သင်၌ ‘နာခံသည့်နှလုံး’ ရှိသလော
ရှောလမုန်သည် ရှေးဣသရေလနိုင်ငံ၏ဘုရင်ဖြစ်လာသောအခါ မိမိမစွမ်းဆောင်နိုင်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင့်ထံတော်မှ ဉာဏ်ပညာနှင့်အသိပညာကို တောင်းလျှောက်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁:၁၀) ရှောလမုန်က “ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ကျွန်တို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကိုပိုင်းခြား၍သိတတ်သောဉာဏ် [“နာခံသည့်နှလုံး၊” ကဘ] ကို ပေးသနားတော်မူပါ” ဟုလည်း ဆုတောင်းခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၉၊ ကဘ) ရှောလမုန်၌ “နာခံသည့်နှလုံး” ရှိခဲ့မည်ဆိုပါက သူသည် ဘုရားသခင့်ပညတ်များနှင့်မူများကို လိုက်လျှောက်ပြီး ယေဟောဝါ၏ကောင်းချီးများကို ခံစားရမည်ဖြစ်သည်။
နာခံသည့်နှလုံးသည် ဝန်ထုပ်ကြီးမဟုတ်ဘဲ ရွှင်လန်းမှု၏ပင်ရင်းဖြစ်သည်။ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” (၁ ယောဟန် ၅:၃) ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံသင့်သည်မှာ သေချာပါသည်။ အမှန်မှာ ယေဟောဝါသည် ကျွန်ုပ်တို့၏ ကြီးမြတ်သောဖန်ဆင်းရှင်ဖြစ်သည်။ ကမ္ဘာနှင့်ယင်း၌ရှိသည့်အရာအားလုံး၊ ငွေနှင့်ရွှေအားလုံးသည် ကိုယ်တော်ပိုင်ဆိုင်ရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား အဘယ်ရုပ်ပစ္စည်းကိုမျှ ကျွန်ုပ်တို့မပေးနိုင်သော်လည်း ကိုယ်တော်အားချစ်မြတ်နိုးကြောင်းဖော်ပြရန် ကျွန်ုပ်တို့၏ငွေအင်အားကိုအသုံးပြုခွင့် ပေးတော်မူသည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၄) ကျွန်ုပ်တို့သည် ကိုယ်တော်အားချစ်မြတ်နိုး၍ ကိုယ်တော်နှင့်အတူ နှိမ့်ချစွာလျှောက်လှမ်းကာ ကိုယ်တော့်အလိုတော်ကိုဆောင်ဖို့ ယေဟောဝါမျှော်လင့်တော်မူသည်။—မိက္ခာ ၆:၈။
အဘယ်မည်သောပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု ယေရှုခရစ်အမေးခံရသောအခါ ကိုယ်တော်က “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့်ချစ်လော့၊ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၂:၃၆-၃၈) ထိုသို့သောမေတ္တာကိုဖော်ပြသည့် နည်းတစ်နည်းမှာ ဘုရားသခင်ကိုနာခံခြင်းဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့အား နာခံသည့်နှလုံးကိုပေးပါမည်အကြောင်း ကျွန်ုပ်တို့တစ်ဦးစီ ဆုတောင်းသင့်သည်။
သူတို့ နာခံသည့်နှလုံးရှိခဲ့
ကျမ်းစာ၌ နာခံသည့်နှလုံးရှိသူတို့၏ ပုံသက်သေအမြောက်အမြားရှိသည်။ ဥပမာ၊ အသက်ရှင်ကျန်ရေးအတွက် ဧရာမသင်္ဘောကြီးတစ်စင်းဆောက်ဖို့ နောဧကိုယေဟောဝါမိန့်တော်မူခဲ့သည်။ ယင်းသည် နှစ်ပေါင်း ၄၀ သို့မဟုတ် ၅၀ ခန့်ကြာသည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ မျက်မှောက်အချိန်ရှိ ခေတ်မီစက်ကိရိယာနှင့် အခြားလက်နက်ပစ္စည်းအားလုံးဖြင့်ပင် ရေပေါ်ပေါ်နိုင်မည့် ထိုသို့သော ဧရာမသင်္ဘောကြီးကိုဆောက်ရန်မှာ ယန္တရားဆိုင်ရာထူးခြားဆောင်ရွက်ချက်ဖြစ်မည်။ ထို့အပြင် နောဧသည် မိမိကိုလှောင်ပြောင်ပြက်ရယ်ပြုသူများကို သတိပေးခဲ့ရသည်။ သို့သော် သူသည် တစ်သဝေမတိမ်းနာခံခဲ့သည်။ ကျမ်းစာက “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏” ဟုဆိုသည်။ (ကမ္ဘာဦး ၆:၉၊ ၂၂; ၂ ပေတရု ၂:၅) နောဧသည် နှစ်ပေါင်းများစွာ သစ္စာရှိရှိနာခံခြင်းဖြင့် ယေဟောဝါကိုချစ်ကြောင်းပြသခဲ့သည်။ ကျွန်ုပ်တို့အားလုံးအတွက် မည်မျှကောင်းသည့်ပုံသက်သေပါတကား!
