
◼ အသင်းတော်သို့ စည်းဝေးဆုံးဖြတ်ချက်များတင်ပြရာတွင် အဘယ်လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်သင့်သနည်း။
ဒေသန္တရအကြီးအကဲအဖွဲ့သည် အသင်းတော်ကိုအကျိုးပြုသည့် ကိစ္စရပ်များစွာကို ဆုံးဖြတ်ကြရသည်။ ဆုံးဖြတ်ချက်များချရာတွင် ဤတာဝန်ရှိညီအစ်ကိုများသည် ဌာနခွဲရုံးကပေးသည့် အကြံပြုချက်များ သို့မဟုတ် ညွှန်ကြားချက်နှင့်အတူ ကျမ်းစာမူများဖြင့် လမ်းညွှန်မှုခံယူကြသည်။ သို့သော် အချို့သောဆုံးဖြတ်ချက်များချရာတွင် အသင်းတော်ပါဝင်သည်ဖြစ်ရာ စည်းဝေးဆုံးဖြတ်ချက်ပြုလုပ်ဖို့ လိုအပ်လာပါသည်။ ၎င်းကိစ္စရပ်များတွင် စည်းဝေးရန် သာ၍ကောင်းသော နေရာရှာယူခြင်း၊ မြေရာအဆောက်အအုံဝယ်ယူခြင်း၊ နိုင်ငံတော်ခန်းမဆောက်လုပ်မွမ်းမံခြင်း၊ ကုလားထိုင်များ သို့မဟုတ် အသံချဲ့စက်ပစ္စည်းကိရိယာများဝယ်ယူခြင်း၊ လျှပ်စစ်မီတာဘောက်စ်တပ်ဆင်ခြင်း၊ ဌာနခွဲရုံးမှ ချေးငွေတောင်းခံခြင်း၊ နိုင်ငံတော်အကျိုးစီးပွားတိုးပွားရန် ဌာနခွဲသို့ အလှူငွေများပေးပို့ခြင်း အစရှိသည်တို့ပါဝင်မည်ဖြစ်သည်။ သာမန်ကုန်ကျစရိတ်များအတွက် စည်းဝေးဆုံးဖြတ်ချက်မလိုသော်လည်း အကုန်အကျများသော သို့မဟုတ် သာမန်မဟုတ်သော ကုန်ကျစရိတ်များကို စည်းဝေးဆုံးဖြတ်ချက်ပုံစံစာရွက်ဖြင့် အသင်းတော်၏သဘောတူညီချက်ရယူသင့်သည်။
စည်းဝေးဆုံးဖြတ်ချက်များကို မည်သို့ရေးဆွဲတင်ပြရမည်နည်း။ အကြီးအကဲအဖွဲ့သည် ကိစ္စရပ်ကို စေ့စေ့စပ်စပ်ဆွေးနွေးကာ အသင်းတော်နှင့် နိုင်ငံတော်လုပ်ငန်း၏အကောင်းဆုံးအကျိုးကို သုံးသပ်သည်။ သူတို့သဘောတူညီပြီဆိုလျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီဝင် ဖြစ်ကောင်းဖြစ်မည့် အကြီးအကဲတစ်ဦးသည် အကြီးအကဲများ၏ထောက်ခံချက်များကို ရှင်းလင်းစွာရေးသားဖော်ပြထားသည့် စည်းဝေးဆုံးဖြတ်ချက်ကို ရေးဆွဲပြင်ဆင်မည်ဖြစ်သည်။ လုပ်ငန်းတော်စည်းဝေးတစ်ခုတွင် သက်ဆိုင်ရာအချက်များနှင့် အဆိုပြုထားသည့် စည်းဝေးဆုံးဖြတ်ချက်ကို ဆွေးနွေးပါမည်။ ကိစ္စရပ်ကိုဦးစီးဆွေးနွေးသောအကြီးအကဲသည် အသင်းတော်သားများ တစ်စုံတစ်ရာမရှင်းမလင်းဖြစ်၍ မေးမြန်းလိုလျှင် မေးမြန်းခွင့်ပြုမည်ဖြစ်သည်။ အရေးကြီးသည့်ဆုံးဖြတ်ချက်ဖြစ်ပါက အကြီးအကဲများသည် သဘောထားမတင်ပြကြမီ ယင်းကိုသုံးသပ်ရန် အသင်းတော်အား တစ်ပတ် သို့မဟုတ် တစ်ပတ်ကျော်အချိန်ပေးနိုင်သည်။ စည်းဝေးဆုံးဖြတ်ချက်ကို ထပ်မဆွေးနွေးဘဲ တင်ပြထားသည့်အတိုင်းလက်ခံရန် အသင်းတော်ကဆန္ဒရှိလျှင် သဘာပတိသည် စည်းဝေးဆုံးဖြတ်ချက်ကို ထောက်ခံသူနှင့်မထောက်ခံသူတို့အား လက်ထောင်ခြင်းဖြင့်တင်ပြကြဖို့ တောင်းဆိုနိုင်သည်။ ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသော ကြေညာသူအများစုက အဆိုပြုချက်ကိုထောက်ခံလျှင် အကြီးအကဲများသည် သဘောတူညီထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည်။
လက်ခံထားသည့် ရေးသားထားသောစည်းဝေးဆုံးဖြတ်ချက်အားလုံးကို အသင်းတော်မှတ်တမ်းများတွင် ဖိုင်မတွဲမီ တာဝန်ရှိအကြီးအကဲများက လက်မှတ်ထိုးပြီး ရက်စွဲတပ်သင့်သည်။ အချို့သောအခြေအနေများတွင် အထူးသဖြင့် အသင်းတော်ချေးငွေအတွက် ဌာနခွဲသို့လျှောက်သည့်အခါ စည်းဝေးဆုံးဖြတ်ချက်မိတ္တူတစ်စောင်ကို လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့သင့်သည်။