ယေဟောဝါ၊ ကိုယ်တော့်သားတော်နှင့် ရွှင်လန်းစွာပေါင်းစည်းခြင်း
နှစ်၏အရေးကြီးဆုံးဖြစ်ရပ်ကို မတ်လ ၂၈ ရက်တွင်ကျင်းပရန်ဖြစ်
၁ ၂၀၀၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေဝင်ပြီးနောက် သခင့်ညစာစားပွဲကျင်းပခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တို့နှင့်အတူ ရွှင်လန်းစွာပေါင်းစည်းကြောင်း ပြသကြသည်။ အလွန်ထူးခြားသော ထိုအခါသမယတွင် ဘိသိက်ခံခရစ်ယာန်အကြွင်းအကျန်သည် အခြားနိုင်ငံတော်အမွေခံများ၊ ခမည်းတော်၊ ကိုယ်တော့်သားတော်နှင့်ရှိထားသည့် အထူး “ဆက်ဆံခွင့်” ကိုခံစားကြသည်။ (၁ ယော. ၁:၃၊ သမ; ဧ. ၁:၁၁၊ ၁၂) “အခြားသိုး” သန်းပေါင်းများစွာသည် ယေဟောဝါ၊ ကိုယ်တော့်သားတော်နှင့် ပေါင်းစည်းကာ ဘုရားသခင့်အမှုတော်ကိုပြီးမြောက်စေရာတွင် ၎င်းတို့နှင့် တစ်စိတ်တစ်သဘောတည်းရှိရသည့် ထူးမြတ်သောအခွင့်အရေးကို ဆင်ခြင်သုံးသပ်ကြမည်ဖြစ်သည်!—ယော. ၁၀:၁၆။
၂ ရင်းနှီးသောဆက်ဆံရေးဖြင့် အတူတကွလုပ်ဆောင်ခြင်း– ယေဟောဝါနှင့် ယေရှုတို့သည် အမြဲရွှင်လန်းစွာပေါင်းစည်းလျက်ရှိသည်။ သူတို့သည် လူကိုမဖန်ဆင်းမီ နှစ်ပရိစ္ဆေဒပေါင်းများစွာကတည်းက ရင်းနှီးသောပေါင်းသင်းဆက်ဆံရေးရှိခဲ့သည်။ (မိ. ၅:၂) သို့ဖြစ်၍ သူတို့နှစ်ပါးကြားတွင် နက်ရှိုင်းသောချစ်ခင်တွယ်တာမှုနှောင်ကြိုး ရစ်ဖွဲ့လျက်ရှိသည်။ ဉာဏ်ပညာပြယုဂ်အဖြစ် လူသားဘဝမတိုင်မီအသက်တာ၌ ဤသားဦးသည် ဤသို့မိန့်ဆိုနိုင်ခဲ့သည်– “ငါသည် . . . [ယေဟောဝါ] အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူ . . . ၏။” (သု. ၈:၃၀) မေတ္တာ၏ပင်ရင်းနှင့်အတူ မရေမတွက်နိုင်သောခေတ်ကာလများတစ်လျှောက် ရင်းနှီးစွာပေါင်းဖော်ခဲ့ခြင်းက ဘုရားသခင့်သားတော်အပေါ် အလွန်အကျိုးသက်ရောက်ခဲ့သည်!—၁ ယော. ၄:၈။
၃ လူသားတို့၏ ရွေးနုတ်ဖိုးလိုအပ်မှုကိုရည်စူး၍ ယေဟောဝါသည် တစ်ခုတည်းသောမျှော်လင့်ချက်ပေးသည့် ရွေးနုတ်ဖိုးပူဇော်သကာကိုစီမံပေးရန် လူသားတို့အား အထူးသဖြင့်ချစ်မြတ်နိုးသည့် မိမိ၏တစ်ပါးတည်းသောသားတော်ကို ရွေးချယ်ခဲ့သည်။ (သု. ၈:၃၁) ယေဟောဝါနှင့်ကိုယ်တော့်သားတော်သည် ရည်ရွယ်ချက်တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်ရာတွင် ပေါင်းစည်းကြသည်နည်းတူ ကျွန်ုပ်တို့သည် သူတို့နှင့်၊ အချင်းချင်းနှင့် ခိုင်မြဲသောမေတ္တာနှောင်ကြိုးဖြင့် ပေါင်းစည်းကာ ဘုရားသခင့်အလိုတော်ကို ရွှင်လန်းစွာထမ်းဆောင်နေကြသည်။
၄ ကျွန်ုပ်တို့၏လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မှုကိုပြသခြင်း– ကျွန်ုပ်တို့သည် သတိရအောက်မေ့ပွဲကို တက်ရောက်ကာ ဂရုတစိုက်နှင့် လေးစားစွာနားထောင်ခြင်းဖြင့် ယေဟောဝါ၏မေတ္တာနှင့် ကျွန်ုပ်တို့အတွက် ကိုယ်တော့်သားတော်၏ပူဇော်သကာနှစ်ခုစလုံးအတွက် အမှန်ကျေးဇူးတင်ကြောင်း ပြသနိုင်သည်။ ရွေးနုတ်ဖိုးပေးခြင်းဖြင့် ယေရှုပြသသောမေတ္တာစံနမူနာ၊ သေသည်အထိ သစ္စာရှိမှုနှင့် တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ကိုယ်တော့်အုပ်ချုပ်မှုအပြင် လူသားများထံ နိုင်ငံတော်ကဆောင်ကြဉ်းပေးမည့် ကောင်းချီးများကိုပါ ပေါ်လွင်စေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အဆက်မပြတ်ပြကာ “သမ္မာတရားတွင် လုပ်ဖော်ဆောင်ဖက်များ” အဖြစ် ယေဟောဝါ၏အလိုတော်နှင့်အညီ ဇွဲရှိရှိလုပ်ဆောင်နေရန် လိုအပ်ကြောင်းကိုလည်း နှိုးဆော်ခံရမည်ဖြစ်သည်။—၃ ယော. ၈၊ ကဘ; ယာ. ၂:၁၇။
၅ ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် အခြားသူတို့ကိုကူညီခြင်း– အကြီးအကဲအဖွဲ့သည် ရပ်ကွက်ရှိ မလှုပ်ရှားသောသက်သေခံအားလုံးကို ခရစ်တော်၏သေခြင်းဆိုင်ရာ သတိရအောက်မေ့ပွဲတက်ရောက်ရန် အားပေးဖို့ အထူးကြိုးစားသင့်သည်။ (မ. ၁၈:၁၂၊ ၁၃) မည်သူ့ကိုမျှ ချန်လှပ်မထားမိစေရန်နှင့် အားလုံးကို ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်ရန် လည်ပတ်ရမည့်သူများ၏စာရင်းတစ်ခုကိုပြုစုပါ။
၆ သတိရအောက်မေ့ပွဲသို့လာနိုင်မည့် အခြားသူများကို သင်သိပါသလော။ ဤအခါသမယအတွက် သူတို့၏ကျေးဇူးတင်လေးမြတ်မှုကို တည်ဆောက်ပေးရန် အစပြုလုပ်ဆောင်ပါ။ သူတို့အား လှိုက်လှဲစွာဖိတ်ခေါ်ကာ ကြိုဆိုခံရသည်ဟု ခံစားစေပါ။ နှစ်၏အရေးကြီးဆုံးဤဖြစ်ရပ်သို့ ကျွန်ုပ်တို့၏ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများအပြင် မိသားစုဝင်များနှင့် အသိအကျွမ်းများအားလုံးကို ဖိတ်ခေါ်ရန် အစွမ်းကုန်ကြိုးစားကြစို့။ “ယေရှုခရစ်ကို သိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကို” သိရှိသူအားလုံးအတွက် ရွေးနုတ်ဖိုး၏အကျိုးကျေးဇူးများသည် ဆက်လက်တည်ရှိနေပါသည်။ (ဖိ. ၃:၈၊ ၉) ခရစ်တော်၏ပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြသူများသည် ခိုင်မြဲသောထာဝရအသက်မျှော်လင့်ချက်ရရှိနိုင်သည်။—ယော. ၃:၁၆။
