အချိန်ပြည့်လုပ်ငန်း၏ရွှင်လန်းမှု
၁ သင်သည် လူငယ်တစ်ဦးအနေနှင့် မိမိအနာဂတ်အကြောင်း အတော်အတန်စဉ်းစားခဲ့မည်မှာ သေချာသည်။ သုတ္တံ ၂၁:၅ က “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့် . . . ဆိုင်ပေ၏” ဟုဖော်ပြသည်။ သင့်ဘဝပန်းတိုင်များကို လေးလေးနက်နက်စဉ်းစားခြင်းသည် အကျိုးရှိမည်ဖြစ်သည်။ သင်သည် အနာဂတ်အတွက်အစီအစဉ်များပြုလုပ်သည့်အခါ အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်ခြင်းကို ထည့်သွင်းစဉ်းစားပါ။ အဘယ်ကြောင့်နည်း။
၂ ငယ်ရွယ်စဉ်နှစ်များအတွင်း ရှေ့ဆောင်လုပ်ခဲ့ကြသော လူကြီးအချို့အား သူတို့၏စိတ်ထဲတွင် မည်သည့်အရာများစွဲကျန်နေသနည်းဟုမေးကြည့်လျှင် “အဲဒီနှစ်တွေဟာ ကျွန်ုပ်ဘဝရဲ့အကောင်းဆုံးနှစ်တွေပဲ” ဟုအမြဲပြောကြမည်ဖြစ်သည်! မိမိ၏လူငယ်ဘဝမှစ၍ အချိန်ပြည့်လုပ်ငန်း၏ရွှင်လန်းမှုများကို ခံစားခဲ့ရသော ညီအစ်ကိုတစ်ဦးက နောက်ပိုင်းတွင် ဤသို့ဆိုသည်– “လူငယ်ဘဝကအချိန်ကိုပြန်ကြည့်ပြီး ‘ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လော့’ ဆိုတဲ့ပညာရှိသြဝါဒကို လိုက်နာခဲ့တယ်လို့ပြောနိုင်တဲ့အတွက် အလွန်ကျေနပ်မိတယ်။” (ဒေ. ၁၂:၁) သင့်လူငယ်ဘဝတွင် ဤရွှင်လန်းမှုမျိုးခံစားရရန် နည်းလမ်းတစ်ခုရှာကြံဖို့ သင်ရော သင့်မိဘများပါ ယခု ကောင်းစွာစီစဉ်ဖို့လိုသည်။
၃ မိဘတို့၊ အချိန်ပြည့်လုပ်ငန်းကိုအားပေးပါ– ယေဟောဝါသည် ဂရုစိုက်သောဖခင်တစ်ဦးအနေနှင့် သွားရမည့်လမ်းကို သင့်အားအတိအကျပြတော်မူ၏။ (ဟေရှာ. ၃၀:၂၁) ထိုသို့သောမေတ္တာပါသည့် လမ်းပြညွှန်ကြားမှုကိုပေးရာတွင် ကိုယ်တော်သည် ခရစ်ယာန်မိဘများဖြစ်သော သင်တို့အတွက် ပုံသက်သေကောင်း ချမှတ်တော်မူ၏။ သင့်သားသမီးများအား သူတို့အတွက် အကောင်းဆုံးလမ်းကို သူတို့ဘာသာရွေးချယ်စေမည့်အစား ယေဟောဝါ၏ကောင်းချီးများခံစားရဖို့ သူတို့သွားသင့်သည့်လမ်းအတိုင်း ပညာရှိစွာလေ့ကျင့်ပေးပါ။ ထို့နောက် သူတို့အသက်ကြီးသောအခါ သင်တို့၏လေ့ကျင့်မှုက “အမှားနှင့်အမှန်နှစ်ရပ်စလုံးကို ခွဲခြားသိမြင်” ရန် သူတို့ကိုကူညီပေးလိမ့်မည်။ (ဟေဗြဲ ၅:၁၄၊ ကဘ) လူကြီးတို့သည် မိမိတို့၏ဆုံးဖြတ်ချက်ကို စိတ်မချနိုင်ကြောင်း; မိမိတို့၏လမ်းများဖြောင့်ဖြူးရန် ယေဟောဝါကို မှီခိုအားထားရမည်ဖြစ်ကြောင်း အတွေ့အကြုံမှသိထားကြသည်။ (သု. ၃:၅၊ ၆) ဘဝအတွေ့အကြုံနည်းသောလူငယ်များအတွက် ထိုထက်ပင်လိုအပ်ပါသည်။
၄ မိဘတို့၊ သင်တို့၏ကလေးများ ဆယ်ကျော်သက်အရွယ်သို့ ချဉ်းကပ်လာသည့်အခါ သို့မဟုတ် ထိုအရွယ်မတိုင်မီကပင် အလုပ်အကိုင်ပန်းတိုင်များအကြောင်း သူတို့နှင့်လက်တွေ့ကျကျဆွေးနွေးသင့်သည်။ ကျောင်းအကြံပေးပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းနေဖက်များသည် လောကရုပ်ဝါဒလိုက်စားမှုများကိုရွေးချယ်ရန် ဩဇာညောင်းဖို့ကြိုးစားကြမည်ဖြစ်သည်။ နိုင်ငံတော်အကျိုးစီးပွားကိုမစွန့်လွှတ်ဘဲ သူတို့၏ကာယရေးလိုအပ်ရာများကို ဖြည့်စွက်ပေးနိုင်စေသည့် လက်တွေ့ကျလေ့ကျင့်မှုပေးသော ကျောင်းဘာသာရပ်များကိုရွေးချယ်ရန် သင့်ကလေးများကို ကူညီပေးပါ။ (၁ တိ. ၆:၆-၁၁) များသောအားဖြင့် အသက်မွေးမှုဆိုင်ရာနှင့်/သို့မဟုတ် အလုပ်ခွင်ဆိုင်ရာလေ့ကျင့်မှုပါရှိသည့် အထက်တန်းကျောင်းပညာရေးသည် မှန်မှန်ရှေ့ဆောင်ခြင်းဓမ္မအမှုတွင် စတင်ပါဝင်နေစဉ် လူတစ်ဦး၏လိုအပ်ရာများကို လုံလောက်စွာဖြည့်စွက်ပေးရန် လိုအပ်သည့်အရာဖြစ်ပေမည်။
၅ တစ်ကိုယ်ရေဆုကျေးဇူးကို ကြိုးစားရယူကြရန် လူငယ်တို့ကိုအားပေးပါ။ သူတို့သည် အိမ်ထောင်ပြုရန် နောက်ပိုင်းမှဆုံးဖြတ်မည်ဆိုလျှင် သာ၍ကြီးလေးသော အိမ်ထောင်တာဝန်များကိုယူရန် သာ၍ကောင်းသောအခြေအနေတွင်ရှိစေမည်ဖြစ်သည်။ ရှေ့ဆောင်လုပ်ခြင်း၊ သာ၍လိုအပ်သောနေရာတွင်အမှုဆောင်ခြင်း၊ ဗေသလလုပ်ငန်းနှင့် သာသနာပြုလုပ်ငန်းအကြောင်းတို့ကို အပြုသဘောပါပါပြောဆိုခြင်းဖြင့် ယေဟောဝါနှစ်သက်သည့်နည်း၊ အခြားသူများကိုအကျိုးပြုကာ မိမိတို့ကိုယ်ကိုပျော်ရွှင်စေသည့်နည်းဖြင့် ငယ်ရွယ်စဉ်ကတည်းကပင် သူတို့၏အသက်တာများကို အသုံးပြုလိုသည့်ဆန္ဒ လူငယ်တို့တွင် ထည့်သွင်းပေးပါ။
