အုပ်စုလိုက်သက်သေခံခြင်းက ရွှင်လန်းမှုရရှိစေ
၁ ယေရှုသည် ဟောပြောရန် တပည့်တော် ၇၀ အားစေလွှတ်သည့်အခါ အဘယ်အရာပြောဆိုရမည်ကို သွန်သင်ပေးပြီး နှစ်ယောက်စီတွဲပေးကာ သူတို့အမှုဆောင်ရမည့်ရပ်ကွက်ကို ပြောပြခဲ့သည်။ ယင်းက သူတို့အား ရွှင်လန်းမှုရရှိစေခဲ့သည်။ (လု. ၁၀:၁-၁၇) အလားတူ ယနေ့လည်း အုပ်စုလိုက်သက်သေခံခြင်းက ဘုရားသခင့်လူမျိုးတော်အား ဟောပြောခြင်းလုပ်ငန်းအတွက် အသင့်ပြင်ဆင်၊ ဖွဲ့စည်းပေးကာ အားရှိစေသည်။
၂ အကြီးအကဲများဦးဆောင်– အကြီးအကဲများသည် ဟောပြောခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ရန် အားလုံးကိုကူညီရာ၌ အရေးကြီးကဏ္ဍမှပါဝင်ကြသည်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် သီတင်းပတ်၏အလယ်ရက် လုပ်ငန်းတော်အတွက် အစီအစဉ်များပြုလုပ်ရာ၌ ဦးဆောင်သည်။ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးတစ်ဦးစီသည် အထူးသဖြင့် သတ္တပတ်ကုန်ပိုင်းတွင် မိမိတို့အုပ်စုအတွက်၊ လုပ်ငန်းကိုစီစဉ်ရန် တာဝန်ရှိသည်။ အသင်းတော်တစ်ခုလုံးသည် ကင်းမျှော်စင် သင်တန်းပြီးနောက် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုပြုသည့်အခါများတွင် စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးတစ်ဦးစီက မိမိတို့အုပ်စုလိုအပ်ရာများကို ကြည့်ရှုစီစဉ်ပေးသင့်သည်။
၃ “လျောက်ပတ်စွာ စနစ်တကျလုပ်ဆောင်”– လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုကို ကိုင်တွယ်ရန်တာဝန်ရသူသည် စုဆုံမှုကို အချိန်မီစတင်ကာ ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ကန့်သတ်ထားသင့်သည်။ သူသည် ဆုတောင်းချက်ဖြင့် နိဂုံးမချုပ်မီ (အစောပိုင်းဖော်ပြခဲ့သကဲ့သို့ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများက ယင်းကို ဆောင်ရွက်ပေးမည်မဟုတ်လျှင်) သက်သေခံမည့်အုပ်စုများကိုစီစဉ်ကာ ရပ်ကွက်ကို သတ်မှတ်ပေးသင့်သည်။ ယင်းက ရပ်ကွက်တွင် ကြေညာသူများ ထူးထူးခြားခြား အာရုံစိုက်ခံရမှုကို လျော့နည်းစေကာ ကျွန်ုပ်တို့၏လုပ်ငန်း တလွဲအထင်မခံရစေရန် ကာကွယ်ပေးသည်။ ယင်းက ပေါလု၏ ဤသြဝါဒနှင့်လည်းကိုက်ညီသည်– “ခပ်သိမ်းသောအမှုတို့ကို လျောက်ပတ်စွာ စနစ်တကျလုပ်ဆောင်ကြလော့။” (၁ ကော. ၁၄:၄၀၊ သတင်းကောင်း) ဤစုဆုံမှုများကိုတက်ရောက်သူအားလုံးသည် အချိန်မီရောက်ရှိခြင်း၊ ဦးဆောင်သူနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်း၊ အုပ်စုခွဲပြီးသည်နှင့် ရပ်ကွက်သို့ ချက်ချင်းထွက်ခွာခြင်းဖြင့် အစီအစဉ်အောင်မြင်ရန် ပံ့ပိုးသင့်သည်။
၄ တပေါင်းတစည်းတည်းရှိပါ– အုပ်စုလိုက်သက်သေခံခြင်းအစီအစဉ်များသည် အသင်းတော်ရှိ အခြားသူများအားသိကျွမ်းရန် ကျွန်ုပ်တို့အတွက် အခွင့်ကောင်းရရှိစေ၏။ တစ်စုံတစ်ဦးနှင့်အတူအမှုဆောင်ရန် ကြိုတင်စီစဉ်ခြင်းကို ကန့်ကွက်စရာမရှိသော်လည်း ကြိုတင်စီစဉ်မှုများမရှိဘဲ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများတက်ရောက်ခြင်းသည်လည်း ကျွန်ုပ်တို့အတွက် အကျိုးရှိနိုင်သည်။ ကျွန်ုပ်တို့ကောင်းစွာမသိကျွမ်းသူ တစ်စုံတစ်ဦးနှင့်အတူအမှုဆောင်ရန် တာဝန်ရရှိနိုင်ကာ ဤသို့ဖြင့် ကျွန်ုပ်တို့၏မေတ္တာကို “ကျယ်ဝန်း” စေနိုင်မည်ဖြစ်သည်။—၂ ကော. ၆:၁၁-၁၃။
၅ အုပ်စုလိုက်သက်သေခံခြင်းသည် ကျွန်ုပ်တို့ကိုအားရှိစေကာ “သမ္မာတရားတွင် လုပ်ဖော်ဆောင်ဖက်များ” အဖြစ် ပေါင်းစည်းစေသည်။ (၃ ယော. ၈၊ ကဘ) ၎င်းတွင် ကျွန်ုပ်တို့ အပြည့်အဝပါဝင်နိုင်ကြပါစေ!