ရွေးနုတ်ဖိုးကို ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် သတိရအောက်မေ့နေပါ
၁၊ ၂။ ကျွန်ုပ်တို့သည် ရွေးနုတ်ဖိုးကို ကျေးဇူးတင်လေးမြတ်သည့်စိတ်နှင့် အဘယ့်ကြောင့်သတိရသင့်သနည်း။
၁ ယေရှု၏မိန့်မှာချက်ကို နာခံသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်များသည် ယေရှု၏သေခြင်းအောက်မေ့ရာပွဲကို ကျင်းပရန် ၂၀၀၈၊ မတ် ၂၂ ရက်၊ စနေနေ့ညနေ နေဝင်ပြီးသည့်နောက်တွင် စုဝေးကြလိမ့်မည်။ (လု. ၂၂:၁၉; ၁ ကော. ၁၁:၂၃-၂၆) လွန်ခဲ့သည့်နှစ်ပေါင်း ၁,၉၇၅ နှစ်က ယင်းနေ့ရက်တွင်ပြီးမြောက်ခဲ့ရာအားလုံးအတွက် နက်ရှိုင်းသည့်ကျေးဇူးတင်လေးမြတ်စိတ်က ၎င်းပွဲတော်ကိုကျင်းပရန် ကျွန်ုပ်တို့အားအသင့်ဖြစ်စေသည်။ ယေရှုသည် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် နာကျင်စွာသေဆုံးခဲ့သည့်အထိ သမာဓိကိုပြည့်ဝစုံလင်စွာ စောင့်ထိန်းခြင်းအားဖြင့် ခမည်းတော်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခဲ့သည့်အပြင် စာတန်၏ကဲ့ရဲ့ရှုတ်ချမှုများကိုလည်း အကောင်းဆုံးအဖြေတစ်ခုပေးခဲ့သည်။—ယောဘ ၁:၁၁; သု. ၂၇:၁၁။
၂ ယေရှုသွန်းလောင်းသောအသွေးက ပဋိညာဉ်တရားသစ်ကို တရားဝင်စေကာ ယင်းကြောင့် မစုံလင်သောလူသားများသည် ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူစိုးစံခွင့် အလားအလာနှင့်အတူ ဘုရားသခင်၏သားများအဖြစ် မွေးစားခံခဲ့ရသည်။ (ယေ. ၃၁:၃၁-၃၄; မာ. ၁၄:၂၄) ထို့ပြင် ယေရှုကိုယ်တော်တိုင် နိကောဒင်အားရှင်းပြခဲ့သကဲ့သို့ပင် ဘုရားသခင်သည် ချစ်မြတ်နိုးလှသည့်သားတော်ကို ပူဇော်သကာအဖြစ်ပေးဆက်လိုက်ခြင်းက လူသားများအပေါ်ထားရှိသည့် ကိုယ်တော်၏နက်ရှိုင်းလှသည့်မေတ္တာကို ပီပြင်စွာဖော်ပြခဲ့သည်။—ယော. ၃:၁၆။
၃။ သတိရအောက်မေ့ပွဲတက်ရောက်သူများသည် မည်ကဲ့သို့သောအကျိုးကျေးဇူးများ ရရှိမည်နည်း။
၃ အခြားသူများကို ဖိတ်ခေါ်ပါ– ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက မိမိ၏မိတ်ဆွေများကို စာရင်းတစ်ခုပြုစုပြီး ယောက်တိုင်းအားဖိတ်ခေါ်ရန် အကြံပြုထားသည်။ စာရင်းရှိ သင်၏မိတ်ဆွေများကို စ၍ဖိတ်ခေါ်နေပြီလော။ လူများအား အောက်မေ့ရာပွဲကိုဖိတ်ခေါ်သည့် မတ်လ ၁ ရက်တွင်စတင်မည့် ကင်ပိန်းတွင် အပြည့်အဝပါဝင်လုပ်ဆောင်ရန် သင်စီစဉ်နေပြီလော။ ၎င်းပွဲတော်ကိုတက်ရောက်သူများသည် ရွေးနုတ်ဖိုးအပေါ် ယုံကြည်ခြင်းခိုင်ခံ့စေနိုင်သည့် ကျမ်းစာဆိုင်ရာအချက်အလက်များကို ကြားနာရမည်ဖြစ်ပြီး ယင်းမှတစ်ဖန် ထာဝရအသက်သို့ ပို့ဆောင်ပေးမည်။—ရော. ၁၀:၁၇။
