“နှလုံးပါလျက်နာခံ” လာရန် အခြားသူများကိုကူညီပါ
၁။ ယေဟောဝါသည် မိမိအား ဝတ်ပြုသူများထံမှ အဘယ်အရာ တောင်းဆိုတော်မူသနည်း။
၁ ယေဟောဝါအား နှစ်သက်လက်ခံတော်မူသည့်နည်းဖြင့် ဝတ်ပြုရာတွင် နာခံမှုသည် မရှိမဖြစ်လိုအပ်၏။ (တရား. ၁၂:၂၈; ၁ ပေ. ၁:၁၄-၁၆) ဘုရားသခင်သည် “ဘုရားသခင်ကိုမသိသောသူ၊ . . . ဧဝံဂေလိ တရားကို နားမထောင်သောသူတို့” ကို မကြာမီ တရားစီရင်တော့မည်။ (၂ သက်. ၁:၈) ဘုရားသခင့်နှုတ်ကပါဌ်တော်သွန်သင်ချက်များကို “နှလုံးပါလျက်နာခံ” လာရန် အခြားသူများကို ကျွန်ုပ်တို့ မည်သို့ကူညီနိုင်သနည်း။—ရော. ၆:၁၇၊ ကဘ။
၂။ အခြားသူတို့အား ယုံကြည်ခြင်းခိုင်ခံ့စေရန် တည်ဆောက်ပေးဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၂ ယုံကြည်ခြင်းနှင့် မေတ္တာတို့ကို တည်ဆောက်ရန် ကူညီခြင်းဖြင့်– ကျမ်းစာတွင် နာခံမှုနှင့် ယုံကြည်ခြင်းကို အနီးကပ်ဆက်စပ်ထား၏။ တမန်တော်ပေါလုက “ယုံကြည်ကာ ကိုယ်တော်၏စကားတော်ကို နာခံလာကြစေရန် နိစ္စထာဝရအသက်ရှင်တော်မူသော ဘုရား၏အမိန့်တော်” အကြောင်းကို ပြောဆိုခဲ့သည်။ (ရော. ၁၆:၂၆၊ ခေတ်သုံးကျမ်း) ဟေဗြဲအခန်းကြီး ၁၁ က ယုံကြည်ခြင်းဆိုင်ရာ ပုံသက်သေများစွာကို ဖော်ပြထားကာ ၎င်းတို့ထဲမှများစွာသည် ယေဟောဝါ၏ ဖော်ပြထားသောအလိုတော်နှင့်အညီ ပြုမူခဲ့ကြသည်။ (ဟေဗြဲ ၁၁:၇၊ ၈၊ ၁၇) အခြားတစ်ဖက်တွင်မူ မနာခံမှုကို ယုံကြည်ခြင်းကင်းမဲ့ခြင်းနှင့် ဆက်စပ်ထား၏။ (ယော. ၃:၃၆; ဟေဗြဲ ၃:၁၈၊ ၁၉) ကျွန်ုပ်တို့သည် အခြားသူတို့တွင် နာခံမှုရှိစေသည့် ယုံကြည်ခြင်းမျိုးရှိဖို့ ကူညီပေးနိုင်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွမ်းကျင်စွာအသုံးပြုတတ်ဖို့လိုသည်။—၂ တိ. ၂:၁၅; ယာ. ၂:၁၄၊ ၁၇။
၃။ (က) နာခံမှုကို မေတ္တာနှင့် မည်သို့ဆက်စပ်ထားသနည်း။ (ခ) ယေဟောဝါကိုချစ်လာရန် ကျမ်းစာသင်သားများအား မည်သို့ကူညီနိုင်သနည်း။
၃ နာခံမှုကို ဘုရားသခင်ကိုချစ်သည့်မေတ္တာနှင့်လည်း ဆက်စပ်ထား၏။ (တရား. ၅:၁၀; ၁၁:၁၊ ၂၂; ၃၀:၁၆) “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟု ၁ ယောဟန် ၅:၃ ကဆို၏။ ယေဟောဝါကိုချစ်လာရန် ကျမ်းစာသင်သားများအား မည်သို့ကူညီနိုင်သနည်း။ သင်အံမှုကျင်းပနေစဉ် ယေဟောဝါ၏ဂုဏ်ရည်တော်များအား လေးမြတ်သည့်သဘောကို တည်ဆောက်ပေးရန် အခွင့်အရေးရှာယူပါ။ ဘုရားသခင်နှင့်ပတ်သက်သော နက်ရှိုင်းလှသည့် သင့်ခံစားချက်များကို ထုတ်ဖော်ပြသပါ။ သင်သားအား ယေဟောဝါနှင့်နှစ်ကိုယ်ကြားဆက်ဆံရေး တိုးတက်လာစေမည့်အရာများကို စဉ်းစားဆင်ခြင်ဖို့ ကူညီပါ။ အခြားမည်သည့်အရာထက်မဆို ယေဟောဝါကိုချစ်သည့်မေတ္တာက အခြားသူများကိုသာမက ကျွန်ုပ်တို့ကိုပါ ကိုယ်တော်အား နှလုံးပါလျက်နာခံရန် လှုံ့ဆော်ပေးလိမ့်မည်။—မ. ၂၂:၃၇။
