မသန်မစွမ်းဖြစ်သော်လည်း အကျိုးဖြစ်ထွန်း
၁ သင်သည် မသန်မစွမ်းဖြစ်နေသည့် ယေဟောဝါသက်သေများစွာထဲမှတစ်ဦးဖြစ်လျှင် အကျိုးဖြစ်ထွန်းသောဓမ္မအမှုတွင် ပါဝင်နိုင်ဆဲဖြစ်သည်။ အမှန်ဆိုလျှင် သင်၏အခြေအနေများကြောင့် သင်သည် အခြားသူများကိုသက်သေခံရန်နှင့် အားပေးရန် အထူးအခွင့်အရေးများရရှိနိုင်သည်။
၂ သက်သေခံခြင်း– မသန်မစွမ်းဖြစ်နေသူများစွာသည် ဓမ္မအမှုတွင် အပြည့်အဝပါဝင်နေကြသည်။ ဥပမာ၊ ခွဲစိတ်ကုသမှုကြောင့် သွားလာနိုင်စွမ်းနှင့် စကားပြောနိုင်စွမ်း အကြီးအကျယ်ထိခိုက်သွားသောညီအစ်မတစ်ဦးသည် သူ၏ခင်ပွန်းက လူသွားလူလာများသည့်လမ်းဘေးတွင် ကားကိုရပ်ထားပေးသည့်အခါ မဂ္ဂဇင်းလုပ်ငန်းတွင်ပါဝင်နိုင်သည်။ တစ်ခါက နှစ်နာရီအတွင်း မဂ္ဂဇင်းစောင်ရေ ၈၀ ဝေငှခဲ့ရသည်! သင်၏အထူးအခြေအနေများကလည်း တစ်နည်းနည်းဖြင့်တွေ့ဆုံဖို့ခက်ခဲသူများနှင့် တွေ့ဆုံခွင့်ရစေနိုင်သည်။ သို့ဖြစ်လျှင် သူတို့ကို သင်၏အထူးရပ်ကွက်အဖြစ် ရှုမြင်ပါ။
၃ သင်၏ဟောပြောခြင်းသည် အလွန်ထိရောက်မှုရှိနိုင်သည်! အခြားသူများသည် သင်၏စိတ်ပိုင်းဖြတ်မှုနှင့် သင့်အသက်တာအပေါ် ကျမ်းစာသမ္မာတရား၏ ကောင်းကျိုးသက်ရောက်မှုကို သတိပြုမိသည့်အခါ နိုင်ငံတော်သတင်းတရားသို့ ဆွဲဆောင်ခံရနိုင်သည်။ ထို့အပြင် ဆင်းရဲဒုက္ခခံစားနေရသူများနှင့် တွေ့ဆုံသောအခါ သင့်ဘဝအတွေ့အကြုံက ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြင့် နှစ်သိမ့်မှုပေးရန် အသင့်ရှိစေမည်ဖြစ်သည်။—၂ ကော. ၁:၄။
၄ အခြားသူများကို ခွန်အားပေးပါ– သံအဆုတ်ထဲတွင် ၃၇ နှစ်တိုင်နေထိုင်ခဲ့ရသော်လည်း လူ ၁၇ ဦးအား တိကျမှန်ကန်သော ကျမ်းစာသမ္မာတရားအသိပညာရရှိရန် ကူညီပေးခဲ့သည့် လော်ရယ်လ် နက်ဇဘက်၏ဘဝအတ္ထုပ္ပတ္တိက သင့်ကို အားရှိစေသည်မဟုတ်လော။ ထိုနည်းတူ သင်၏ပုံသက်သေသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် လုံ့လစိုက်ထုတ်ရန် ယုံကြည်သူချင်းများအား လှုံ့ဆော်ပေးနိုင်သည်။—န၉၃ ၆/၈ စစ. ၂၀-၂၃။
၅ သင်၏အခြေအနေများကြောင့် ဓမ္မအမှုတွင် သင်ဆန္ဒရှိသလောက် မပါဝင်နိုင်လျှင်ပင် အခြားသူများကို အားပေးနိုင်ဆဲဖြစ်သည်။ ညီအစ်ကိုတစ်ဦးက ဤသို့ဆိုသည်– “အကြီးအကျယ် မသန်မစွမ်းသူတစ်ဦးတောင် သူတစ်ပါးအတွက် အကျိုးများစွာသယ်ပိုးပေးနိုင်ကြောင်း ကျွန်တော်သိရှိလာခဲ့တယ်။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်ဟာ အသင်းတော်မှာရှိတဲ့ လူအသီးသီးအတွက် ထောက်မပေးတဲ့ကျောက်ဆူးပမာဖြစ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့အခြေအနေကြောင့် သူတစ်ပါးကိုအကူအညီပေးဖို့ အမြဲအဆင်သင့်ရှိတယ်။” သို့သော် သင်သည် မသန်မစွမ်းဖြစ်ခြင်းကြောင့် မိမိထက်သန်မှုရှိသလောက် အစဉ်လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းကို နားလည်ပါသည်။ သို့သော်လည်း သင်သည် အချို့သူတို့၏အကူအညီဖြင့် ဓမ္မအမှုတွင် တက်ကြွစွာပါဝင်နိုင်ပေမည်။ ထို့ကြောင့် သင်သည် အကူအညီတစ်စုံတစ်ရာလိုအပ်လျှင် သင့်ကိုကူညီပေးနိုင်သည့် အသင်းတော်ရှိအကြီးအကဲများ သို့မဟုတ် အခြားသူများအား ၎င်းကိုပြောပြရန် မတွန့်ဆုတ်ပါနှင့်။
၆ ယေဟောဝါသည် အမှုတော်ထမ်းဆောင်ရန် သင်လုပ်ဆောင်သမျှကို မြင်တော်မူကာ သင်၏စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းကို အားရနှစ်သက်တော်မူ၏။ (ဆာ. ၁၃၉:၁-၄) သင်သည် ကိုယ်တော်အား မှီခိုအားထားသည်နှင့်အမျှ အကျိုးဖြစ်ထွန်းပြီး အဓိပ္ပာယ်ပြည့်ဝသောဓမ္မအမှုတွင်ပါဝင်ရန် သင့်ကို ကိုယ်တော်ခွန်အားပေးနိုင်သည်။—၂ ကော. ၁၂:၇-၁၀။