“သစ္စာစောင့်သိသူအပေါင်းတို့၊ ယေဟောဝါကို ချစ်ကြလော့”
ဧပြီ ၄ ရက်တွင် ယေရှု၏သေခြင်း အောက်မေ့ရာပွဲကျင်းပမည်
၁ လွန်ခဲ့သောနှစ်အနည်းငယ်က ယူကရိန်းနိုင်ငံသည် ကွန်မြူနစ်အုပ်ချုပ်မှုအောက် ရောက်ခဲ့စဉ်က အာဏာပိုင်များသည် အစည်းအဝေးကျင်းပသောနေရာကိုရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် ညီအစ်ကိုများအား အနီးကပ်စောင့်ကြည့်ခဲ့ကြသည်၊ အထူးသဖြင့် သခင့်ညစာစားပွဲနေ့ နီးကပ်လာချိန်တွင်ဖြစ်၏။ အာဏာပိုင်များက အောက်မေ့ရာပွဲ၏ အနီးစပ်ဆုံးရက်စွဲကို သိထားသောကြောင့် ယင်းသည် အမြဲပြဿနာဖြစ်ခဲ့ရသည်။ ညီအစ်ကိုများသည် အဘယ်အရာကို လုပ်ဆောင်နိုင်ခဲ့ကြသနည်း။ ညီအစ်မတစ်ဦး၏အိမ်တွင် ရေစီးဝင်သည့် မြေအောက်ခန်းတစ်ခန်းရှိ၏။ ထိုတွင် လူတို့စုဝေးရန် အာဏာပိုင်များက မျှော်လင့်မည်မဟုတ်သောကြောင့် ညီအစ်ကိုများသည် ဒူးဆစ်အထိနက်သော ရေနှင့်လွတ်အောင် စင်မြင့်တစ်ခုဆောက်လုပ်ခဲ့ကြသည်။ မျက်နှာကြက်အနိမ့်အောက်ရှိ စင်မြင့်ပေါ်တွင် ဝပ်တွားထိုင်ခဲ့ရသော်လည်း အသင်းတော်သည် အောက်မေ့ရာပွဲကို ပျော်ရွှင်စွာကျင်းပနေစဉ် သူတို့အား မည်သူမျှ မနှောင့်ယှက်ခဲ့ကြချေ။
၂ ယေရှု၏သေခြင်း အောက်မေ့ရာပွဲကိုကျင်းပပါဟူသော အမိန့်ကိုနာခံရန် ယူကရိန်းညီအစ်ကိုများ၏ သန္နိဋ္ဌာန်သည် ဘုရားသခင်ကို သူတို့ချစ်ကြောင်း အံ့ဖွယ်ပြသမှုတစ်ရပ်ဖြစ်၏။ (လု. ၂၂:၁၉; ၁ ယော. ၅:၃) ကျွန်ုပ်တို့၏အသက်တာတွင် အတားအဆီးများကို ရင်ဆိုင်ရတိုင်း ထိုသို့သောပုံသက်သေများမှ အားပေးမှုရယူကာ ဧပြီ ၄ ရက်တွင် သခင့်ညစာစားပွဲကျင်းပရန် ရောက်ရှိနေကြဖို့ သန္နိဋ္ဌာန်ချနိုင်ကြပါစေ။ ထိုသို့ပြုခြင်းဖြင့် ဤသို့သီဆိုခဲ့သော ဆာလံဆရာ၏သဘောထား ကျွန်ုပ်တို့၌ရှိကြောင်း ပြသကြသည်– “ကိုယ်တော်အား သစ္စာစောင့်သိသူအပေါင်းတို့၊ ယေဟောဝါကိုချစ်ကြလော့။”—ဆာ. ၃၁:၂၃၊ ကဘ။
၃ ဘုရားသခင်ကို ပိုမိုချစ်လာစေရန် အခြားသူတို့အားကူညီပါ– ဘုရားသခင်ကိုချစ်ခြင်းက ကျွန်ုပ်တို့နှင့်အတူ အောက်မေ့ရာပွဲကျင်းပရန် အခြားသူတို့အားဖိတ်ခေါ်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေး၏။ ဖေဖော်ဝါရီလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်က အောက်မေ့ရာပွဲသို့ဖိတ်ခေါ်ရန် ရည်ရွယ်ထားသူများကို စာရင်းတစ်ခုပြုလုပ်ရန် ကျွန်ုပ်တို့တစ်ဦးစီအား တိုက်တွန်းခဲ့သည်။ သင်သည် သင့်စာရင်းတွင်ပါသူ တစ်ဦးစီအား ဝီရိယရှိရှိ ဖိတ်ခေါ်နေသလော။ သူတို့အား အခါသမယ၏ အရေးကြီးမှုကို အချိန်ယူရှင်းပြပါ။ အောက်မေ့ရာပွဲ၏နေ့ရက်၊ အချိန်နှင့်စပ်လျဉ်း၍ ဖော်ရွေစွာသတိပေးပါ၊ လိုအပ်လျှင် သူတို့ကို တစ်ပါတည်းခေါ်သွားမည်ဟု ကမ်းလှမ်းခြင်းက တက်ရောက်ရန် အားရှိစေနိုင်သည်။
