အဆက်မပြတ်တိုးတက်မှုက နောက်ထပ်လုပ်သားများ လိုအပ်စေ
၁ ဟေရှာယအခန်းကြီး ၅၄ ၏အဖွင့်စကားများက ယေဟောဝါ၏ ဇနီးကဲ့သို့သောအဖွဲ့အစည်းအား ဝမ်းသာစရာတိုးတက်မှုများအတွက် အသင့်ပြင်ထားရန် တောင်းဆိုသည်။ တိုးတက်ကြီးပွားကာ အားသစ်လောင်းခံရမည့် အလားအလာရှိ၏။ စုသိမ်းခြင်းလုပ်ငန်းကို ယေဟောဝါအရှိန်မြှင့်တင်စဉ် ထိုစိတ်လှုပ်ရှားဖွယ် ပရောဖက်ပြုချက်ပြည့်စုံမှုက ယခု ကျွန်ုပ်တို့မြင်ရသော အံ့မခန်းဖွယ် စစ်မှန်သောဝတ်ပြုရေးတိုးချဲ့မှုကို ဖြစ်ပေါ်စေခဲ့သည်။—ဟေရှာ. ၅၄:၁-၄; ၆၀:၂၂။
၂ ယေဟောဝါ၏ ဖွဲ့စည်းထားသောလူမျိုးသည် ဤလက်ရှိ ဘုရားပေးတိုးတက်မှုနှင့်အတူ ရင်ပေါင်တန်းလိုက်နိုင်မည်လော။ ယေဟောဝါ၏ကောင်းချီး အကျိုးရလဒ်များက စိန်ခေါ်ချက်တစ်ခုကို ရင်ဆိုင်ရစေကာ၊ ယေဟောဝါသည် မိမိ၏လူမျိုးအား လိုအပ်သည့် ဉာဏ်ပညာနှင့် သိနားလည်မှုဆိုင်ရာကို တွေ့မြင်ရ၍ ကျွန်ုပ်တို့ဝမ်းသာကြသည်။ (ကော. ၁:၉-၁၁) ယေရှုခရစ်သည် သစ္စာရှိ “ကျွန်” အတန်းအစားမှတစ်ဆင့် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို အံ့ဖွယ်နည်းဖြင့် အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ကျွမ်းကျင်စွာ ညွှန်ကြားလျက်ရှိသည်—မ. ၂၄:၄၅-၄၇။
၃ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရှေ့ဆောင်အရေအတွက် သိသိသာသာတိုးတက်လာသည်ကို တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံတွင် လောလောဆယ် မှန်မှန်ရှေ့ဆောင် ၁၂၃ ယောက်ရှိ၏။ မကြာသေးမီအချိန်က ရှေ့ဆောင်အသစ် ၁၀၀ ကျော်တိုးလာခဲ့ခြင်းဖြစ်သည်။ ရှေ့ဆောင်လုပ်ငန်းသို့ ဝင်ရောက်ကြခြင်းဖြင့် မိမိတို့၏ ရိတ်သိမ်းခြင်းလုပ်ငန်းကိုတိုးချဲ့ရန် လှုံ့ဆော်ခံရသော ညီအစ်ကိုညီအစ်မများအား တွေ့မြင်ရခြင်းသည် မည်မျှအားရစရာ ပါတကား!—မ. ၆:၃၃။
နောက်ထပ်ပေးရမည့် ကိုယ်တိုင်ကိုယ်ကျအကူအညီ
၄ အကြီးအကဲများနှင့် အထူးသဖြင့် အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ဤရှေ့ဆောင်အသစ်များနှင့် ရှေ့ဆောင်ဖြစ်နိုင်ခြေရှိသော အခြားမည်သည့် ကြေညာသူကိုမဆို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြလိုကြပေမည်။ အောက်ပါမေးခွန်းများက ရှေ့ဆောင်များအား ကူညီပေးနိုင်သည့်ကဏ္ဍများကို အကြီးအကဲများသိရှိရန် ကူညီပေးပါမည်– သူတို့သည် ဓမ္မအမှုကဏ္ဍအများစုတွင် ထိရောက်မှုရှိသလော၊ ပြန်လည်ပတ်မှု သို့မဟုတ် ကျမ်းစာသင်အံမှုလုပ်ငန်းတွင် လေ့ကျင့်မှုလိုအပ်သလော။ သူတို့သည် ငြိမ်သက်မှုနှင့် ညီညွတ်မှုရှိစွာ အတူတကွလုပ်ဆောင်ကာ ဝိညာဉ်အသီးကို ထင်ဟပ်ပြသနေကြသလော။ (ရော. ၁၄:၁၉) တစ်စုံတစ်ဦးသည် လက်တွေ့ကျသော အစီအစဉ်ဇယားများရေးဆွဲရာတွင် အကူအညီလိုသလော။ လေ့လာမှုအလေ့အကျင့်ကောင်းများရှိသလော၊ ရှေ့ဆောင်များသည် အစည်းအဝေးများတွင် ပါဝင်ကြသလော။ ရှေ့ဆောင်များအား အတတ်နိုင်ဆုံးကူညီပေးလိုသော အကြီးအကဲများသည် ရှေ့ဆောင်၏လိုအပ်ရာနှင့် အခြေအနေများကို ပိုင်းခြားသိမြင်ကာ သူတို့နှင့် မှန်မှန်ဆက်သွယ်မည်ဖြစ်သည်။ ရှေ့ဆောင်များ၏ကောင်းကျိုးအတွက် အကြီးအကဲများ၏ မေတ္တာပါသောစိတ်ဝင်စားမှုသည် အလွန်တန်ဖိုးထားခံရသည်။ ရှေ့ဆောင်များက အသင်းမသို့ ရေးသောစာများတွင် သူတို့အား စိတ်ဝင်စားသော မေတ္တာပြည့်ဝသည့်အကြီးအကဲအဖွဲ့ ရှိသည့်အတွက် မည်မျှကျေးဇူးတင်ကြောင်း မှတ်ချက်များ မကြာခဏ ပါရှိသည်။ တစ်ခါတစ်ရံ ယင်းက အချိန်ပြည့်လုပ်ငန်းတွင် ဆက်လက်ပါဝင်စေနိုင်ခြင်းကို ဆိုလိုသည်။
၅ အကြီးအကဲများသည် သတ်မှတ်နာရီအပါအဝင် ရှေ့ဆောင်များအတွက် ချမှတ်ထားသည့် မြင့်မားသောစံနှုန်းများကို စွဲကိုင်ရန် မျှော်လင့်ခံရကြသည်။ သို့သော် တစ်ချိန်တည်းတွင် ရှေ့ဆောင်တစ်ဦးသည် နာရီမပြည့်မီစေသည့် ယာယီ ပြဿနာကြုံနေလျှင် နိုးကြားမှုရှိသောအကြီးအကဲများက သူ မတိုးတက်လျှင် ရှေ့ဆောင်ရပ်နားခံရမည်ဟု ပြောဆိုမည့်အစား ချက်ချင်းကူညီပေးပါမည်။ သူတို့အား ပြဿနာများ လပေါင်းများစွာရှိနေစေပြီးမှ အကူအညီပေးခြင်း မဖြစ်သင့်ချေ; ထိုသို့ကူညီမပေးလျှင် ရှေ့ဆောင်သည် အချိန်မပြည့်မီ၍ စိတ်ဓာတ်ကျကာ ရပ်နားချင်လာပေမည်။
၆ လအနည်းငယ်အတွင်း ဖြေရှင်းနိုင်သောပြဿနာလော။ ထိုသို့ဖြစ်လျှင် အကြီးအကဲများ မည်သို့ကူညီနိုင်သနည်း။ ရှေ့ဆောင်ကိုယ်တိုင်ဖြေရှင်းရမည့် ကိုယ်ရေးကိုယ်တာပြဿနာဖြစ်နေလျှင် အကြီးအကဲများသည် လက်တွေ့ကျအကြံပြုချက်နှင့်အတူ အားပေးချီးမွမ်းခြင်းဖြင့် သူ၏စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည်။ အကူအညီမတောင်းဆိုလျှင် ကိုယ်ရေးကိုယ်တာ သို့မဟုတ် မိသားစုကိစ္စများတွင် မလိုအပ်ဘဲ ပါဝင်ပတ်သက်မှုမပြုရန် အကြီးအကဲများ ဂရုပြုသင့်သည်။ သို့သော် ပြဿနာသည် ကြီးလေးကာ သတ်မှတ်နာရီကို လပေါင်းများစွာ ပြည့်မီနိုင်မည့်ပုံမပေါက်ပါက ပြဿနာကို မဖြေရှင်းပြီးမချင်း ရှေ့ဆောင်နားခြင်းသည် သူ့အတွက် အကောင်းဆုံးဖြစ်ကြောင်း အကြီးအကဲများက ဆုံးဖြတ်ကြပေမည်။