၇ စိတ်ရင်းမှန်သူများအပေါ် သတိရအောက်မေ့ပွဲ၏အကျိုးသက်ရောက်နိုင်မှုကို မည်သည့်အခါမျှအထင်မသေးပါနှင့်။ ပါပူဝါနယူးဂီနီဟုခေါ်သော ကျွန်းနိုင်ငံတွင် လွန်ခဲ့သည့်နှစ်နှစ်က စိတ်ဝင်စားသူ ၁၁ ယောက်သည် တက်ရောက်ရန် လှိုင်းထန်သည့်ပင်လယ်ပြင်ကို လှေငယ်ဖြင့်ဖြတ်၍ ၁၇ နာရီကြာ ခရီးဆန့်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ သူတို့ဤသို့ပြောပြသည်– “ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ဝတ်ပြုသူချင်းတွေနဲ့အတူ ခရစ်တော်ရဲ့သတိရအောက်မေ့ပွဲကို ကျင်းပချင်ကြတယ်; ဒါကြောင့် ဒီခရီးဟာ သွားရကျိုးနပ်ပါတယ်။” ထိုစိတ်ဝင်စားသူများပြခဲ့သည့်ဇွဲနှင့် ယေဟောဝါ၊ ကိုယ်တော့်သားတော်၊ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတို့နှင့် ရွှင်လန်းစွာပေါင်းစည်းရခြင်းအတွက် ၎င်းတို့၏ကျေးဇူးတင်လေးမြတ်မှုကို စဉ်းစားကြည့်ပါ!
၈ စိတ်ဝင်စားသူအားလုံးကို ကျမ်းစာသင်အံမှုကမ်းလှမ်းပါ။ အသင်းတော်အစည်းအဝေးများ မှန်မှန်တက်ရန်နှင့် မိမိတို့သင်ယူနေသည့် သမ္မာတရားကို အခြားသူတို့အားဝေမျှရန် သူတို့ကိုအားပေးပါ။ ၎င်းတို့၏အသက်တာတွင် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ‘အလင်း၌လျှောက်လှမ်း’ ရန်နှင့် ‘သမ္မာတရားကိုကျင့်သုံး’ ရန် သူတို့ကိုကူညီပေးပါ။ (၁ ယော. ၁:၆၊ ၇၊ ကဘ) ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးရှိရန်နှင့် ကိုယ်တော့်အလိုတော်ကို စည်းလုံးစွာဆောင်ရွက်ရသည့် အခွင့်ထူးအတွက်တန်ဖိုးထားမှု ဆက်၍တိုးပွားနေရန် သူတို့ကိုကူညီပေးပါ။
၉ ရွှင်လန်းစွာဖြင့် “တစ်ပါးတည်းသောစိတ်ဝိညာဉ်၌တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တညီတညွတ်တည်း ကြိုးစားအားထုတ်ကြ” ရခြင်းသည် အလွန်ထူးမြတ်သောအခွင့်အရေးပါတကား! (ဖိ. ၁:၂၇၊ ၂၈) ယေဟောဝါနှင့် ကိုယ်တော့်သားတော်ကို အစဉ်ကျေးဇူးတင်လျက် မတ်လ ၂၈ ရက်နေ့ သတိရအောက်မေ့ပွဲတွင် နှစ်သက်ဖွယ်အတူတကွပေါင်းသင်းမှုကို စောင့်မျှော်နေကြပါစို့!—လု. ၂၂:၁၉။