ယေဟောဝါ၏ ချစ်ခင်ကြင်နာမှုအတွက် ကျေးဇူးတင်ကြလော့
မတ် ၂၄ ရက်တွင် ကျင်းပမည့် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲ
၁။ ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့ ချစ်ခင်ကြင်နာမှုပြခဲ့ပြီနည်း။
၁ ဆာလံဆရာက ဤသို့ကြွေးကြော်ခဲ့သည်– “လူသားတို့၌ ပြုတော်မူသောကရုဏာ [“ချစ်ခင်ကြင်နာမှု၊” ကဘ] နှင့် အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။” (ဆာ. ၁၀၇:၈) ဘုရားသခင်၏ချစ်ခင်ကြင်နာမှုသည် လူမျိုးတော်ကို သနားစာနာရုံထက်မကချေ။ ယင်းအချက်ကို ဤမှုတ်သွင်းခံချီးမွမ်းစကားတွင် ရှင်းလင်းစွာဖော်ပြထားသည်– “အိုထာဝရဘုရား ကိုယ်တော်၏ကရုဏာ [“ချစ်ခင်ကြင်နာမှု၊” ကဘ] သည် အကျွန်ုပ်ကိုထောက်မပါ၏။” (ဆာ. ၉၄:၁၈) ယေဟောဝါသည် ကျွန်ုပ်တို့၏အကျိုးအတွက် တစ်ပါးတည်းသောသားတော်ကို ပေးတော်မူခြင်းဖြင့် အထူးချစ်ခင်ကြင်နာမှုပြခဲ့သည်တကား!—၁ ယော. ၄:၉၊ ၁၀။
၂။ ယေဟောဝါအား ကျေးဇူးတင်ကြောင်း ကျွန်ုပ်တို့မည်သို့ပြနိုင်သနည်း။
၂ ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲနီးကပ်လာစဉ် “ကရုဏာ [“ချစ်ခင်ကြင်နာမှု၊” ကဘ] အရှင်ဘုရားသခင်” ကို ကျွန်ုပ်တို့ မည်သို့ကျေးဇူးတင်နိုင်သနည်း။ (ဆာ. ၅၉:၁၇) ကျွန်ုပ်တို့တစ်ဦးစီသည် မြေကြီးပေါ်ရှိ ယေရှု၏နောက်ဆုံးနေ့ရက်များအကြောင်း တွေးတောဆင်ခြင်ရန် အချိန်ယူလိုကြမည်။ (ဆာ. ၁၄၃:၅) ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၅ တွင်ဖော်ပြထားသည့်အတိုင်း အောက်မေ့ရာပွဲအတွက်စီစဉ်ထားသည့် အထူးကျမ်းစာဖတ်ရှုခြင်းကို လိုက်နာခြင်းကလည်း အကျိုးပြုလိမ့်မည်၊ ဖြစ်နိုင်လျှင် အခြားကျမ်းစာအခြေပြုစာပေများနှင့်အတူ အကြီးမြတ်ဆုံးလူသား စာအုပ်၏ အခန်း ၁၁၂-၁၆ ကို ထပ်ဆင့်ဖတ်ရှုကာ သုတေသနပြုလုပ်ပါ။ သင်ဖတ်ရှုသည့်အပိုဒ်များကို တွေးတောဆင်ခြင်ကာ ယင်းတို့တွင် အာရုံနှစ်ထားပါ။ (၁ တိ. ၄:၁၅) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆုတောင်းသုံးသပ်ခြင်းက ကျွန်ုပ်တို့၏နှလုံးကို အားရှိစေရုံသာမက ယေဟောဝါအပေါ် ကျွန်ုပ်တို့၏မေတ္တာကို ဖော်ပြရာလည်းရောက်၏။—မ. ၂၂:၃၇။
၃၊ ၄။ (က) လိုင်ဘေးရီးယားရှိ ကျွန်ုပ်တို့ညီအစ်ကိုများ၏စိတ်ဓာတ်ကို မည်သို့တုပနိုင်သနည်း။ (ခ) အောက်မေ့ရာပွဲသို့ မည်သူတို့ကိုဖိတ်ခေါ်ဖို့ သင်စီစဉ်ထားသနည်း။
၃ ဘုရားသခင်ကိုကျေးဇူးတင်ရန် အခြားသူများကိုတိုက်တွန်းပါ– လွန်ခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင် အောက်မေ့ရာပွဲကို ၁၆,၇၆၀,၆၀၇ ယောက်တက်ရောက်ခဲ့သည်။ နှစ်အနည်းငယ်ခန့်က လိုင်ဘေးရီးယားရှိ ရွာတစ်ရွာမှ ညီအစ်ကိုများသည် မြို့နယ်ဦးစီးမှူးထံစာရေးကာ သူ၏မြို့တွင် သခင့်ညစာစားပွဲကျင်းပလိုကြောင်း အသိပေးခဲ့သည်။ ဦးစီးမှူးသည် ထိုအစီအစဉ်အတွက် ဒေသခံဘောလုံးကွင်းကို အသုံးပြုရန် ညီအစ်ကိုများအား ခွင့်ပြုရုံမက ယင်းအကြောင်းကို ထိုနယ်မြေအနှံ့တွင် ကြေညာကာ လူတို့ကို တက်ရောက်ရန် ဖိတ်ခေါ်ပေးခဲ့သည်။ ထိုရွာတွင် ကြေညာသူငါးဦးသာရှိသော်လည်း အောက်မေ့ရာပွဲကို ၆၃၆ ယောက် တက်ရောက်ခဲ့သည်!