၇ ရှေ့ဆောင်များသည် ကြုံတွေ့ရသော မည်သည့်အခက်အခဲကိုမဆို အသင်းမသို့စာရေးမည့်အစား အကြီးအကဲများနှင့် ဆွေးနွေးသင့်သည်။ အများအားဖြင့် ထပ်ဆင့်အကူအညီလိုအပ်သည့်အခါ အကြီးအကဲများက စာရေးခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်တွင် ရှေ့ဆောင်များသည် မိမိတို့၏ရှေ့ဆောင်လုပ်ငန်းကို ထိခိုက်နိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သူ့ထံ လွတ်လပ်စွာချဉ်းကပ်သင့်သည်။ ဤလုပ်ထုံးလုပ်နည်းကို လိုက်နာခြင်းက အကျိုးကျေးဇူးများစွာရရှိစေသည်။ အကြီးအကဲများသည် ရှေ့ဆောင်တစ်ဦးစီကို ကိုယ်တိုင်ကိုယ်ကျ သိရှိကြသည်။ သူတို့သည် သူ၏ပင်ကိုစရိုက်နှင့် စိတ်နေစိတ်ထား—သူသည် ဝီရိယရှိသလော သို့မဟုတ် ရေသာခိုသလော၊ စည်းကမ်းသေဝပ်မှုရှိသလော သို့မဟုတ် စည်းမဲ့ကမ်းမဲ့နေတတ်သလော—ကိုသိရှိနိုင်သည်။ အကြီးအကဲများသည် သူ၏မိသားစုအခြေအနေ၊ ကျန်းမာရေး၊ လောကီလုပ်ငန်းအစီအစဉ်ဇယားနှင့် သူ၏ရှေ့ဆောင်စွမ်းရည်ကို ထိခိုက်နိုင်သည့် အခြားအကြောင်းရင်းများကို သိရှိကြသည်။ အကြီးအကဲများသည် တစ်စုံတစ်ဦး ရှေ့ဆောင်ဆက်လုပ်သင့်၊ မသင့် သို့မဟုတ် လောလောဆယ် အချိန်ပြည့်လုပ်ငန်းမှ ရပ်နားလျှင် သာ၍ကောင်းမည်၊ မကောင်းမည်ကို ဆုံးဖြတ်ရန် အလွန်ကောင်းသောအနေအထားတွင်ရှိသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
၈ ရှေ့ဆောင်နှင့်ပြောဆိုဆွေးနွေးပြီးနောက် ပြဿနာသည် ခဏမျှသာရှိမည်၊ လုပ်ငန်းတော်နှစ်မကုန်မီ လိုသည့်အချိန်ကို ပြန်ဖြည့်နိုင်သင့်သည်ဟု အကြီးအကဲများက ဆုံးဖြတ်လျှင် ကိစ္စရပ်များနှင့်ပတ်သက်၍ အားပေးမှုနှင့် အကူအညီဖြစ်စေသော အကြံပြုချက်များပေးဖို့သာလိုမည်။ သို့သော် ရှေ့ဆောင်သည် မတတ်နိုင်သည့် ထူးထူးခြားခြားအခြေအနေတစ်ခုနှင့် ရင်ဆိုင်ရခြင်းကြောင့် အချိန်များစွာလိုနေကာ လက်ရှိနှစ်အကုန်တွင် လိုနေသည့်အချိန်ကို မဖြည့်နိုင်ပါက အကြီးအကဲများသည် သူ့အား အထူးထောက်ထားစာနာမှုပြသင့်၊ မပြသင့်ဟူသည်ကို ဆုံးဖြတ်သင့်သည်။ သူတို့သည် အထူးထောက်ထားစာနာမှုပြရန် အကြောင်းရင်းတစ်ခုရှိကြောင်း တွေ့ရှိလျှင် အသင်းတော်ကြေညာသူကတ်တွင် ယင်းကို ရေးမှတ်ထားကာ လိုနေသည့်အချိန်အတွက် စိုးရိမ်စရာမလိုဘဲ ထိုအချိန်မှစ၍ သတ်မှတ်နာရီပြည့်မီရန် ကြိုးစားဖို့ ရှေ့ဆောင်ကို အားပေးနိုင်သည်။ အကြီးအကဲများက ပြဿနာသည် တစ်ခဏတာမဟုတ်ဘဲ ထိုအခြေအနေကြောင့် ရှေ့ဆောင်အား ရှေ့ဆောင်လုပ်ငန်းမှ လောလောဆယ်ရပ်နားသင့်သည်ဟု ဆုံးဖြတ်လျှင် သူတို့သည် သက်ဆိုင်သောပုံစံကိုတင်ခြင်းဖြင့် ဤကိစ္စကို ဌာနခွဲသို့ အကြောင်းကြားသင့်သည်။ အကြီးအကဲများ ဘာလုပ်ရမည်ကို မသေချာသည့်အခါများတွင်သာ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ထပ်ဆင့်အချက်အလက်များရရှိရန် ဌာနခွဲသို့ စာရေးဖို့လိုလိမ့်မည်။ သူတို့သည် လက်ရှိနှစ်အတွက် ရှေ့ဆောင်၏ လယ်ကွင်းလုပ်ငန်းနာရီမှတ်တမ်းအပါအဝင် ပြဿနာ၏အသေးစိတ်အချက်အလက်အပြည့်အစုံကို ဖော်ပြရန် သေချာစေသင့်သည်။
