ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ပြင်ဆင်ထားခြင်းဖြင့်
၁ ဓမ္မအမှုအတွက် ကောင်းစွာပြင်ဆင်ထားခြင်းက အခြားသူများအပေါ် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့ကောင်းစွာပြင်ဆင်ထားသောအခါ မိမိတို့၏တင်ဆက်မှုကို အာရုံများများစိုက်ဖို့မလိုဘဲ အိမ်ရှင်ကို ပို၍အာရုံစိုက်နိုင်သည်။ ထို့ပြင် ယင်းက ကျွန်ုပ်တို့အား ကြောက်ရွံ့စိတ်ကို ကျော်လွှားနိုင်စေပြီး စိတ်ရင်းမှန်ဖြင့်ပြောဆိုစေသည်။ သို့ဖြစ်လျှင် ထိရောက်သောတင်ဆက်မှုတစ်ခုကို မည်သို့ပြင်ဆင်နိုင်သနည်း။
၂ အံဝင်သည့်တင်ဆက်နည်းကိုသုံးပါ– ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ယခင်လထုတ်များတွင် အကြံပြုထားသောတင်ဆက်နည်းများမှ သင့်နယ်မြေအတွက် သင့်လျော်ရာတစ်ခုကိုရွေးပြီး ယင်းကို သင့်ကိုယ်ပိုင်စကားဖြင့် မည်သို့ဖော်ပြနိုင်ကြောင်း သုံးသပ်ပါ။ ယင်းကို သင့်ရပ်ကွက်နှင့် အံဝင်ရန် ပြုပြင်ပြောင်းလဲပါ။ ဥပမာ၊ သင်သည် ဘာသာရေး သို့မဟုတ် လူမျိုးရေးနောက်ခံတစ်ခုခုမှ လူတို့နှင့်တွေ့ဆုံရလေ့ရှိလျှင် သူတို့အား စိတ်ဝင်စားမှုဖြစ်စေနိုင်သည့် တင်ဆက်နည်းကို စဉ်းစားပါ။ သင်စကားပြောဆိုခွင့်ရသူများနှင့်အံဝင်ရန် သင့်တင်ဆက်နည်းကို ပြုပြင်ပြောင်းလဲခြင်းက သူတို့ကို စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားကြောင်း ဖော်ပြသည်။—၁ ကော. ၉:၂၂။
၃ တင်ဆက်နည်းကို စတင်အသုံးပြုသည်နှင့် ကောင်းသည်ထက်ကောင်းအောင် ဆက်၍ပြုပြင်ပါ။ အထူးသဖြင့် နိဒါန်းစကားများသည် အရေးကြီးသောကြောင့် သင့်နိဒါန်းအပေါ် လူတို့တုံ့ပြန်ပုံကို သတိပြုပါ။ အကြောင်းအရာကို သူတို့စိတ်ဝင်စားသလော။ သင်မေးသည့် မေးခွန်းများကို သူတို့တုံ့ပြန်ကြသလော။ မတုံ့ပြန်ပါက ထိရောက်မှုရှိသည့် ချဉ်းကပ်နည်းဖြစ်သည်အထိ ပြုပြင်ပြောင်းလဲပါ။
၄ မှတ်မိရန် အထောက်အကူများ– များစွာသောသူတို့သည် အိမ်တံခါးဝသို့ရောက်သည့်အခါ တင်ဆက်နည်းကို မေ့သွားကြသည်။ ထိုသို့မေ့တတ်လျှင် တင်ဆက်နည်းကို အခြားသူတစ်ဦးအား အသံကျယ်ကျယ်နှင့်ပြောပြ၍ လေ့ကျင့်ဖူးသလော။ ယင်းက ကောင်းစွာသဘောပေါက်ပြီး ရိုးရှင်း၊ ကျိုးကြောင်းဆီလျော်သောနည်းဖြင့် တင်ဆက်ရန် သင့်အား ကူညီပေးနိုင်သည်။ တုံ့ပြန်မှုအမျိုးမျိုးကိုလည်း ကိုင်တွယ်ရန် အသင့်ဖြစ်စေနိုင်သည်။
၅ မှတ်မိရန် နောက်အထောက်အကူတစ်ခုမှာ မှတ်စုစာရွက်ငယ်တစ်ခုပေါ်တွင် သင့်တင်ဆက်နည်းကို အကျဉ်းချုံးရေးမှတ်ထားပြီး အိမ်တံခါးဝရောက်ခါနီးတွင် တစ်ခဏမျှ ပြန်ကြည့်ခြင်းဖြစ်သည်။ ဤမှတ်စုတိုသည် ပို၍သက်သောင့်သက်သာရှိစေပြီး လူတို့နှင့် ကောင်းစွာစကားပြောဆိုနိုင်ရန် အကူအညီဖြစ်စေကြောင်း အချို့သူတို့တွေ့ရှိကြသည်။ ဤနည်းများဖြင့် ကောင်းစွာပြင်ဆင်ထားခြင်းသည် အခြားသူများအပေါ် ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုပြရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်ကာ ယင်းသို့အားဖြင့် ကျွန်ုပ်တို့၏ သတင်းကောင်းတင်ဆက်မှုကို တိုးတက်စေနိုင်သည်။