၄ အလားတူ၊ အောက်မေ့ရာပွဲကျင်းပရာတွင် ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် လူများနိုင်သရွေ့များများကို ကျွန်ုပ်တို့ကူညီပေးလိုကြသည်။ သင်ဖိတ်ခေါ်လိုသူများကို စာရင်းတစ်ခုပြုစုထားပါ။ ဇန်နဝါရီ ၈ နိုးလော့! နှင့် ဇန်နဝါရီ ၁၅ ကင်းမျှော်စင် ၏ နောက်ကျောဖုံးများမှ ရုပ်ပုံများက အောက်မေ့ရာပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်သည်။ ပုံနှိပ်ထားသည့် အောက်မေ့ရာပွဲဖိတ်စာများကိုလည်း အသုံးပြုနိုင်သည်။ ဖိတ်စာပေါ်တွင် အောက်မေ့ရာပွဲ၏အချိန်နှင့် နေရာကို လက်နှိပ်စက်ဖြင့်ရေးပါ သို့မဟုတ် လက်ရေးဖြင့် သပ်သပ်ရပ်ရပ်ရေးကာ သင်ဖိတ်ခေါ်သူတစ်ဦးစီအား တစ်ရွက်စီပေးပါ။ မတ်လ ၂၄ ရက်သို့နီးကပ်လာစဉ် တစ်ဦးစီကို နှိုးဆော်ရန်နှင့် မည်သည့်အစီအစဉ်များကိုမဆို အပြီးသတ်ရန် ထပ်မံလည်ပတ်ပါ။
၅။ ကျွန်ုပ်တို့၏ကျမ်းစာသင်သားများအား တက်ရောက်ရန် မည်သို့အားပေးနိုင်သနည်း။
၅ အစည်းအဝေးများမတက်သေးသည့် ကျမ်းစာသင်သားများအား အစီအစဉ်ကို တက်ရောက်ပြီး အကျိုးအပြည့်အဝရရှိရန် မည်သို့ကူညီပေးနိုင်သနည်း။ သင်အံမှုတစ်ခုစီအတွင်း အချိန်အနည်းငယ်ယူ၍ အောက်မေ့ရာပွဲ၏အရေးကြီးမှုကို နားလည်ရန် ကူညီပေးပါ။ မတ် ၁၅၊ ၂၀၀၄ ကင်းမျှော်စင်၊ စာမျက်နှာ ၃-၇ နှင့် ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၃၂၀-၂၃ တွင် အလွန်ကောင်းသောအကြောင်းအရာများကို တွေ့ရှိနိုင်ပါသည်။
၆။ အောက်မေ့ရာပွဲတွင် ဧည့်သည်များအားကြိုဆိုရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၆ ဧည့်သည်များကို ကြိုဆိုပါ– အောက်မေ့ရာပွဲတွင် ဧည့်သည်များထံ ချဉ်းကပ်စကားပြောကာ ကြိုဆိုပါ။ (ရော. ၁၂:၁၃) သင်ဖိတ်ခေါ်ထားသူများနှင့်အတူထိုင်ရန် စီစဉ်ကာ သူတို့တွင် ကျမ်းစာအုပ်နှင့် သီချင်းစာအုပ်ရှိကြောင်း သေချာစေပါ။ ကျွန်ုပ်တို့သည် အထူးသဖြင့် ကြိုးစား၍တက်ရောက်လာကြသော မလှုပ်ရှားသည့် ညီအစ်ကိုညီအစ်မတိုင်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုလိုပါမည်။ ကျွန်ုပ်တို့၏မေတ္တာပါသောစိတ်ဝင်စားမှုက အသင်းတော်နှင့် ပုံမှန်ပြန်လည်ပေါင်းသင်းရန် သူတို့ကိုကူညီပေးနိုင်ပါသည်။ (လု. ၁၅:၃-၇) ဤအမြင့်မြတ်ဆုံးအခါသမယတွင် ယေဟောဝါ၏ “အံ့ဖွယ်သောမေတ္တာကရုဏာတော် [“ချစ်ခင်ကြင်နာမှု၊” ကဘ]” အတွက် ကိုယ်တော်အား ကျွန်ုပ်တို့နှင့်အတူကျေးဇူးတင်ရန် အခြားသူများကိုအားပေးဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်နိုင်ကြပါစေ။—ဆာ. ၃၁:၂၁။