၉ တိုက်နယ်ကြီးကြပ်မှူးများကိုလည်း ရှေ့ဆောင်များ၏လိုအပ်ရာများကို ပို၍အာရုံစိုက်ကြရန် ကျွန်ုပ်တို့တောင်းဆိုထားသည်။ အသင်းတော်သို့ တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုသည် တိုတောင်းရာ ရှေ့ဆောင်တစ်ဦးစီနှင့် အချိန်များများအသုံးပြုခွင့် ရချင်မှရပေမည်။ သို့သော် မှတ်တမ်းများကို စစ်ဆေးခြင်း၊ ရှေ့ဆောင်များနှင့်တွေ့ဆုံခြင်းနှင့် လယ်ကွင်းလုပ်ငန်းတွင် သူတို့နှင့်အတူလုပ်ဆောင်ခြင်းဖြင့် သူသည် ကူညီအားပေးမှု လိုအပ်သည့်ကဏ္ဍများကို တွေ့ရှိမည်ဖြစ်သည်။ သူသည် မိမိ၏အစီအစဉ်ဇယားက ခွင့်ပြုသရွေ့ ရှေ့ဆောင်နှင့် ကြေညာသူများ, များနိုင်သလောက်များများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်သင့်သည်။ ရှေ့ဆောင်များစွာရှိပါက တစ်ကြိမ်လည်ပတ်ချိန်တွင် ရှေ့ဆောင်အချို့နှင့်အတူ အမှုဆောင်နိုင်ကာ နောက်တစ်ကြိမ်တွင်မူ အခြားရှေ့ဆောင်များနှင့်အတူ အမှုဆောင်နိုင်ပေမည်။ သူသည် ကူညီပေးရန်လိုအပ်သူများနှင့်ပတ်သက်၍ မိမိ၏ မည်သည့်ရှုမြင်ချက်ကိုမဆို အကြီးအကဲများအား အသိပေးကာ ရှေ့ဆောင်များတိုးတက်လာရန် ကူညီပေးနိုင်သည့်အရာများကို အကြံပြုပါမည်။
သင်သည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက်
အရည်အချင်းပြည့်မီသလော
၁၀ လူတစ်ဦးသည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် အရည်အချင်းပြည့်မီရန် နှစ်ခြင်းခံပြီး သည်မှာ အနည်းဆုံး ခြောက်လ ရှိကာ မှန်မှန် ကြေညာသူတစ်ဦးဖြစ်ရမည်။ သူသည် နှစ်စဉ်လယ်ကွင်းလုပ်ငန်းအတွက် သတ်မှတ်နာရီ ၈၄၀ ပြည့်မီနိုင်သည့်အနေအထားရှိသင့်သည်။ သူသည် အကျင့်စာရိတ္တကောင်းမွန်ကာ ခရစ်ယာန်တစ်ဦးအနေနှင့် စံထားအပ်သူဖြစ်ကြောင်းပြရန်လည်း အရေးကြီး၏။ (ဓအ စစ. ၁၁၃-၁၄) ယင်းတွင် အဘယ်အရာပါဝင်သနည်း။ အကြီးအကဲများသည် ရှေ့ဆောင်လျှောက်ထားသူတစ်ဦးတွင် အဘယ်အရည်အသွေးများကို ကြည့်ရှုသင့်သနည်း။
