အကျင့်အကြံကောင်းဖြင့်သက်သေခံခြင်း
၁ ယခုခေတ် စည်းလွတ်ဝါးလွတ်လူ့ဘောင်တွင် လူငယ်များစွာသည် သူတို့၏အသက်တာကို မူးယစ်ဆေး၊ စာရိတ္တယိုယွင်းမှု၊ ပုန်ကန်မှုနှင့်အကြမ်းဖက်မှုတို့ဖြင့် အချည်းနှီးကုန်လွန်စေကြသည်။ ဆန့်ကျင်ဘက်အနေနှင့် ခရစ်ယာန်အသင်းတော်ရှိ ကျန်းခံ့သောလူငယ်များ၏ စံထားအပ်သောအကျင့်အကြံကို မြင်ရသည်မှာနှစ်လိုဖွယ်ကောင်းပြီး ယင်းသည် ယေဟောဝါရှေ့လှပတင့်တယ်နေမည်မှာသေချာသည်။ ယင်းက အခြားသူများအား သမ္မာတရားသို့ဆွဲဆောင်နိုင်သည့် တန်ခိုးထက်မြက်သောသက်သေခံချက်ကိုဖြစ်စေသည်။—၁ ပေ. ၂:၁၂။
၂ ခရစ်ယာန်လူငယ်များ၏အကျင့်အကြံကောင်းက တွေ့ မြင်သူများကိုအကျိုးပြုကြောင်း တွေ့ ကြုံမှုများစွာကဖော်ပြ၏။ ကျောင်းသူတစ်ဦးဖြစ်သော သက်သေခံလူငယ်တစ်ဦးအကြောင်းပြောရာတွင် ကျောင်းဆရာမတစ်ဦးက တစ်တန်းလုံးအား ဤမိန်းကလေး၏ဘုရားသခင်ယေဟောဝါသည် စစ်မှန်သောဘုရားဖြစ်သည်ဟုပြော၏။ သူမဤသို့ပြောရခြင်းမှာ မိန်းကလေး၏အကျင့်အကြံသည် အစဉ်ပင်လေးစားစရာကောင်း၍ဖြစ်၏။ အခြားကျောင်းဆရာတစ်ဦးက အသင်းမသို့ ဤသို့စာရေး၏– “အသင်တို့ဘာသာတွင်ရှိနေသော လူငယ်များနှင့်ပတ်သက်၍ ကျွန်ုပ်ချီးမွမ်းလိုပါသည်။ . . . သင်တို့၏လူငယ်များသည် အမှန်ပင် ပုံသက်သေကောင်းပါသည်။ သူတို့သည် လူကြီးများကိုရိုသေကြသည်။ ထို့အပြင် ယဉ်ကျေးပြီး ဣန္ဒြေရှိရှိဝတ်စားကြသည်။ မိမိတို့ကိုင်ဆောင်သောသမ္မာကျမ်းစာကို ကောင်းစွာနားလည်ကြသည်! ယင်းသည် အမှန်ပင်ဘာသာတရားဖြစ်၏။”
၃ အခြားကျောင်းဆရာမတစ်ဦးသည် သူမ၏အတန်းထဲရှိ ခုနစ်နှစ်အရွယ်သက်သေခံတစ်ဦး၏ ကောင်းမွန်သောအကျင့်အကြံကြောင့် စိတ်စွဲမှတ်သွားရသည်။ သူငယ်၏နူးညံ့သိမ်မွေ့မှုနှင့် နှစ်လိုဖွယ်စရိုက်က သူမကိုဆွဲဆောင်ကာ ယင်းက သူငယ်အား အခြားသူငယ်များနှင့်လုံးဝကွာခြားကြောင်း သိသာစေ၏။ သူယုံကြည်သည့်အရာကြောင့် ခြားနားမှုဖြစ်ရသည်ကို စိတ်ကသိကအောက်မဖြစ်ဘဲ သူ၏ဘာသာရေးယုံကြည်ချက်များအပေါ် သူငယ်၏ လေးနက်သောသဘောထားကြောင့် သူမအထင်ကြီးလေးစားသွားသည်။ သူ၏သြတ္တပ္ပစိတ်သည် လေ့ကျင့်ခံထားရကြောင်း၊ သူသည် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား” နိုင်ကြောင်း သူမတွေ့ မြင်နိုင်ခဲ့သည်။ (ဟေဗြဲ ၅:၁၄) နောက်ဆုံးတွင် သူငယ်လေး၏မိခင်သည် ဆရာမထံလည်ပတ်ပြီး ကျမ်းစာသင်အံမှုစခဲ့သည်။ အချိန်တန်သော် ဆရာမသည် နှစ်ခြင်းခံပြီး နောက်ပိုင်းတွင် မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်လာသည်!
