‘ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုလော့’
၁ “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပြည့်အဝဟောပြောလော့” နှင့် “ကောင်းမှုများနှင့်ကြွယ်ဝလော့” တို့သည် ဖေဖော်ဝါရီနှင့် မတ်လ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်တွင်အသုံးပြုခဲ့သည့် အဓိကအချက်များဖြစ်ကြသည်။ (ကော. ၁:၂၅၊ ကဘ; ၁ တိ. ၆:၁၈၊ သမ) ထိုလထုတ်များတွင် စိတ်ဝင်စားသူများအား သတိရအောက်မေ့ပွဲတက်ရန်ကူညီပေးဖို့၊ မလှုပ်ရှားသူများအား အသင်းတော်တွင် ပြန်ပါဝင်လာရန်ကူညီပေးဖို့နှင့် ကျွန်ုပ်တို့၏သားသမီးများနှင့် အရည်အချင်းပြည့်မီသော ကျမ်းစာသင်သားများအား သတင်းကောင်းစတင်ကြေညာရန်ကူညီပေးဖို့ အထူးကြိုးစားကြရန် ကျွန်ုပ်တို့ကိုအားပေးခဲ့သည်။ ကျွန်ုပ်တို့၏ဝီရိယစိုက်ထုတ်မှုများကြောင့် အောင်မြင်မှုအတော်အတန်ရရှိခဲ့မည်မှာသေချာသည်။ ယခု “အဆင်သင့်သည်အတိုင်း ခပ်သိမ်းသောသူတို့အား ကောင်းစွာသောအမှုကို [ဆက်၍] ပြု” ကြစို့။—ဂလ. ၆:၁၀၊ သမ္မာ။
၂ ထပ်မံတက်ရောက်ကြရန် သူတို့အားဖိတ်ခေါ်ပါ– ယူနိုက်တက်စတိတ်ဌာနခွဲရပ်ကွက်တွင် သတင်းကောင်းကြေညာသူများမဟုတ်သည့် တစ်သန်းကျော်သောသူတို့သည် သတိရအောက်မေ့ပွဲကို နှစ်စဉ်တက်ရောက်ကြသည်။ သူတို့တက်ရောက်ခြင်းက စိတ်ဝင်စားမှုအတော်အတန်ရှိကြောင်းဖော်ပြရာ “ထာဝရအသက်ကိုတလိုတလားရှိ” သူများအား “ယုံကြည်သူများ” ဖြစ်လာရန်လှုံ့ဆော်ပေးဖို့ ကျွန်ုပ်တို့ဘာလုပ်ကြရမည်နည်း။ (တ. ၁၃:၄၈၊ ကဘ) ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အသင်းတော်အစည်းအဝေးများသို့ ပြန်လာရန် သူတို့ကိုအားပေးပါ။
၃ စိတ်ဝင်စားစရာကောင်းသော ဒံယေလပရောဖက်ပြုချက်ဆွေးနွေးခန်းတွင်ပါဝင်ရန် အသင်းတော်စာအုပ်ကြီးသင်တန်းကိုတက်ရောက်ဖို့ စိတ်ဝင်စားသူတစ်ဦးအား ဖိတ်ခေါ်ပါလေ။ သင်သည် ထိုသူ၏ဆွေမျိုး သို့မဟုတ် အသိအကျွမ်းတစ်ဦးဖြစ်ကာ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ဟောပြောချက်ပေးရန် အစီအစဉ်ရှိထားလျှင် သင်၏ဟောပြောချက်ကို လာရောက်နားထောင်ရန် ထိုသူအားဖိတ်ခေါ်နိုင်သည်။ လာမည့်အပတ်များတွင်ဟောမည့် လူထုဟောပြောချက်ခေါင်းစဉ်များကို သူ့အားသိရှိစေပါ။ (နောက်ဆုံးအစီအစဉ်တစ်ခုကို ကြော်ငြာသင်ပုန်းပေါ်တွင် ကပ်ထားသင့်သည်။) ထိုသူ၌ ယေဟောဝါအား ဝတ်ပြုလိုစိတ်ရှိလာစေရန် အခွင့်အလမ်းတစ်ခုခုရှာပါ။ ထို့ပြင် သူသည် အသင်းတော်မှတစ်ဦးဦးနှင့် ကျမ်းစာမလေ့လာသေးလျှင် သင်သည် သူ့အား ကြင်နာစွာ သင်အံမှုကမ်းလှမ်းနိုင်သည်။
၄ မလှုပ်ရှားသူများအား ဆက်၍အားပေးပါ– သတိရအောက်မေ့ပွဲတက်ရောက်သူအများစုသည် ယေဟောဝါထံ ဆက်ကပ်အပ်နှံကြပြီးဖြစ်၏။ သို့သော် တစ်ချိန်ချိန်တွင် သူတို့သည် တက်တက်ကြွကြွ သတင်းကောင်းဟောပြောနေခြင်းကို ရပ်ဆိုင်းခဲ့ကြသည်။ သို့သော် ပေါလုက “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူး [“ကောင်းမှု၊” ကဘ] ပြု” ရန်ကျွန်ုပ်တို့ကိုတိုက်တွန်းခဲ့သည်။ (ဂလ. ၆:၁၀) ထို့ကြောင့် မလှုပ်ရှားသူများသည် အဓိကစိတ်ဝင်စားရာဖြစ်သင့်သည်။