၁၁ စံထားအပ်သောအမူအကျင့်ဟူသည် ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ပိုင်းတွင် သန့်ရှင်းမှုရှိခြင်းကို ဆိုလို၏။ ရှေ့ဆောင်လုပ်ငန်းအတွက် ထောက်ခံချက်ရရှိသူတစ်ဦးသည် အသင်းတော်အတွင်းအပြင်တွင် ခရစ်ယာန်အမူအကျင့်ကောင်းအတွက် နာမည်ရထားသူဖြစ်ရမည်။ သူသည် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့နှင့် အပြည့်အဝ ဆည်းကပ်ဝတ်ပြုသူတစ်ဦးဖြစ်သည်။ သူ၏အသက်တာတွင် ဘုရားသခင်၏ဝိညာဉ်အသီး ထင်ရှားနေရမည်။ ရှေ့ဆောင်တစ်ဦး၏ အဓိကစိတ်ဝင်စားရာမှာ နိုင်ငံတော်အကြောင်းသက်သေခံခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းဖြစ်သင့်သည်။ သူသည် အိမ်တံခါးဝများတွင် ကျမ်းစာကို ထိရောက်စွာအသုံးပြုနိုင်ရုံမက စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်ကာ အိမ်တွင်းကျမ်းစာသင်အံမှုများ စတင်ကျင်းပနိုင်သူဖြစ်သင့်၏။ ရှေ့ဆောင်များသည် လယ်ကွင်းလုပ်ငန်းနှင့် အစည်းအဝေးအစီအစဉ်များတွင် အကြီးအကဲအဖွဲ့နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။
၁၂ တရားရေးဆုံးမခံရချိန် သို့မဟုတ် နှင်ထုတ်ခံရပြီး ပြန်လက်ခံခံရချိန်မှစ၍ တစ်နှစ်ပြည့် ပြီးသူများအား အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် စဉ်းစားပေးနိုင်သည်။ ထို့ပြင် တရားရေးကော်မတီ၏ ကန့်သတ်မှုတစ်ခုခုအောက်တွင် လောလောဆယ် ရှိနေသူတစ်ဦးသည် ကန့်သတ်မှုအားလုံး ဖယ်ရှားမခံရမချင်း ထိုသို့သောရှေ့ဆောင်လုပ်ငန်းအခွင့်အရေးများအတွက် အရည်အချင်းပြည့်မီမည်မဟုတ်ပေ။
၁၃ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် မထောက်ခံမီ လအတော်အတန် အရန်ရှေ့ဆောင်လုပ်ဖို့လိုသလော။ မလိုပါ။ သို့သော် အရန်ရှေ့ဆောင်တစ်ဦးအဖြစ် ဦးဆုံးအမှုဆောင်ခဲ့မည်ဆိုလျှင် မှန်မှန်ရှေ့ဆောင်တစ်ဦး၏ အစီအစဉ်ဇယားနှင့်အညီလိုက်ရန် ပိုမိုလွယ်ကူစေလေ့ရှိ၏။ လျှောက်ထားသူတစ်ဦးသည် လစဉ်ပုံမှန် နာရီ ၇၀ မှတ်တမ်းသွင်းနိုင်ကာ လုပ်ငန်းတော်နှစ်အကုန်တွင် သတ်မှတ်နာရီ ၈၄၀ ပြည့်မီနိုင်ကြောင်း ကျိုးကြောင်းညီညွတ်သောအာမခံချက်ကို အကြီးအကဲများရရှိလိုပါမည်။ အသင်းမက အတိအကျမဖော်ပြထားသည့် တောင်းဆိုချက်များကို မပြဋ္ဌာန်းသင့်ချေ။
၁၄ အသင်းတော်သားတစ်ဦးသည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာကို ဖြည့်ကာ ထောက်ခံချက်ရရှိရန် ဦးစီးကြီးကြပ်မှူးထံ ပေးသည့်အခါ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ယင်းကို ချက်ချင်း သုံးသပ်သင့်သည်။ တစ်ပတ်နှစ်ပတ်ကြာ အဝေးသို့ ရောက်ကောင်းရောက်နေမည့် ကော်မတီဝင်အကြီးအကဲတစ်ဦးကို စောင့်နေရ၍ လျှောက်လွှာတင်ခြင်းကို မကြန့်ကြာစေသင့်ချေ။ သူမရှိသည့်အတွက် အခြားအကြီးအကဲတစ်ဦးကို အစားထိုးနိုင်သည်။ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် လျှောက်လွှာကို ထောက်ခံမည်ဆိုလျှင် အခြားအကြီးအကဲများ၏ မည်သည့်ထပ်ဆင့် ရှုမြင်ချက်ကိုမဆို သုံးသပ်နိုင်ရန် လျှောက်လွှာကိုမပို့မီ အကြီးအကဲအဖွဲ့အား အသိပေးသင့်သည်။