၄။ (က) ကျွန်ုပ်တို့၏ပုံသက်သေသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) “နာခံမှုရှိသောနှလုံး” ကိုပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ရမည်နည်း။
၄ ကျွန်ုပ်တို့၏ပုံသက်သေအားဖြင့်– သတင်းကောင်းကိုနာခံရန် အခြားသူတို့အား ကျွန်ုပ်တို့ကူညီနိုင်သည့် အစွမ်းထက်သောနည်းတစ်နည်းမှာ ကျွန်ုပ်တို့၏ပုံသက်သေအားဖြင့်ဖြစ်၏။ သို့သော် “နာခံမှုရှိသောနှလုံး” ကိုပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့ဘက်မှ အစဉ်မပြတ်ကြိုးစားဖို့လိုသည်။ (၃ ရာ. ၃:၉၊ ကဘ; သု. ၄:၂၃) ၎င်းတွင် အဘယ်အရာပါဝင်သနည်း။ ပုံမှန် ကျမ်းစာလေ့လာကာ အစည်းအဝေးတက်ရောက်ခြင်းဖြင့် သင်၏နှလုံးကို အစားကျွေးဖို့လိုသည်။ (ဆာ. ၁:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) စစ်မှန်သောဝတ်ပြုရေး၌ နှလုံးစုစည်းထားသူများနှင့် ရှာဖွေပေါင်းဖော်ပါ။ (သု. ၁၃:၂၀) သင့်ရပ်ကွက်ရှိလူတို့ကို အမှန်တကယ်ကူညီလိုစိတ်ဖြင့် လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ပါ။ ကောင်းမွန်သောနှလုံးကို ပြုစုပျိုးထောင်ရာတွင် ကျွန်ုပ်တို့အား လမ်းညွှန်ပေးဖို့ ယေဟောဝါ၏အကူအညီကို တောင်းခံပါ။ (ဆာ. ၈၆:၁၁) အကျင့်ပျက်သည့် သို့မဟုတ် ကြမ်းတမ်းသည့်ဖျော်ဖြေမှုကဲ့သို့သော သင့်နှလုံးကို ယိုယွင်းစေနိုင်သည့်အရာများကို ရှောင်ပါ။ ဘုရားသခင်နှင့် သာ၍နီးကပ်စေသည့်၊ ကိုယ်တော်နှင့် သင်၏ဆက်ဆံရေး ခိုင်မြဲစေသည့်အရာများကို လိုက်စားပါ။—ယာ. ၄:၇၊ ၈။
၅။ နာခံမှုရှိသူများသည် မည်သို့ကောင်းချီးခံစားရသနည်း။
၅ ကိုယ်တော့်စကားကို နားထောင်ပါက သူတို့အပေါ် ကောင်းချီးသွန်းလောင်းမည်ဟု မိမိ၏ရှေးခေတ်လူမျိုးကို ယေဟောဝါ အာမခံခဲ့သည်။ (တရား. ၂၈:၁၊ ၂) ထိုနည်းတူ ယနေ့ “ကိုယ်တော်အား အုပ်စိုးရှင်အဖြစ်နာခံသောသူတို့” ကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးနေသည်။ (တ. ၅:၃၂၊ ကဘ) ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏သွန်သင်ခြင်းနှင့် ပုံသက်သေအားဖြင့် နှလုံးပါလျက်နာခံလာရန် အခြားသူတို့အား ကူညီပေးနိုင်ကြပါစေ။