၆ လူငယ်တို့၊ အချိန်ပြည့်လုပ်ငန်းကို ရှေးဦးထားပါ– လူငယ်တို့၊ ရှေ့ဆောင်လုပ်ငန်းသည် မည်သို့သောလုပ်ငန်းမျိုးဖြစ်ပါလိမ့်ဟု သိချင်နေဖို့မလိုပေ။ သင်သည် ဖြစ်နိုင်သည့်အခါတိုင်း ကျောင်းဖွင့်ချိန်အတွင်းနှင့် အားလပ်ရက်များအတွင်း အရန်ရှေ့ဆောင်လုပ်ခြင်းအားဖြင့် အချိန်ပိုင်းအနေနှင့် ယင်းကိုစမ်းကြည့်နိုင်သည်။ ထိုအခါ ရှေ့ဆောင်လုပ်ငန်းသည် အမှန်တကယ်ကျေနပ်မှုပေးကြောင်း သင်သိရလိမ့်မည်! ယခုနှင့် နွေရာသီအကုန်ကြားတွင် အရန်ရှေ့ဆောင်ရန် သင်ကြိုတင်စီစဉ်နိုင်မည်လော။
၇ သင်သည် ဘုရားသခင့်အဖွဲ့အစည်းတွင် ညီအစ်ကိုငယ်တစ်ဦးဖြစ်လျှင် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အရည်အချင်းပြည့်မီရန် တက်လှမ်းခြင်းနှင့်ပတ်သက်၍လည်း အလေးအနက်စဉ်းစားပါ။ (၁ တိ. ၃:၈-၁၀၊ ၁၂) ထို့အပြင် သင်သည် သတ်မှတ်ထားသောအသက်ရောက်သည်နှင့် ဗေသလလုပ်ငန်းအတွက် သို့မဟုတ် ဓမ္မအမှုထမ်းသင်တန်းကျောင်းတက်ရန် လျှောက်လွှာတင်လိုမလိုဆုံးဖြတ်ပါ။ ရှေ့ဆောင်ဓမ္မအမှုတွင် သင်၏အတွေ့အကြုံက သင့်အား ဇယားတစ်ခုနှင့်အညီ မည်သို့နေထိုင်ရမည်၊ သင်၏ကိုယ်ပိုင်စီစဉ်ဖွဲ့စည်းမှုကို မည်သို့တိုးတက်စေရမည်၊ အခြားသူတို့နှင့် မည်သို့သင့်မြတ်စွာနေရမည်နှင့် တာဝန်သိစိတ်ကို မည်သို့တိုးတက်စေရမည် အစရှိသောတန်ဖိုးရှိသင်ခန်းစာများကို သင်ပေးမည်ဖြစ်သည်။ ယင်းတို့အားလုံးသည် နောင်တွင် သာ၍ကြီးမားသော လုပ်ငန်းတော်အခွင့်အရေးများအတွက် သင့်အားပြင်ဆင်ပေးလိမ့်မည်။
၈ အချိန်ပြည့်လုပ်ငန်းတွင် အောင်မြင်ရန်သော့ချက်မှာ သီအိုကရက်တစ်ဆိုင်ရာ လုံ့လစိုက်ထုတ်လိုသည့် သဘောထားရှိခြင်းဖြစ်၏။ ထိုသို့သောသဘောထားရှိရန် တမန်တော်ပေါလုက အားပေးကာ ရရှိမည့်ကောင်းချီးများကို ဤသို့ထောက်ပြခဲ့၏– “ယေဟောဝါ၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စိုးလ်အကြွင်းမဲ့ပြုကြလော့။ . . . အကြောင်းမူကား သင်တို့သည် ယေဟောဝါထံတော်မှ ထိုက်သင့်သောဆုရရှိမည်ကိုသိကြသည်။” (ကော. ၃:၂၃၊ ၂၄၊ ကဘ) ယေဟောဝါသည် သင့်အား အချိန်ပြည့်လုပ်ငန်းတွင် ရွှင်လန်းမှုများစွာဖြင့် ကောင်းချီးပေးပါစေ!