၄။ ကျွန်ုပ်တို့သည် သတိရအောက်မေ့ပွဲကို အဘယ်ကြောင့် စောစောရောက်နေသင့်သနည်း။
၄ အထူးဖိတ်ခေါ်ချက်ကိုလက်ခံ၍ တက်ရောက်လာသူများကို နွေးထွေးပျူငှာစွာကြိုဆိုရန် ဖြစ်နိုင်မည်ဆိုလျှင် အားလုံးစောစောရောက်ရှိနေဖို့ စီစဉ်ထားသင့်သည်။ သတိရအောက်မေ့ပွဲတွင် တက်ရောက်သူများသောကြောင့် လူသစ်များနှင့် ရံဖန်ရံခါအစည်းအဝေးတက်သူများကို အထူးအာရုံစိုက်ရန် အရေးကြီးသည်။
၅။ ၎င်းအခါသမယအတွက် သင့်နှလုံးကို မည်သို့အသင့်ပြင်ဆင်နိုင်သနည်း။
၅ သင့်နှလုံးကို အသင့်ပြင်ဆင်ပါ– ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၈ နှင့် ၂၀၀၈ ပြက္ခဒိန်တို့တွင် မတ်လ ၁၇ ရက်မှစ၍ သတိရအောက်မေ့ပွဲအတွက် ကျမ်းစာဖတ်ရှုခြင်းဇယားပါသည်။ ယေရှု၏မြေကြီးအသက်တာ နောက်ဆုံးနေ့ရက်များအတွင်း ဖြစ်ပျက်ခဲ့သည့် အရေးကြီးဖြစ်ရပ်များကို တွေးတောဆင်ခြင်နေခြင်းက သတိရအောက်မေ့ပွဲအတွက် သင့်နှလုံးကိုအသင့်ပြင်ဆင်ရာတွင် အကူအညီဖြစ်စေလိမ့်မည်။ (ဧဇ. ၇:၁၀၊ ကဘ) ၎င်းကျမ်းစာမှတ်တမ်းများကို ဆုတောင်းကာတွေးတောဆင်ခြင်ခြင်းက ယေဟောဝါ၏မေတ္တာနှင့် သားတော်ဆက်သခဲ့သည့် ရွေးနုတ်ဖိုးအပေါ်ထားရှိသည့် သင်၏ကျေးဇူးတင်လေးမြတ်စိတ်ကို ပို၍နက်ရှိုင်းစေလိမ့်မည်။—ဆာ. ၁၄၃:၅။
၆။ ရွေးနုတ်ဖိုးကို တိုး၍ကျေးဇူးတင်လေးမြတ်ခြင်းက ကျွန်ုပ်တို့ကို မည်ကဲ့သို့အကျိုးပြုသနည်း။
၆ အောက်မေ့ရာပွဲတော် တဖြည်းဖြည်းနီးကပ်လာသောကြောင့် အရေးကြီးသည့်၎င်းအခါသမယအတွက် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများကိုကူညီပေးဖို့ ပြင်ဆင်ရာတွင် အာရုံစိုက်ထားကြပါစို့။ ကျေးဇူးတင်လေးမြတ်သည့်စိတ်ဖြင့် ရွေးနုတ်ဖိုးကိုသတိရနေခြင်းက ယေဟောဝါ၊ သားတော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲစေပါလိမ့်မည်။ (၂ ကော. ၅:၁၄၊ ၁၅) ထို့ပြင် ၎င်းဆက်ဆံရေးကပင် ယေဟောဝါနှင့် ယေရှုကိုတုပပြီး အခြားသူများကို ကိုယ်ကျိုးစွန့်မေတ္တာတင်ပြဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါလိမ့်မည်။—၁ ယော. ၄:၁၁။