၄ လူငယ်ယောက်ျားလေးတစ်ဦးသည် သူ၏ကျောင်းမှသက်သေခံတစ်ဦး၏ အကျင့်အကြံကောင်းကြောင့် ဩဇာလွှမ်းမိုးခံခဲ့ရ၏။ သူမသည် အမှန်ပင်ထူးခြား၏—အလွန်ယဉ်ကျေး၏၊ အပတ်တကုတ်ကြိုးစား၏၊ အစဉ်ပင် ဣန္ဒြေရှိရှိဝတ်စား၏; ထို့အပြင် အခြားမိန်းကလေးများနှင့်မတူဘဲ သူမသည် ယောက်ျားကလေးများနှင့် ဘယ်သောအခါမျှ ပရောပရည်မနေပါ။ သူမသည် ကျမ်းစာမူအတိုင်းနေထိုင်ကြောင်း သူတွေ့ မြင်နိုင်ခဲ့သည်။ လူငယ်လေးသည် သူမအား သူမ၏ဘာသာရေးယုံကြည်ချက်များနှင့်ပတ်သက်သည့် မေးခွန်းများကိုမေးမြန်းခဲ့ရာ သူသိလိုက်ရသည့်အရာများကြောင့် အထင်ကြီးလေးစားခဲ့သည်။ သူသည် ကျမ်းစာစသင်ပြီး မကြာမီမှာပင် နှစ်ခြင်းခံကာ နောက်ဆုံးတွင် ရှေ့ဆောင်ဓမ္မအမှုနှင့် ဗေသလလုပ်ငန်းတော်တွင် ပါဝင်ခဲ့သည်။
၅ သင်သည် အခြားသူများအား သက်သေခံချက်ကောင်းတစ်ခုပေးရန်ဆန္ဒရှိသော ခရစ်ယာန်လူငယ်တစ်ဦးဖြစ်ပါက အရာရာတွင် သင်၏ကျင့်ကြံပြုမူပုံကို ဂရုစိုက်ပါ။ လောက၏စည်းလွတ်ဝါးလွတ်သဘောထား၊ ရှုမြင်ပုံနှင့် ဘဝပုံစံများကို နှစ်သက်သဘောကျလာခြင်းဖြင့် သင်၏စောင့်ထိန်းမှုကို ဘယ်သောအခါမျှ ယုတ်လျော့ကျဆင်းမသွားစေပါနှင့်။ လယ်ကွင်းဓမ္မအမှုနှင့် အသင်းတော်အစည်းအဝေးများတွင်သာမက ကျောင်းနှင့် အပန်းဖြေခြင်းတွင်ပါဝင်စဉ် သင်၏အပြောအဆိုနှင့် ဝတ်စားဆင်ယင်မှုဖြင့် မြင့်မားသောပုံသက်သေကိုချမှတ်ပါ။ (၁ တိ. ၄:၁၂) တစ်စုံတစ်ဦးသည် သမ္မာတရားကိုစိတ်ဝင်စားလာသောအခါ သင် အမှန်ပင်ရွှင်လန်းပါလိမ့်မည်၊ အကြောင်းမှာ သင်၏အကျင့်အကြံကောင်းအားဖြင့် ‘သင်၏အလင်းကို လင်းနေ’ သောကြောင့်တည်း။—မ. ၅:၁၆။