အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေသောလူငယ်များ
၁။ ခရစ်ယာန်များသည် သိသာထင်ရှားမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ ထိုစကားများသည် ယနေ့ ခရစ်ယာန်လူငယ်များနှင့် မည်သို့သက်ဆိုင်သနည်း။
၁ ယေရှုက တပည့်တော်များအား “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏” ဟုမိန့်မှာခဲ့သည်။ (မ. ၅:၁၄၊ ၁၆) နေရောင်အောက် တဖိတ်ဖိတ်တောက်နေသည့် တောင်ထိပ်ပေါ်ရှိ မြို့တစ်မြို့ကဲ့သို့ သူတို့သည် သိသာထင်ရှားနေမည်။ ယနေ့ ခရစ်ယာန်လူငယ်များစွာသည် သူတို့၏ဖြောင့်မတ်သောအမူအကျင့်နှင့် ထက်ထက်သန်သန်သက်သေခံခြင်းတို့ဖြင့် “ဤလောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေ” ကြသည်။—ဖိ. ၂:၁၅၊ ကဘ; မာလ. ၃:၁၈။
၂။ ဆရာ၊ ဆရာမများနှင့် အတန်းဖော်များကို သင် သက်သေခံနိုင်သောနည်းလမ်းအချို့ကား အဘယ်နည်း။
၂ ကျောင်းတွင်– ကျောင်းတွင် သင် မည်သို့သက်သေခံနိုင်သနည်း။ လူငယ်အချို့သည် မူးယစ်ဆေး၊ ဆင့်ကဲဖြစ်စဉ်၊ မီးလောင်တိုက်သွင်းခြင်းကဲ့သို့သော အကြောင်းအရာများကို အတန်းလိုက်ဆွေးနွေးမှုများတွင် အကျိုးရှိရှိအသုံးပြုခဲ့ကြသည်။ ညီအစ်မတစ်ဦးသည် အကြမ်းဖက်ဝါဒအကြောင်း စာစီစာကုံးရေးရန် တာဝန်ရရှိခဲ့ရာ လူသားတို့အတွက် စစ်မှန်သောမျှော်လင့်ချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံရန် ထိုအခွင့်အရေးကို အသုံးချခဲ့သည်။ ကောင်းစွာကြိုတင်စီစဉ်ထားသည့် ရေးသားချက်ကြောင့် ဆရာမ၏စိတ်ထဲစွဲမှတ်သွားရာ ယင်းက နောက်ထပ်သက်သေခံရန် လမ်းပွင့်စေသည်။
၃။ ကျောင်းတွင် သင်၏အလင်းကို အမူအကျင့်ဖြင့် မည်သို့ထွန်းလင်းစေနိုင်သနည်း။
၃ အလင်းဆောင်သူများအဖြစ်ထွန်းလင်းရန် နောက်တစ်နည်းမှာ သင်၏အမူအကျင့်နှင့် ဣန္ဒြေရှိသောဝတ်စားဆင်ယင်မှုအားဖြင့်ဖြစ်၏။ (၁ ကော. ၄:၉; ၁ တိ. ၂:၉) သင်၏အမူအကျင့်သည် ထူးခြားနေကြောင်း ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများ တွေ့ မြင် သည့်အခါ သင်၏အမူအကျင့်ကောင်းကြောင့် တချို့သည် သမ္မာတရားသို့ ဆွဲဆောင်ခံရနိုင်ပြီး ယင်းကြောင့် ကျမ်းစာသမ္မာတရားဝေမျှရန် အခွင့်အရေးရနိုင်သည်။ (၁ ပေ. ၂:၁၂; ၃:၁၊ ၂) ဘုရားရေးရာအမူအကျင့်ပြရန် လွယ်ကူမည်မဟုတ်သော်လည်း ယေဟောဝါသည် သင့်အား ကြွယ်ဝစွာကောင်းချီးပေးတော်မူမည်။ (၁ ပေ. ၃:၁၆၊ ၁၇; ၄:၁၄) သတင်းကောင်းအပေါ် စိတ်ဝင်စားမှုနှိုးဆွပေးရန် သင်သည် ကျောင်းခေတ္တနားချိန်တွင် ကျမ်းစာစာပေများကို ဖတ်ရှုနိုင်သည် သို့မဟုတ် အခြားသူများမြင်နိုင်သောနေရာတွင် ယင်းတို့ကိုထားနိုင်သည်။