၁၅ ပြန်လည်တည်းဖြတ်ထားသော မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာပုံစံက တစ်ဦးစီ၏ လွန်ခဲ့သောခြောက်လ လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို ဖော်ပြရန် အကြီးအကဲများအား တောင်းဆိုသည်။ လျှောက်ထားသူသည် သတ်မှတ်နာရီကို ပုံမှန်ပြည့်မီနိုင်၊ မနိုင်ဟူသည်ကို အကြီးအကဲများ အသေအချာစဉ်းစားချင့်ချိန်သင့်၏။ ကြေညာသူတစ်ဦး၏ ခြောက်လပျမ်းမျှမှတ်တမ်းက သူ၏ရေရှည်လုပ်ဆောင်နိုင်သည့်အရာကို အမှန်တကယ် ညွှန်ပြချင်မှညွှန်ပြပေမည်။ အထူးတလည် ကြိုးစားလုပ်ဆောင်ခြင်းကြောင့် တစ်လ သို့မဟုတ် နှစ်လသည် အခြားလများထက် အတော်အသင့်များနေမည်ဆိုလျှင် ယင်းကို စဉ်းစားပေးသင့်သည်။ တစ်နည်းအားဖြင့် အကြီးအကဲများသည် အလားအလာရှိသောရှေ့ဆောင်၏ ခြောက်လလယ်ကွင်းလုပ်ငန်းကို ခြုံငုံရှုမြင်သင့်သည်။ သူသည် ပျမ်းမျှနာရီ များကောင်းများနေပေမည်၊ သို့သော် သူသည် ဓမ္မအမှုတွင် မဆို စလောက်သာပြီးမြောက်နေပါက ရှေ့ဆောင်တစ်ဦးအဖြစ် စာရင်း မသွင်းမီ သူ၏ဓမ္မအမှုတွင် တိုးတက်ဖို့လိုသည့်ကဏ္ဍများကို ဆက်လက်လုပ်ဆောင်ရန် အကြီးအကဲများက အကြံပြုပေမည်။ အကြီးအကဲများသည် လျှောက်လွှာရရှိသည့်အခါ ယင်းကို မထောက်ခံနိုင်ပါက လျှောက်လွှာကို မပို့သေးကြောင်း သူ့အား မပျက်မကွက်အသိပေးကာ မပို့ရသည့်အကြောင်းရင်းများကို ရှင်းပြသင့်သည်။ အကြီးအကဲများသည် အရည်အချင်းပြည့်မီရန် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ရာများကို ရှင်းပြသင့်သည်။ နောက်ပိုင်းတွင် အကြီးအကဲများက လျှောက်လွှာကို ထောက်ခံနိုင်သည်ဟု ယူဆကာ မူလလျှောက်လွှာကို အသုံးပြုမည်ဆိုလျှင် တောင်းဆိုထားသည့် စတင်သောနေ့စွဲကို လိုအပ်သလိုပြောင်းသင့်သည်။ ဤကိစ္စကို ကိုင်တွယ်ရာတွင် ကျေးဇူးပြု၍ မျှတမှုရှိပါ။ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော ကြေညာသူအချို့သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ရှေ့ဆောင်များအဖြစ် ပိုမိုလုပ်ဆောင်ရန် တက်လှမ်းလိုကြသည်။ သူတို့သည် ဆန္ဒရှိမည်ဆိုလျှင် နောက်ဆုတ်သွားစေမည့်အစား ရှေ့ဆောင်တစ်ဦးအဖြစ် မိမိတို့၏အသိပညာနှင့် အတွေ့အကြုံတိုးများလာရန် ထပ်ဆင့်အခွင့်အရေးရရှိမည်ဖြစ်ကြောင်း အကြီးအကဲများ အားပေးလိုစိတ်ရှိသင့်သည်။
စိတ်အားထက်သန်မှုဖြင့်
ရှေ့သို့တက်လှမ်းပါ!
