ခံနိုင်ရည်ရှိခြင်းမှ ဆုရရှိ
၁ “တည်ကြည် [“ခံနိုင်ရည်ရှိ၊” ကဘ] ကြလျှင် အသက်ချမ်းသာရကြလိမ့်မည်။” (လု. ၂၁:၁၉၊ သမ) “အစီအစဉ်စနစ်ဆုံးခန်း” နှင့်စပ်လျဉ်းသည့် ယေရှု၏ပရောဖက်ပြုချက် တစ်စိတ်တစ်ပိုင်းဖြစ်သောထိုစကားများက ကျွန်ုပ်တို့သည် သမာဓိစောင့်ထိန်းရာတွင် စမ်းသပ်မှုများစွာကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နားလည်စေ၏။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် ယေဟောဝါပေးသောခွန်အားဖြင့် “အဆုံးတိုင်အောင်ခံရပ်နိုင်” ကာ “ကယ်တင်ခြင်းရရှိ” နိုင်သည်။—မ. ၂၄:၃၊ ၁၃၊ ကဘ; ဖိ. ၄:၁၃။
၂ နှိပ်စက်ညှဉ်းပန်းမှု၊ ကျန်းမာရေးပြဿနာ၊ ငွေကြေးအခက်အခဲနှင့် စိတ်ဖိစီးမှုများက နေ့စဉ် စမ်းသပ်မှုဖြစ်စေနိုင်သည်။ သို့သော် ယေဟောဝါအပေါ် ကျွန်ုပ်တို့သမာဓိရှိခြင်းကို ချိုးဖျက်ရန် စာတန်ကြိုးစားနေကြောင်း ဘယ်သောအခါမျှမမေ့ရပါ။ ကျွန်ုပ်တို့၏ခမည်းတော်အား သစ္စာစောင့်သိသော နေ့ရက်တစ်ရက်စီသည် ကဲ့ရဲ့ရှုတ်ချသူ၏စိန်ခေါ်ချက်ကို ပြန်လည်ချေပနိုင်ရန် ကျွန်ုပ်တို့ကူညီပေးသော နေ့ရက်တစ်ရက်ပင်ဖြစ်၏။ စမ်းသပ်ခံရသည့်အခါ ကျွန်ုပ်တို့ကျသော “မျက်ရည်” များကို မေ့လျော့တော်မမူကြောင်းသိရခြင်းသည် အလွန်အကျိုးရှိ၏! ၎င်းတို့သည် ယေဟောဝါအတွက် အဖိုးထိုက်ကာ ကျွန်ုပ်တို့၏သမာဓိစောင့်သိမှုက ယေဟောဝါ၏နှလုံးကို ရွှင်ပြုံးစေသည်။—ဆာ. ၅၆:၈; သု. ၂၇:၁၁။
၃ စမ်းသပ်မှုများအားဖြင့် သန့်စင်ခံရ– ဒုက္ခရောက်သည့်အခါ ယုံကြည်ခြင်းအားနည်းမှု သို့မဟုတ် မာနကြီးခြင်း၊ စိတ်မရှည်ခြင်းကဲ့သို့သော ပင်ကိုအားနည်းချက်များပေါ်လာနိုင်သည်။ စမ်းသပ်မှုများကို ရှောင်တိမ်းရန် သို့မဟုတ် အဆုံးတိုင်စေရန် ကျမ်းစာနှင့်မညီညွတ်သောနည်းဖြင့် ကြိုးစားမည့်အစား “အဆုံးတိုင်အောင် ခံနိုင်ရည်ရှိကြ” ပါဟူသော ဘုရားသခင့်နှုတ်ကပါဌ်တော်သြဝါဒကို လိုက်လျှောက်ကြရမည်။ အဘယ်ကြောင့်နည်း။ စမ်းသပ်မှုများကို သစ္စာရှိရှိခံရပ်ခြင်းက ကျွန်ုပ်တို့ကို “ပြည့်ဝစုံလင်လာ” စေသောကြောင့်ဖြစ်သည်။ (ယာ. ၁:၂-၄၊ သတင်းကောင်း) ခံနိုင်ရည်က အကျိုးသင့်အကြောင်းသင့်ရှိမှု၊ စာနာမှုနှင့် ကရုဏာကဲ့သို့သော အဖိုးမဖြတ်နိုင်သည့် အရည်အသွေးများမွေးမြူရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည်။—ရော. ၁၂:၁၅။
၄ စမ်းသပ်ခံ ယုံကြည်ခြင်းအရည်အသွေး– ကျွန်ုပ်တို့သည် စမ်းသပ်မှုများကို ခံရပ်နိုင်သောအခါ ဘုရားသခင့်ရှေ့တော်တွင် အဖိုးများစွာထိုက်သည့် စမ်းသပ်ခံ ယုံကြည်ခြင်းအရည်အသွေးကို ရရှိကြသည်။ (၁ ပေ. ၁:၆၊ ၇၊ ကဘ) ထိုသို့သောယုံကြည်ခြင်းက နောင်တွင် စမ်းသပ်မှုများခံရသည့်အခါ မြဲမြံတည်ကြည်နေရန် အသင့်ဖြစ်စေသည်။ ထို့ပြင် ဘုရားသခင်၏မျက်နှာသာရရှိနိုင်ပြီး ယင်းက ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ခိုင်ခံ့စေကာ ၎င်းမျှော်လင့်ချက်သည် ကျွန်ုပ်တို့အတွက် ပို၍အစစ်အမှန်ဖြစ်လာသည်။—ရော. ၅:၃-၅။
၅ ခံနိုင်ရည်အတွက် အကောင်းဆုံးဆုကို ယာကုပ် ၁:၁၂ တွင်ဤသို့ပေါ်လွင်စေသည်– “စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံ [“ခံရပ်နိုင်၊” ကဘ] သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား . . . အသက်သရဖူကို ရလိမ့်မည်။” ထို့ကြောင့် ‘ကိုယ်တော်ကို အဆက်မပြတ်ချစ်သောသူတို့’ အား ကြွယ်ဝစွာဆုချမည်ကို ယုံကြည်စိတ်ချလျက် ယေဟောဝါအား ဆည်းကပ်ဝတ်ပြုရာတွင် စွဲမြဲနေကြစို့။