၄။ ကျောင်းတွင်သက်သေခံခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
၄ ကျောင်းတွင် သင်၏အလင်းကိုထွန်းလင်းခြင်းက သင်၏ယုံကြည်ခြင်းကို ခိုင်မြဲစေရုံမက ယေဟောဝါ၏အမှုတော်ဆောင်ရာတွင် သင့်ကို ဂုဏ်ရှိစေ၏။ (ယေ. ၉:၂၄) ယင်းက အကာအကွယ်လည်းဖြစ်စေသည်။ “ကျွန်မရဲ့ယုံကြည်ချက်တွေကိုပြောပြတဲ့အတွက် ကျမ်းစာနဲ့မညီတဲ့အရာတွေလုပ်ဖို့ ကျောင်းသူကျောင်းသားတွေ ဖိအားမပေးတော့တဲ့ အကျိုးကျေးဇူးကို ကျွန်မရရှိတယ်” ဟုညီအစ်မတစ်ဦးက ပြောပြသည်။
၅။ (က) လူငယ်အချို့သည် ဓမ္မအမှုကို မည်သို့တိုးချဲ့နေသနည်း။ (ခ) သင်၏ဝိညာဉ်ရေးပန်းတိုင်များကား အဘယ်နည်း။
၅ လုပ်ငန်းတော်ကိုတိုးချဲ့ခြင်း– အလင်းဆောင်သူများအဖြစ် လူငယ်များစွာ ထွန်းလင်းနေသည့် နောက်တစ်နည်းမှာ ဓမ္မအမှုကို တိုးချဲ့ခြင်းအားဖြင့်ဖြစ်၏။ အထက်တန်းကျောင်းပြီးနောက် ညီအစ်ကိုတစ်ဦးသည် နိုင်ငံတော်ကြွေးကြော်သူများ သာ၍လိုအပ်သည့်နေရာတွင် အမှုဆောင်ရန် ပြောင်းရွှေ့ခဲ့သည်။ သူသည် အကြီးအကဲတစ်ဦးတည်းရှိသည့် အသင်းတော်ငယ်လေးတစ်ခုနှင့် ပူးပေါင်းခဲ့သည်။ မိတ်ဆွေတစ်ဦးထံ သူဤသို့စာရေးခဲ့သည်– “ဒီမှာနေရတာ သိပ်ပျော်ဖို့ကောင်းတယ်။ အမှုဆောင်ရတာ တကယ်အားရှိတယ်! ပြောသမျှအားလုံးကို လူတွေနားထောင်ချင်ကြတဲ့အတွက် တစ်အိမ်စီမှာ မိနစ် ၂၀ လောက်ပဲပြောရတယ်။ လူငယ်တိုင်းကို ဒီလိုမျိုးအမှုဆောင်ပြီး ကျွန်တော်ခံစားရသလို ခံစားစေချင်တယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ယေဟောဝါအမှုတော်ထမ်းဆောင်တာထက် ပိုကောင်းတဲ့အရာ ဘာမှမရှိဘူး။”
၆။ သင့်အသင်းတော်ရှိလူငယ်များနှင့်ပတ်သက်၍ သင် အဘယ်အရာကို ဂုဏ်ယူသနည်း။
၆ လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေကြသည့် အသင်လူငယ်များအတွက် ကျွန်ုပ်တို့အလွန်ဂုဏ်ယူပါသည်! (၁ သက်. ၂:၂၀) သင်တို့သည် နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့၊ စိတ်ရှိသမျှ၊ အစွမ်းခွန်အားရှိသမျှနှင့် ယေဟောဝါ၏အမှုတော်ဆောင်ပါက ‘ယခုကာလ၌ အဆတစ်ရာသောအကျိုးနှင့် နောင်တွင် ထာဝရအသက်’ ရရှိမည်ဖြစ်သည်။—မာ. ၁၀:၂၉၊ ၃၀; ၁၂:၃၀။