ဘိုးဘေးအာဗြဟံကိုလည်း စဉ်းစားကြည့်ပါ။ ဘုရားသခင်က ချမ်းသာကြွယ်ဝသည့် ခါလဒဲပြည်ဥရမြို့မှ မသိသည့်တိုင်းပြည်တစ်ခုသို့ပြောင်းရွှေ့ရန် သူ့အားမိန့်တော်မူခဲ့သည်။ အာဗြဟံသည် စောဒကမတက်ဘဲနာခံခဲ့သည်။ (ဟေဗြဲ ၁၁:၈) ကျန်သောအသက်တာတစ်လျှောက် သူနှင့်သူ့မိသားစုသည် တဲများတွင်နေထိုင်ခဲ့ကြ၏။ ထိုပြည်၌ တည်းခိုသူအဖြစ် နှစ်ပေါင်းများစွာနေထိုင်ပြီးနောက် သူနှင့်သူ၏နာခံမှုရှိသောဇနီးကို ဣဇာက်အမည်ရှိသောသားဖြင့် ယေဟောဝါ ကောင်းချီးပေးတော်မူခဲ့သည်။ အသက် ၁၀၀ အရွယ်ရှိအာဗြဟံသည် မိမိသက်ကြီးရွယ်အိုပိုင်း၌ရသောသားကို မည်မျှချစ်ခဲ့ပါမည်တကား! နှစ်အနည်းငယ်ကြာပြီးနောက် ယေဟောဝါသည် ဣဇာက်ကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် အာဗြဟံအားတောင်းဆိုတော်မူသည်။ (ကမ္ဘာဦး ၂၂:၁၊ ၂) ထိုသို့ပြုရန်စဉ်းစားရုံဖြင့်ပင် အာဗြဟံသည် အလွန်စိတ်ထိခိုက်ခဲ့ပေမည်။ သို့သော်လည်း သူသည် ယေဟောဝါကိုချစ်ပြီး ကိုယ်တော်သည် ဣဇာက်ကိုသေခြင်းမှထမြောက်စေရဦးတော့ ကတိထားရာမျိုးနွယ်သည် ဣဇာက်မှတစ်ဆင့်လာမည်ကို ယုံကြည်သောကြောင့် ဆက်၍နာခံခဲ့သည်။ (ဟေဗြဲ ၁၁:၁၇-၁၉) သို့သော် အာဗြဟံသည် မိမိသားကိုသတ်မည်ပြုသောအခါ သူ့အားယေဟောဝါတားဆီး၍ “သင်သည်ဘုရားသခင်ကိုကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၏တစ်ယောက်တည်းသောသားကို ငါတောင်း၍၊ သင်သည်ငါ့ကိုမငြင်းဟုမိန့်တော်မူ၏။” (ကမ္ဘာဦး ၂၂:၁၂) သူ၏နာခံမှုကြောင့် ဘုရားသခင်ကိုကြောက်ရွံ့သောအာဗြဟံသည် ‘ယေဟောဝါ၏အဆွေ’ ဟုခေါ်ဝေါ်ခံခဲ့ရသည်။—ယာကုပ် ၂:၂၃။
ယေရှုခရစ်သည် နာခံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အတွက် အကောင်းဆုံးပုံသက်သေဖြစ်သည်။ လူသားဘဝမတိုင်မီအချိန်အတွင်း မိမိ၏ကောင်းကင်ခမည်းတော်ကို နာခံမှုရှိစွာအမှုဆောင်ခြင်း၌ ကိုယ်တော်ပျော်မွေ့ခဲ့သည်။ (သု. ၈:၂၂-၃၁) ယေရှုသည် လူသားတစ်ဦးအနေနှင့် အရာရာတိုင်း၌ ယေဟောဝါကိုနာခံပြီး ကိုယ်တော့်အလိုတော်ဆောင်ခြင်း၌ပျော်မွေ့ခဲ့သည်။ (ဆာလံ ၄၀:၈; ဟေဗြဲ ၁၀:၉) ထို့ကြောင့်ယေရှုက “ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည်ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကို . . . သင်တို့သည်သိကြလိမ့်မည်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကိုတစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည်စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟုမှန်ကန်စွာပြောနိုင်ခဲ့သည်။ (ယောဟန် ၈:၂၈၊ ၂၉) နောက်ဆုံးတွင် ယေရှုသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းစေရန်နှင့် နာခံမှုရှိသောလူသားတို့ကို ရွေးနုတ်ရန် အရှက်တကွဲနှင့်နာကျင်စွာအသေခံပြီး မိမိ၏အသက်ကို လိုလိုလားလားပေးခဲ့သည်။ “ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်။ လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။” (ဖိလိပ္ပိ ၂:၈) နာခံသည့်နှလုံးကို ထင်ရှားပြသခြင်း၌ ပုံသက်သေကောင်းပါတကား!
