အခြားသူတို့ကို စင်ကြယ်သောဘာသာစကား သင်ပေးလော့
၁ ယေဟောဝါသက်သေတို့သည် “လူမျိုး၊ အနွယ်၊ လူများနှင့် ဘာသာစကား” များစွာမှလာကြသော်လည်း စည်းလုံးသောလူမျိုး၊ စစ်မှန်သောအပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းတစ်ရပ်ဖြစ်၏။ (ဗျာ. ၇:၉၊ ကဘ) ယနေ့ကွဲပြားနေသောလောကတွင် ယင်းသည် တစ်မူထူးခြား၏။ မည်သို့ဖြစ်နိုင်သနည်း။ “စင်ကြယ်သောဘာသာစကား” ကို ကျွန်ုပ်တို့ရရှိထားသောကြောင့်ဖြစ်သည်။—ဇေ. ၃:၉၊ ကဘ။
၂ အံ့ချီးဖွယ်အကျိုးသက်ရောက်မှုများ– ဤစင်ကြယ်သောဘာသာစကားဟူသည် အဘယ်နည်း။ ယင်းသည် အထူးသဖြင့် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သောသမ္မာတရား၊ ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါသောသမ္မာတရားကို မှန်ကန်စွာနားလည်ခြင်း ဖြစ်သည်။ ယေရှုကြိုတင်ပြောခဲ့သည့်အတိုင်း မျက်မြင်ရမြေကြီးဆိုင်ရာလမ်းကြောင်းဖြစ်သည့် “သစ္စာနှင့်သတိပညာရှိသောကျွန်” အားဖြင့် ဤသမ္မာတရားကိုဖြန့်ဝေပေး၏၊ ရလဒ်အနေဖြင့် “ဘာသာအသီးအသီးကိုပြောတတ်သော လူအမျိုးမျိုးတို့” မှလူများသည် စစ်မှန်သောဝတ်ပြုရေးကို လက်ခံယုံကြည်နေကြသည်။—မ. ၂၄:၄၅၊ သမ; ဇာ. ၈:၂၃။
၃ လူတို့သည် စင်ကြယ်သောဘာသာစကားကို သင်ယူကြသည်နှင့်အမျှ ၎င်းတို့၏အသက်တာကို ယေဟောဝါ၏စံနှုန်းများနှင့်ကိုက်ညီစေရန် လှုံ့ဆော်ခံကြရသည်။ သူတို့သည် “စိတ်သဘောတစ်သံတစ်သမတ်တည်းရှိ” ရန်သင်ယူကြသည်။ (၁ ကော. ၁:၁၀) ဘုရားသခင်၏သွန်သင်ချက်သည် သူတို့အား ဖြောင့်မတ်သောအကျင့်ကျင့်စေကာ အကျိုးရှိသည့် မှန်ကန်သောစကားကိုလည်း ပြောဆိုစေသည်။ အထူးသဖြင့် အခြားသူတို့အား သတင်းကောင်းကိုပြောဆိုစေသည်။ (တိ. ၂:၇၊ ၈; ဟေဗြဲ ၁၃:၁၅) ဤအံ့ချီးဖွယ်ပြောင်းလဲမှုများက ယေဟောဝါကိုဂုဏ်တင်သည်။
၄ ဥပမာ၊ သတင်းကောင်းကြားခဲ့ရသူတစ်ဦးသည် မေးစရာမေးခွန်းများစွာရှိခဲ့ရာ ယင်းတို့အားလုံး၏အဖြေကို သမ္မာကျမ်းစာမှရရှိခဲ့သည်။ သူသည် ကြားရသည့်အရာကြောင့် လှုံ့ဆော်ခံရကာ တစ်ပတ်လျှင်နှစ်ကြိမ် ကျမ်းစာစလေ့လာကာ အစည်းအဝေးများတက်ရောက်ခဲ့သည်။ တက်ရောက်သူများစွာသည် လူမျိုးမတူကြသောကြောင့် နိုင်ငံတော်ခန်းမတွင် လှိုက်လှိုက်လှဲလှဲကြိုဆိုခံရသည်ကို