ကမ္ဘာပေါ်တွင်အပျော်ရွှင်ဆုံးလူမျိုး
၁ “ယေဟောဝါကို မိမိဘုရားသခင်အဖြစ် ကိုးကွယ်သောလူမျိုးသည် ပျော်ရွှင်၏!” (ဆာ. ၁၄၄:၁၅၊ ကဘ) ထိုစကားများက ယေဟောဝါသက်သေများသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူမျိုးဖြစ်ကြောင်း ဖော်ပြသည်။ စစ်မှန်၍ အသက်ရှင်တော်မူသည့် တစ်ဆူတည်းသောဘုရားသခင်၊ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းမှရရှိသည့်ရွှင်လန်းမှုထက် သာ၍ကြီးမားသောရွှင်လန်းမှုမရှိပါ။ ကိုယ်တော်သည် “ပျော်ရွှင်သောဘုရား” ဖြစ်ရာ ကိုယ်တော်အားဝတ်ပြုသူတို့သည် ကိုယ်တော်၏ပျော်မွေ့မှုကို ထင်ဟပ်ပြသကြသည်။ (၁ တိ. ၁:၁၁၊ ကဘ) ကျွန်ုပ်တို့ကို အလွန်ပျော်ရွှင်စေသည့် ဝတ်ပြုမှုအသွင်အချို့ကား အဘယ်နည်း။
၂ ပျော်ရွှင်ရသည့်အကြောင်းရင်းများ– ယေရှုက ပျော်ရွှင်မှုဟူသည် “ဝိညာဉ်ရေးတွင် [ကျွန်ုပ်တို့] လိုလျက်နေကြောင်း သတိပြု” ခြင်းမှရရှိသည်ဟု ကျွန်ုပ်တို့ကိုအာမခံခဲ့သည်။ (မ. ၅:၃၊ ကဘ) သမ္မာကျမ်းစာကို အဆက်မပြတ်လေ့လာခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများအားလုံး တက်ရောက်ခြင်းက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို သင်ယူလေ့လာခြင်းက ဘာသာရေးဆိုင်ရာမုသာနှင့် အမှားတို့မှ ကျွန်ုပ်တို့ကိုလွတ်မြောက်စေ၏။ (ယော. ၈:၃၂) ကျမ်းစာက ကျွန်ုပ်တို့အတွက် အကောင်းဆုံးဘဝလမ်းစဉ်ကိုလည်း သွန်သင်ပေး၏။ (ဟေရှာ. ၄၈:၁၇) ယင်းကြောင့် ပျော်ရွှင်သောညီအစ်ကိုအသင်းအပင်းအတွင်း အကျိုးပြုသောခရစ်ယာန်ပေါင်းသင်းမှု၌ ကျွန်ုပ်တို့ပျော်မွေ့ရခြင်းဖြစ်၏။—၁ သက်. ၂:၁၉၊ ၂၀; ၁ ပေ. ၂:၁၇။
၃ ကျွန်ုပ်တို့သည် ဘုရားသခင်၏မြင့်မားသော စာရိတ္တစံနှုန်းများကိုလိုက်နာခြင်းမှ ကျေနပ်မှုများစွာရရှိကြသည်၊ အကြောင်းမှာ ယင်းသည် ကျွန်ုပ်တို့ကိုကာကွယ်ပေးကာ ယေဟောဝါကို ပျော်ရွှင်စေသောကြောင့်ဖြစ်၏။ (သု. ၂၇:၁၁)သတင်းထောက်တစ်ဦးက ဤသို့သတိပြုမိသည်– “တင်းကျပ်တဲ့စံနှုန်းတွေရှိပေမဲ့ ယေဟောဝါသက်သေတွေဟာ ဝမ်းနည်းနေပုံမပေါက်ဘူး။ အဲဒါနဲ့တခြားစီပဲ။ [သူတို့ထဲက] လူငယ်ရောလူကြီးတွေပါ အလွန်ပျော်ရွှင်ကြပြီး မျှတမှုရှိကြပုံပေါက်တယ်။” ကျွန်ုပ်တို့၏ပျော်ရွှင်သောဘဝလမ်းစဉ်ကို အခြားသူတို့အား မည်သို့ကူညီဝေမျှပေးနိုင်သနည်း။
၄ အခြားသူတို့ပျော်ရွှင်မှုရရှိရန် ကူညီပါ– ကမ္ဘာကြီးသည် စိတ်မချမ်းမြေ့စရာနှင့်ပြည့်နေ၏။ များသောအားဖြင့် လူတို့တွင် အနာဂတ်နှင့်ပတ်သက်၍ မျှော်လင့်ချက်မဲ့နေသည်။ သို့သော် ကျွန်ုပ်တို့သည် တစ်နေ့သောအခါ ဝမ်းနည်းမှုမှန်သမျှ အတိတ်တွင်ကျန်ရစ်တော့မည်ကို သိထားကာ တောက်ပသောမျှော်လင့်ချက်ရှိကြသည်။ (ဗျာ. ၂၁:၃၊ ၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ပတ်သက်သည့် မိမိတို့၏မျှော်လင့်ချက်နှင့် ယုံကြည်ချက်များကိုဝေမျှရန် နှလုံးရိုးဖြောင့်သူများကိုရှာဖွေလျက် ဓမ္မအမှုတွင် ဇွဲရှိရှိပါဝင်ကြသည်။—ယေဇ. ၉:၄။
၅ ရှေ့ဆောင်ညီအစ်မတစ်ဦးက “ယေဟောဝါနဲ့ ကိုယ်တော်ရဲ့သမ္မာတရားကို သိရှိနားလည်လာအောင် လူတွေကိုကူညီပေးရတာထက် ကျေနပ်မှုပေးတဲ့လုပ်ငန်းမရှိဘူး” ဟုဆိုခဲ့သည်။ အိမ်တွင်းကျမ်းစာသင်အံမှုလက်ခံရန် နောက်ထပ်များစွာသောသူတို့ကို အားပေးဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ကြစို့။ ယေဟောဝါ၏အမှုတော်ဆောင်ခြင်း၊ ကိုယ်တော်၏အမှုတော်ဆောင်ရန် အခြားသူတို့ကိုကူညီပေးဖို့ မိမိတို့ကိုယ်ကိုပေးဆက်ခြင်းသည် အကြီးမားဆုံးပျော်ရွှင်မှုကို ရရှိစေသည်။—တ. ၂၀:၃၅။