တစ်ဝက်တစ်ပျက်နာခံခြင်း မလုံလောက်
ဘုရားသခင်ကို နာခံသည်ဟုဆိုသူတိုင်း အမှန်တကယ်နာခံသည်မဟုတ်ပါ။ ရှေးဣသရေလရှင်ဘုရင် ရှောလုကို စဉ်းစားကြည့်ပါ။ အာမလက်လူဆိုးများကို သုတ်သင်ပစ်ရန် သူ့အားဘုရားသခင်ညွှန်ကြားခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၅:၁-၃) ရှောလုသည် လူမျိုးတစ်မျိုးအနေနှင့် သူတို့ကိုဖျက်ဆီးခဲ့သော်လည်း သူတို့၏ဘုရင်ကိုချန်လပ်ထားကာ သိုးနွားတို့ကိုမဖျက်ဆီးခဲ့ပါ။ ရှမွေလက “သင်သည်ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ . . . အဘယ်ကြောင့်ပြုမိသနည်း” ဟုမေးလေသည်။ ပြန်ဖြေဆိုရာ၌ ရှောလုက “အကျွန်ုပ်သည် ထာဝရဘုရား၏အမိန့်တော်ကို ဧကန်အမှန်နားထောင်ပါပြီ။ . . . [ဣသရေလ] လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာ လုယူသောသိုးနွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူကြပါပြီ” ဟုပြောဆို၏။ အပြည့်အဝနာခံရန်လိုကြောင်းကို အလေးပေးလျက် ရှမွေလက ဤသို့ပြန်ဆို၏– “ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကိုပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏။ ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကိုသုံးခြင်းကဲ့သို့လည်းကောင်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏စကားတော်ကိုပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီ။” (၁ ဓမ္မရာဇဝင် ၁၅:၁၇-၂၃) နာခံသည့်နှလုံးမရှိသောကြောင့် ရှောလုသည် မည်မျှဆုံးရှုံးခဲ့ပါသည်တကား!
နာခံသည့်နှလုံးအတွက်ဆုတောင်းခဲ့သော ပညာရှိရှောလမုန်မင်းသည်ပင် ယေဟောဝါအား ဆက်၍မနာခံခဲ့ပါ။ ဘုရားသခင့်အလိုတော်နှင့်ဆန့်ကျင်လျက် ဘုရားသခင်အားပြစ်မှားစေသူ တိုင်းတစ်ပါးအမျိုးသမီးများကို သူထိမ်းမြားခဲ့သည်။ (နေဟမိ ၁၃:၂၃၊ ၂၆) ရှောလမုန်သည် နာခံသည့်နှလုံးဆက်မရှိခဲ့သောကြောင့် ဘုရားသခင့်မျက်နှာသာတော်ကို ဆုံးရှုံးခဲ့သည်။ ယင်းသည် ကျွန်ုပ်တို့အတွက် တကယ့်သတိပေးချက်ပါတကား!