၁၆ မှန်ပါသည်၊ ယေဟောဝါသည် ရှေ့ဆောင်များအား ကူညီရန်နှင့် နိုင်ငံတော်အကျိုးစီးပွား တိုးတက်စေရန် စီစဉ်ထားသောအစီအစဉ်များကို ကြွယ်ဝစွာကောင်းချီးပေးလျက်ရှိ၏။ ယခု ကျွန်ုပ်တို့သည် ရှေ့အပိုဒ်များတွင် ဆွေးနွေးခဲ့သည့် ထပ်ဆင့်ပြုပြင်ပြောင်းလဲမှုများကို ကိုယ်တော် ကောင်းချီးပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချကြသည်။ ယေရှုက “ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကို ထင်ရှားစေသည်” ဟုမိန့်ဆိုခဲ့၏။ (မ. ၁၁:၁၉၊ သမ္မာ) ယင်းသည် ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးသို့ စုရုံးလာသော တစ်မုဟုတ်ချင်း တိုးတက်နေသည့် “လူအုပ်ကြီး” နှင့် အံဝင်ခွင်ကျဖြစ်စေရန် နှစ်များတစ်လျှောက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်ဆင့် ရိုးရှင်းလွယ်ကူစေခြင်းနှင့်စပ်လျဉ်း၍ အလွန်မှန်ကန်ခဲ့ပြီတကား။—ဗျာ. ၇:၉၊ ကဘ; ဟေရှာ. ၅၄:၂။
၁၇ စိတ်အားထက်သန်သောရှေ့ဆောင်များသည် အသင်းတော်များအတွက် အမှန်ပင် ကောင်းချီးတစ်ရပ်ဖြစ်၏။ သူတို့သည် စပါးရိတ်စရာများစွာရှိသည့် ဤနောက်ဆုံးကာလတွင် လုပ်သားတိုးများလာစေရန် “စပါးရှင်” ထံ ကျွန်ုပ်တို့၏ နှလုံးပါပါ ဆုတောင်းချက်များအတွက် အလွန်ကောင်းသောအဖြေ အစိတ်အပိုင်းတစ်ခုဖြစ်၏။ (မ. ၉:၃၇၊ ၃၈; ယော. ၄:၃၅၊ ၃၆) ရှေ့ဆောင်များအဖြစ် အမှုဆောင်ရန် မိမိတို့၏အခြေအနေများကို ပြုပြင်ပြောင်းလဲခဲ့ကြသူအားလုံးအား လက်ပန်းမကျစေဖို့ မိမိတတ်စွမ်းနိုင်သည့်အရာကို တစ်ဦးစီ သစ္စာရှိစွာ လုပ်ဆောင်ပေးနိုင်ကြပါစေ။ (သု. ၃:၂၇) ‘များစွာသောအသီးကို သီးခြင်းဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၏တပည့်မှန်’ ကြောင်း သက်သေထူကာ ကောင်းကင်ခမည်းတော်၏ဘုန်းကို စည်းလုံးစွာ ထင်ရှားစေကြသည့်အခါ ကျွန်ုပ်တို့ ဆက်လက်၍ အလွန်ပျော်ရွှင်ကြမည်တကား!—ယော. ၁၅:၈။