၄ အောက်မေ့ရာပွဲသို့ ကျွန်ုပ်တို့၏ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သူများ ရောက်လာကြသောအခါ သူတို့ကို နှုတ်ဆက်ရန်နှင့် သက်သောင့်သက်သာရှိစေရန် အထူးကြိုးစားပါ။ ယေဟောဝါကို ပိုမိုချစ်လာစေရန် သူတို့အား သင် မည်သို့ ကူညီနိုင်သနည်း။ သူတို့၏မေးခွန်းများကိုဖြေဆိုရန် အသင့်ရှိပါ။ အခြေအနေပေးလျှင် ကျမ်းစာသင်အံမှုကမ်းလှမ်းရန် နိုးကြားနေပါ။ ပတ်စဉ်အသင်းတော်စည်းဝေးများတက်ရောက်ရန် သူတို့ကိုဖိတ်ခေါ်ပါ။ အထူးသဖြင့် အကြီးအကဲများသည် ရောက်ရှိလာကြသော မလှုပ်ရှားသည့်ခရစ်ယာန်များအား အာရုံစိုက်လိုကြပေမည်။ ထိုသူတို့ထံ လည်ပတ်ရန် စီစဉ်ကာ အောက်မေ့ရာပွဲဟောပြောချက်တွင် တင်ဆက်ခဲ့သည့် အယူအဆများအပေါ်အခြေပြု၍ ပြန်လည်လှုပ်ရှားလာရန် အားပေးတည်ဆောက်နိုင်သည်။—ရော. ၅:၆-၈။
၅ ယေဟောဝါအပေါ်ချစ်သည့် ကျွန်ုပ်တို့၏မေတ္တာကို နက်ရှိုင်းစေခြင်း– ရွေးနုတ်ဖိုးလက်ဆောင်အကြောင်း ပြန်ပြောင်းသုံးသပ်ခြင်းက ယေဟောဝါနှင့် ကိုယ်တော့်သားတော်အပေါ် ကျွန်ုပ်တို့ချစ်သည့်မေတ္တာကို နက်ရှိုင်းစေနိုင်သည်။ (၂ ကော. ၅:၁၄၊ ၁၅) အောက်မေ့ရာပွဲကို နှစ်ပေါင်းများစွာ တက်ရောက်ခဲ့သူတစ်ဦးက ဤသို့ဆို၏– “သတိရအောက်မေ့ပွဲကို ကျွန်မတို့မျှော်ကြတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးခြားလာတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်တုန်းက အသုဘခန်းမတစ်ခုမှာရပ်ပြီး ကျွန်မချစ်တဲ့ဖေဖေရဲ့ ရုပ်ကလာပ်ကိုကြည့်နေတုန်း ရွေးနုတ်ဖိုးကို နှလုံးထဲက လှိုက်လှိုက်လှဲလှဲ လေးမြတ်တဲ့စိတ် ဖြစ်ပေါ်ခဲ့တာကို ပြန်သတိရတယ်။ အဲဒီမတိုင်ခင်က သိရုံသက်သက်ပဲဖြစ်ခဲ့တယ်။ ကျမ်းချက်တွေအားလုံးနဲ့ အဲဒါတွေကို ဘယ်လိုရှင်းပြရမယ်ဆိုတာ ကျွန်မသိတယ်! ဒါပေမဲ့ သေခြင်းတရားရဲ့ စိမ်းကားရက်စက်မှုကို ကျွန်မကြုံတွေ့ရတော့မှပဲ ဒီတန်ဖိုးကြီးမားတဲ့ရွေးနုတ်ဖိုးက ကျွန်မတို့အတွက် ဖြစ်မြောက်အောင်မြင်စေမယ့်အရာအတွက် လှိုက်လှိုက်လှဲလှဲရွှင်လန်းမှု ခံစားရတော့တယ်။”—ယော. ၅:၂၈၊ ၂၉။
၆ ဤနှစ်အောက်မေ့ရာပွဲနေ့ နီးကပ်လာသည်နှင့်အမျှ အခါသမယအတွက် သင်၏နှလုံးကို အသင့်ပြင်ဆင်ရန် အချိန်ယူပါ။ (၆ရာ. ၁၉:၃၊ကဘ) ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၄ နှင့် ၂၀၀၄ပြက္ခဒိန်တို့တွင် ဖော်ပြထားသည့် အောက်မေ့ရာပွဲအတွက် အထူးကျမ်းစာဖတ်ရှုခြင်းအပေါ် တွေးတောဆင်ခြင်ပါ။ အချို့သူတို့သည် မိသားစုသင်အံမှုတွင် အကြီးမြတ်ဆုံးလူသား စာအုပ်၊ အခန်း ၁၁၂-၁၆ ကို ပြန်သုံးသပ်ကြသည်။ အခြားသူတို့မူ သစ္စာနှင့်သတိပညာရှိ ကျွန်အတန်းအစားမှတစ်ဆင့် ပြင်ဆင်ထားသော အခြားလေ့လာမှုအထောက်အကူပြုစာပေများကို အသုံးပြု၍ ထပ်ဆင့်သုတေသနပြုကြသည်။ (မ. ၂၄:၄၅-၄၇) ကျွန်ုပ်တို့အားလုံးသည် စိတ်ထက်သန်စွာဆုတောင်းရာတွင် ရွေးနုတ်ဖိုးလက်ဆောင်အကြောင်းကို ဖော်ပြနိုင်သည်။ (ဆာ. ၅၀:၁၄၊ ၂၃) မှန်ပါသည်၊ ဤအောက်မေ့ရာပွဲကာလအတွင်း ကျွန်ုပ်တို့သည် မိမိတို့အပေါ်ထားသည့် ယေဟောဝါ၏မေတ္တာကို အဆက်မပြတ်သုံးသပ်ကာ ကိုယ်တော်အား ကျွန်ုပ်တို့ချစ်ကြောင်းပြသည့် နည်းလမ်းများကို ရှာကြံနိုင်ကြပါစေ။—မာ. ၁၂:၃၀; ၁ ယော. ၄:၁၀။