ယင်းက ယေဟောဝါသည် မိမိ၏လူသားကျေးကျွန်များထံမှ စုံလင်မှုကိုတောင်းဆိုသည်ဟု မဆိုလိုပါ။ ကိုယ်တော်သည် ‘ကျွန်ုပ်တို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူသည်။’ (ဆာလံ ၁၀၃:၁၄) ကျွန်ုပ်တို့အားလုံးသည် ရံဖန်ရံခါအမှားများပြုမိတတ်ကြသော်လည်း ကျွန်ုပ်တို့၌ ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုသည့် လှိုက်လှဲသောဆန္ဒရှိမရှိ ဘုရားသခင်သိမြင်နိုင်သည်။ (၂ ရာဇဝင်ချုပ် ၁၆:၉) လူ့မစုံလင်မှုကြောင့် ကျွန်ုပ်တို့အမှားပြုမိလျှင် နောင်တယူမည်ဆိုပါက ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို အမှီပြု၍ ခွင့်လွှတ်ခြင်းကိုတောင်းဆိုနိုင်ကာ ယေဟောဝါသည် “အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်” ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ (ဟေရှာယ ၅၅:၇; ၁ ယောဟန် ၂:၁၊ ၂) မေတ္တာရှိခရစ်ယာန်အကြီးအကဲများ၏ အကူအညီလည်းလိုပေမည်။ သို့အားဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရနာလန်ထူလာနိုင်ပြီး ကျန်းခံ့သောယုံကြည်ခြင်းနှင့် နာခံသည့်နှလုံးကိုရရှိနိုင်မည်ဖြစ်သည်။—တိတု ၂:၂; ယာကုပ် ၅:၁၃-၁၅။
သင့်နာခံမှုသည် မည်မျှပြည့်ဝသနည်း
ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့အများစုသည် နာခံသည့်နှလုံးရှိပါသည်ဟု အမှန်ယူမှတ်ကြမည်။ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်ပါဝင်နေသည်မဟုတ်လော။ ကြားနေခြင်းကဲ့သို့သော ကိစ္စရပ်များပေါ်ပေါက်လာသည့်အခါ ခိုင်မြဲစွာကျွန်ုပ်ရပ်တည်သည်မဟုတ်လော။ တမန်တော်ပေါလုတိုက်တွန်းသည့်အတိုင်း ခရစ်ယာန်စည်းဝေးများကို ကျွန်ုပ်မှန်မှန်တက်ရောက်သည်မဟုတ်လောဟု ဆင်ခြင်မိပေမည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ယောဟန် ၁၇:၁၆; ဟေဗြဲ ၁၀:၂၄၊ ၂၅) ယေဟောဝါ၏လူမျိုးတော်တစ်ရပ်လုံးအနေနှင့် ယင်းသို့သော အရေးကြီးသည့်ကိစ္စရပ်များတွင် နှလုံးလှိုက်လှဲစွာနာခံကြသည်မှာ မှန်ပါသည်။
သို့သော် သေးငယ်ဟန်ရှိသည့် နေ့စဉ်အမှုကိစ္စများ၌ ကျွန်ုပ်တို့၏အကျင့်အကြံကောမည်သို့နည်း။ ယေရှုက “အနည်းငယ်သောအမှု၌သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာမရှိ” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၆:၁၀) ထို့ကြောင့် သေးငယ်သည့်အရာများ သို့မဟုတ် အခြားသူများသိပင်မသိသည့် ကိစ္စရပ်များနှင့်ပတ်သက်သည့်အခါ ကျွန်ုပ်၌ နာခံသောနှလုံးရှိပါသလောဟု တစ်ဦးစီအနေနှင့် ကိုယ့်ကိုယ်ကိုမေးလိုပေမည်။
ဆာလံဆရာက အခြားသူများမမြင်ရသည့် မိမိအိမ်ထဲ၌ပင် “သန့်ရှင်းသောစိတ်နှလုံးနှင့်ကျင့်” ကြောင်းပြသခဲ့သည်။ (ဆာလံ ၁၀၁:၂) သင်သည်အိမ်ထဲထိုင်နေစဉ် ရုပ်မြင်သံကြားကိုဖွင့်၍ ရုပ်ရှင်စတင်ကြည့်ပေမည်။ ထိုတွင် သင့်နာခံမှုစမ်းသပ်ခံရနိုင်သည်။ ရုပ်ရှင်သည် အကျင့်ပျက်ခြင်းအကြောင်းဖြစ်နေပေမည်။ ယနေ့ပြသမျှရုပ်ရှင်သည် ဤသို့ပင်ဖြစ်သည်ဟု အကြောင်းပြပြီး ဆက်ကြည့်နေမည်လော။ သို့မဟုတ် သင်သည် ‘မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်းအမှုတို့ကို စကားနှင့်မျှမဆက်ဆံကြနှင့်’ ဟူသည့် ကျမ်းစာအမိန့်ကိုလိုက်နာရန် သင့်နာခံသည့်နှလုံးက သင့်အားလှုံ့ဆော်ပေးမည်လော။ (ဧဖက် ၅:၃-၅) ဇာတ်လမ်းသည် ဆွဲဆောင်မှုကောင်းသည့်တိုင် တီဗွီကို သင်ပိတ်ပစ်မည်လော။ သို့မဟုတ် အစီအစဉ်တစ်ခုသည် အကြမ်းဖက်လာမည်ဆိုပါက လိုင်းပြောင်းလိုက်မည်လော။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူကိုစုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည်မုန်းတော်မူ၏” ဟုဆာလံဆရာသီဆိုခဲ့သည်။—ဆာလံ ၁၁:၅။