၅ အချို့သူတို့သည် ဓမ္မအမှုတွင်ပြန်ပါဝင်ရန် အကြီးအကဲများနှင့် အခြားသူတို့၏အားပေးချက်ကို တုံ့ပြန်ခဲ့ပြီးဖြစ်ကောင်းဖြစ်မည်။ အကြီးအကဲများက ပြန်လှုပ်ရှားလာသော ကြေညာသူတစ်ဦးနှင့်အတူအမှုဆောင်ရန် သင့်အားတာဝန်ပေးလျှင် ယေဟောဝါနှင့် လယ်ကွင်းဓမ္မအမှုအပေါ် သင်၏ချစ်မြတ်နိုးမှုသည် ထိုသူ့အပေါ် ယုံကြည်စိတ်ချမှုရှိရန် တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရှိထားပါ။ သူသည် ဓမ္မအမှုတွင် ပျော်ရွှင်မှုရရှိနိုင်ရန်၊ ဟောပြောခြင်းလုပ်ငန်းတွင်စွဲမြဲနေရန်နှင့် ယေဟောဝါ၏ကောင်းချီးများခံစားရရန် ဓမ္မအမှုအသွင်အမျိုးမျိုးတွင် သင်ပါဝင်ပုံကို သူ့အားပြပေးပါ။
၆ ကြေညာသူအသစ်များအား အစကောင်းစေပါ– စိတ်ဝင်စားခါစအမျိုးသမီးတစ်ဦးသည် ဘုရားသခင်၏မှန်သောအဖွဲ့အစည်းကို သူတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သည့်အခါ အမှုဆောင်ခြင်းတွင် ချက်ချင်းပါဝင်လိုခဲ့သည်။ သူ့ထံမှတောင်းဆိုထားသည့်အရာကို လေ့လာသိရှိပြီးနောက် သူက “ကျွန်မ ချက်ချင်းစတင်ချင်ပါတယ်” ဟုဆိုသည်။ သင်နှင့်ကျမ်းစာလေ့လာနေသူတစ်ဦးဦးသည် ယခု လယ်ကွင်းလုပ်ငန်းတွင် စတင်ပါဝင်ရန် သဘောတူပြီးပြီဆိုလျှင် “ချက်ချင်းစတင်” ဖို့လိုအပ်ကြောင်း သူ့အားသိမြင်စေကာ ဤသို့ဖြင့် ကြေညာသူအသစ်အား အစကောင်းစေပါ။ ပတ်စဉ် လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပြင်ဆင်ပါဝင်စေသည့် လုပ်ရိုးလုပ်စဉ်တစ်ခုကိုဖြစ်ပေါ်လာရန် သူ့အားကူညီပါ။
၇ သင့်ကလေးသည် နှစ်ခြင်းမခံရသေးသော ကြေညာသူအသစ်တစ်ဦးဖြစ်လာလျှင် သူ၏အသက်အရွယ်၊ အစွမ်းအစနှင့်အညီ တိုးတက်စေရန် သူနှင့်အတူအမှုဆောင်ပါ။ သူသည် သင့်အကူအညီအနည်းငယ်ဖြင့် တစ်စုံတစ်ဦးနှင့်စကားစမြည်ပြောဆိုခြင်း၊ ကျမ်းစာမှဖတ်ပြခြင်းနှင့် စာပေဝေငှခြင်းတို့ကို အောင်မြင်စွာပြုလုပ်နိုင်ခြင်းကြောင့် သင်အံ့သြရပေမည်။ သူသည် လယ်ကွင်းလုပ်ငန်းတွင် တုံ့ပြန်မှုကောင်းရသည့်အခါ စိတ်ဝင်စားသူထံ ပြန်လည်ပတ်၍ ဆက်လုပ်ဆောင်ရန် သူ့အားလေ့ကျင့်ပေးပါ။
၈ သင့်ဓမ္မအမှုကိုတိုးချဲ့ပါ– သတိရအောက်မေ့ပွဲကာလနောက်ပိုင်း၌ပင် ဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ရန် သင့်အခြေအနေများက ခွင့်ပြုသလော။ သင်သည် လုပ်ငန်းတော်တွင် ခါတိုင်းထက် ပတ်စဉ် တစ်နာရီနှစ်နာရီ တိုး၍ပါဝင်နိုင်မည်လော။ သင်သည် နောက်တစ်ခါ အရန်ရှေ့ဆောင်လုပ်နိုင်မည့်အချိန်ကို စောင့်မျှော်နေသလော။ သို့မဟုတ် သင်သည် အချိန်ပြည့်ဓမ္မအမှုသို့ဝင်ရောက်ရန် သင့်ဘဝပုံစံကို စီစဉ်နိုင်မည်လော။ ဓမ္မအမှုတွင် ကျွန်ုပ်တို့ကြိုးစားသမျှအားလုံးသည် တစ်စုံတစ်ဦးအား သမ္မာတရားလက်ခံရန် ကူညီပေးနိုင်သည်! (တ. ၈:၂၆-၃၉) လာမည့်နေ့ရက်များကို ကျွန်ုပ်တို့စောင့်မျှော်နေစဉ် “အချင်းချင်းတို့အားလည်းကောင်း၊ ခပ်သိမ်းသောသူတို့အားလည်းကောင်း ကာလအစဉ်ကြိုးစား၍ ကောင်းစွာသောအမှုကိုပြု” ကြစို့။—၁ သက်. ၅:၁၅၊ သမ္မာ။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
ဆက်လက်ကူညီပါ–
□✔ သတိရအောက်မေ့ပွဲတက်ရောက်သူများ
□✔ ပြန်လှုပ်ရှားလာသောကြေညာသူများ
□✔ နှစ်ခြင်းမခံရသေးသော ကြေညာသူအသစ်များ