ယေဟောဝါ၏လုပ်ငန်းတော်၌အမြဲအလုပ်များနေခြင်း
၁ ယေဟောဝါအမှုတော်၌ပါဝင်နိုင်ခြင်းသည် အခွင့်ထူးသည်တကား။ ကိုယ်တော်နှင့်တစ်ပါးတည်းသောသားတော်ယေရှုအကြောင်း တိကျသောအသိပညာရရှိထားသဖြင့် အလိုတော်ကိုအပြည့်အဝထမ်းဆောင်ရန် မေတ္တာအားဖြင့်တိုက်တွန်းခံရသည်။ (ယော၊ ၁၇:၃) မောပန်းသွားဦးတော့ ခွန်အားပြန်ပြည့်လာရန် ယေဟောဝါမစတော်မူမည်။—ဟေရှာ၊ ၄၀:၂၉။
၂ ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ် တင်ပြတော်မူသည့်မေတ္တာကိုကျေးဇူးတင်လေးမြတ်ကြောင်း အကောင်းဆုံးနည်းဖြင့် မည်သို့ဖော်ပြမည်နည်း။ (၂ ကော၊ ၅:၁၄၊ ၁၅) အဓိကနည်းက ခမည်းတော်၏နာမနှင့်နိုင်ငံတော်အကြောင်း မမောမပန်းသက်သေခံခဲ့သော ယေရှုကိုအတုယူခြင်းအားဖြင့်ဖြစ်သည်။ (၁ ပေ၊ ၂:၂၁) ကျွန်ုပ်တို့၏ယုံကြည်ခြင်းခိုင်မြဲလျှင် သတင်းကောင်းဟောပြောခြင်းဖြစ်သည့် ဘုရားပေးလုပ်ငန်းတော်အတွက် ကျွန်ုပ်တို့အသက်ရှင်ကြပါမည်။—မ၊ ၂၄:၁၄။
၃ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်သင့်သည့် အနည်းဆုံးကန့်သတ်နာရီရှိသလော။ အခြေအနေများကွာခြားမည်။ အသက်ကြီးရင့်ခြင်း၊ ကျန်းမာရေးချို့တဲ့မှု သို့မဟုတ် အိမ်ထောင်ရေးတာဝန်များကြောင့် အခက်အခဲရှိကြမည်။ သို့သော် ယေဟောဝါ၏လုပ်ငန်းတော်၌ ကျွန်ုပ်တို့အားလုံး စိတ်ရောကိုယ်ပါပါဝင်ရန်တောင်းဆိုခံရသည်။ ယင်းကြောင့်ဓမ္မအမှု၌ အတတ်နိုင်ဆုံးပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏မြတ်နိုးမှုနှင့်ဆက်ကပ်အပ်နှံမှု မည်မျှစစ်မှန်သည်ကို တစ်ဦးစီတင်ပြသင့်သည်။ (၂ တိ၊ ၂:၁၅) ကျွန်ုပ်တို့တစ်ဦးစီ၏အခြေအနေအရ အခွင့်အရေးများရှိသည်။ ယင်းတို့အနက်အချို့ကားအဘယ်နည်း။
၄ ဓမ္မအမှုကိုတိုးချဲ့နိုင်သည့်နည်းများ။ ကျွန်ုပ်တို့ဓမ္မအမှု၏အရည်အသွေးတိုးတက်စေရန် ဦးဆုံးစိတ်ဝင်စားသင့်သည်။ ဆရာသမားအဖြစ်ပိုတတ်ကျွမ်းလာစေခြင်းဖြင့် ပြုလုပ်နိုင်သည်။ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်း၏ အဓိကရည်ရွယ်ချက်တစ်ခုကား လယ်ကွင်းဓမ္မအမှု၌ပိုမိုထိရောက်စေရန်ဖြစ်သည်။ ကျောင်းသားတာဝန်များကိုပြင်ဆင်ရာတွင် လယ်ကွင်းလုပ်ငန်းကိုထည့်စဉ်းစားသလော။ ဓမ္မအမှုတိုးတက်စေရန် ရရှိသောသွန်သင်ချက်အတိုင်းပြုပြင်ပါသလော။ (ကည ၉၆-၁၀၀) လုပ်ငန်းတော်စည်းဝေးမှလည်း လယ်ကွင်းဓမ္မအမှုအတွက်အကြံပြုချက်များစွာရရှိသည်။ ယင်းတို့ကို သိလျှင်သိချင်းအသုံးပြုကြစို့။
၅ ထိုနောက်အရန်သို့မဟုတ်မှန်မှန်ရှေ့ဆောင်အဖြစ်အမှုဆောင်နိုင်ရန် သင့်အခြေအနေကိုပြုပြင်နိုင်မနိုင်သုံးသပ်ကြည့်ပါ။ ထိုသို့ပြုခြင်းသည် ခမည်းတော်ယေဟောဝါ၏လုပ်ငန်းတော်၌ အမှန်အလုပ်များနေစေပါမည်။ (၁ ကော၊ ၁၅:၅၈) ရှေ့ဆောင်မဖြစ်နိုင်လျှင်ကော။ ဓမ္မအမှုကိုတကယ်မြတ်နိုးသောသဘော၊ ရပ်ကွက်ရှိသူများအကျိုးကို တကယ်လိုလားသောသဘောရှိခြင်းအားဖြင့် ရှေ့ဆောင်စိတ်ဓာတ်တင်ပြနိုင်ပါသည်။ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုများပြုလုပ်ခြင်းအားဖြင့် စိတ်ရင်းမှန်သူတို့အား ယေဟောဝါနှင့်ကိုယ်တော်၏အံ့ချီးဖွယ်ရည်ရွယ်ချက်များကိုသိစေရန် အခွင့်အရေးတိုင်းကိုလည်းအသုံးပြုနိုင်သည်။
၆ ကျွန်ုပ်တို့၏တိုးတက်မှုထင်ရှားရာတွင် အကူအညီလိုသောနေရာဒေသများသို့ရွှေ့ပြောင်းနေထိုင်ခြင်းလည်းပါဝင်သည်။ (ဟေရှာ၊ ၆:၈) ကြီးကြပ်မှူးများလိုအပ်နေသော၊ သို့မဟုတ် ရပ်ကွက်ကိုနှံ့စပ်စွာအမှုဆောင်နိုင်ရန် အကူအညီလိုနေသောအသင်းတော်ထံပြောင်းရွှေ့ခဲ့သူတို့သည် ကောင်းချီးများစွာခံစားခဲ့ရပြီ။
၇ သမ္မာတရားရရှိခါစက ယေဟောဝါနှင့်ယေရှုခရစ်ကိုချစ်မြတ်နိုးစိတ်ကြောင့် မိမိတို့ဘဝကိုပြုပြင်ပြောင်းလဲခဲ့သည်။ ယခုကောင်းကင်ခမည်းတော်နှင့်ဆက်ဆံမှုရခြင်းကိုပိုတန်ဖိုးထားလာပြီး ကျွန်ုပ်တို့အကျိုးအလိုငှာ သားတော်ပြုလေရာတို့ကိုကျေးဇူးတင်လာသည့်အခါ ကျွန်ုပ်တို့ဓမ္မအမှုကိုတိုးချဲ့ရန် အခြားပြုပြင်စရာများလိုပါသေးသလော။ ယေဟောဝါ၏လုပ်ငန်းတော်တွင်အလုပ်များနေခြင်းအားဖြင့် ခွန်အားစိုက်ထုတ်ကြစို့။—ရော၊ ၁၂:၁၁။