နာခံသည့်နှလုံးက ကောင်းချီးများကိုဖြစ်စေ
ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှလုံးထဲမှအမှန်တကယ်နာခံသည် မနာခံသည်ကိုအကျိုးရှိစွာ ကိုယ့်ကိုယ်ကိုဆန်းစစ်နိုင်သည့် ဘဝကဏ္ဍများစွာရှိသည်။ ယေဟောဝါအားချစ်သည့် ကျွန်ုပ်တို့၏မေတ္တာက ကိုယ်တော့်စိတ်တော်နှင့်တွေ့စေဖို့၊ ကိုယ်တော့်နှုတ်တော်ထွက်သမ္မာကျမ်းစာ၌ ပြောထားရာကိုလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သည်။ နာခံသည့်နှလုံးက ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းထားရန် ကျွန်ုပ်တို့အားအကူအညီပေးလိမ့်မည်။ အမှန်မှာ ကျွန်ုပ်တို့အပြည့်အဝနာခံကြမည်ဆိုလျှင် ‘ကျွန်ုပ်တို့ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ယေဟောဝါရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်’ ပါလိမ့်မည်။—ဆာလံ ၁၉:၁၄။
ကျွန်ုပ်တို့ကိုယေဟောဝါချစ်သောကြောင့် ကျွန်ုပ်တို့အကျိုးအတွက် နာခံရန်သွန်သင်ပေးတော်မူသည်။ မြင့်မြတ်သောသွန်သင်ခြင်းကို နှလုံးအကြွင်းမဲ့ဂရုစိုက်ခြင်းဖြင့် ကြီးမားသောအကျိုးကျေးဇူးကို ကျွန်ုပ်တို့ခံစားကြရသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ထို့ကြောင့် ကိုယ်တော့်နှုတ်မြွက်စကားတော်၊ ကိုယ်တော့်ဝိညာဉ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့်ပေးသည့် ကောင်းကင်ခမည်းတော်၏ အကူအညီကို ဝမ်းမြောက်စွာလက်ခံကြစို့လေ။ “ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့” ဟုကျွန်ုပ်တို့နောက်၌ပြောသောအသံကို ကြားရဘိသကဲ့သို့ ကျွန်ုပ်တို့သည် ကောင်းစွာသွန်သင်ခံနေကြရသည်။ (ဟေရှာယ ၃၀:၂၁) ယေဟောဝါသည် ကျွန်ုပ်တို့အား ကျမ်းစာ၊ ခရစ်ယာန်စာပေများနှင့် အသင်းတော်စည်းဝေးများမှတစ်ဆင့် သွန်သင်ပေးစဉ် အာရုံစိုက်၍ တတ်သိလာရာများကိုလက်တွေ့ကျင့်သုံးကာ “အရာရာ၌နားထောင်” နိုင်ကြပါစေ။—၂ ကောရိန္သု ၂:၉။
နာခံသည့်နှလုံးက ရွှင်လန်းမှုနှင့်ကောင်းချီးများစွာကို ခံစားစေမည်။ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်၏စိတ်တော်နှင့်တွေ့ပြီး ကိုယ်တော့်နှလုံးကိုရွှင်ပြုံးစေကြသည်ကို သိမည်ဖြစ်သောကြောင့် စိတ်ငြိမ်သက်မှုရမည်ဖြစ်သည်။ (သု. ၂၇:၁၁) အမှားပြုရန်သွေးဆောင်ခံရသောအခါ နာခံမှုရှိသောနှလုံးက ကျွန်ုပ်တို့ကိုကာကွယ်ပေးမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို နာခံသင့်ပြီး ‘ကိုယ်တော်၏ကျွန်အား နာခံသည့်နှလုံးကိုပေးသနားတော်မူပါ’ ဟု ဆုတောင်းသင့်သည်။
[Picture Credit Line on page 29]
From the Self-Pronouncing Edition of the Holy Bible, containing the King James and the Revised versions