သူအံ့သြသွားသည်။ အချိန်တိုအတွင်း သူနှင့် သူ၏ဇနီးသည် သူတို့၏အသက်တာကိုပြောင်းလဲကာ နှစ်ခြင်းခံခဲ့ကြသည်။ ထိုအချိန်မှစ၍ သူသည် မိသားစုဝင်များစွာအပါအဝင် လူပေါင်း ၄၀ ခန့်အား ယေဟောဝါ၏အမှုတော်ဆောင်ရန် ကူညီပေးခဲ့သည်။ အိုမင်းမစွမ်းဖြစ်နေသော်လည်း သူသည် ရှေ့ဆောင်တစ်ဦးအဖြစ် မကြာသေးမီက စတင်အမှုဆောင်ခဲ့သည်။
၅ အခြားသူများကိုသွန်သင်ခြင်း– ကမ္ဘာ့ဖြစ်ရပ်များကြောင့် ရိုးဖြောင့်သူများစွာသည် သူတို့၏အတွေးအခေါ်နှင့် အသက်တာကို ပြန်ဆန်းစစ်နေကြသည်။ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ သူတို့ကိုကူညီပေးလိုသည့်ဆန္ဒ ရှိသင့်သည်။ ထိရောက်မှုရှိသောပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုများသည် စိတ်ရင်းမှန်သူများအား စင်ကြယ်သောဘာသာစကားသင်ယူရန် ကူညီပေးရာတွင် သော့ချက်တစ်ခုဖြစ်သည်။
၆ အလုပ်များသူတို့ထံ ထိရောက်မှုရှိသောချဉ်းကပ်နည်းတစ်ခုမှာ သူတို့၏တံခါးဝတွင်ပင် ကျမ်းစာသင်အံမှု တိုတိုတုတ်တုတ်ကျင်းပခြင်းဖြစ်သည်။ (နဓ ၅/၀၂ စ. ၁) ယင်းကို သင်စမ်းကြည့်ဖူးသလော။ ပြန်လည်ပတ်မှုပြုလုပ်ဖို့ ပြင်ဆင်သည့်အခါ အိမ်ရှင်နှင့်အံဝင်သည့် တင်ဆက်နည်းတစ်ခုကို ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှရွေးချယ်ပါ။ ယင်းကြားညှပ်ရှိတင်ဆက်နည်းများစွာကို တောင်းဆို ဘရိုရှာ သို့မဟုတ် အသိပညာ စာအုပ်ကိုဆွေးနွေးရန် တိုက်ရိုက်ဦးတည်ပေးဖို့ စီစဉ်ထားသည်။ နိဒါန်းပျိုးပြီးနောက် အပိုဒ်တစ်ပိုဒ်ကို ပြေပြစ်စွာဆက်ဆွေးနွေးနိုင်ရန် တင်ဆက်မှုကိုလေ့ကျင့်ပါ။ ဖတ်ပြီးဆွေးနွေးရန် အပိုဒ်မှကျမ်းချက် တစ်ချက်နှစ်ချက်ကိုရွေးချယ်ကာ နိဂုံးချုပ်ရန်မေးခွန်းတစ်ခု ပြင်ဆင်ပါ။ ယင်းက နောက်တစ်ကြိမ်လည်ပတ်သည့်အခါ သင်ဆွေးနွေးရန်စီစဉ်ထားသည့်အပိုဒ်သို့ဦးတည်ဖို့ အကူအညီဖြစ်စေပါမည်။
၇ ယေဟောဝါ၏လူမျိုးသည် စင်ကြယ်သောဘာသာစကားသင်ယူခြင်း၏အကျိုးအနေနှင့် ကောင်းချီးများစွာခံစားနေရသည်။ “ယေဟောဝါ၏နာမတော်ကိုပတ္ထနာပြု” ကာ “အမှုတော်ကိုပခုံးချင်းယှဉ်၍ထမ်းဆောင်” ရာတွင် ကျွန်ုပ်တို့နှင့်အတူပူးပေါင်းပါဝင်ရန် အခြားသူတို့အား ဝီရိယရှိရှိကူညီပေးနိုင်ကြပါစေ။—ဇေ. ၃:၉၊ ကဘ။