ကျွန်ုပ်တို့ အဘယ်ကြောင့် ထပ်ခါထပ်ခါ ပြန်သွားရ
၁။ ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အဘယ်မေးခွန်း ပေါ်ပေါက်လာသနည်း။
၁ ဒေသများစွာတွင် ကျွန်ုပ်တို့သည် ရပ်ကွက်တစ်ခုကို မကြာခဏ ပြန်သွားကြရသည်။ အိမ်ရှင်သည် စိတ်မဝင်စားဟုပြောထားပြီးဖြစ်သည့်တိုင် ထိုအိမ်များသို့ ထပ်ခါထပ်ခါပြန်သွားနေကြသည်။ ယခင်က ကောင်းစွာမတုံ့ပြန်သူများထံ အဘယ်ကြောင့် ဆက်သွားနေကြသနည်း။
၂။ ဓမ္မအမှုတွင် ဇွဲရှိရှိပါဝင်နေရသည့် အဓိကအကြောင်းရင်းမှာ အဘယ်နည်း။
၂ ယေဟောဝါနှင့် လူသားချင်းကိုချစ်ခြင်း– ဓမ္မအမှုတွင် ကျွန်ုပ်တို့ ဇွဲရှိရှိပါဝင်နေရသည့် အဓိကအကြောင်းရင်းမှာ ယေဟောဝါကိုချစ်သောကြောင့်ဖြစ်သည်။ ကြီးမြတ်လှသောဘုရားသခင်အကြောင်း အခြားသူများကို ဆက်ပြောပြရန် ကျွန်ုပ်တို့၏စိတ်နှလုံးက လှုံ့ဆော်ပေးသည်။ (လု. ၆:၄၅) ယေဟောဝါကိုချစ်သောမေတ္တာက ကိုယ်တော့်ပညတ်များကို နာခံရန်နှင့် အခြားသူများကိုလည်း ထိုသို့နာခံရန် ကူညီပေးဖို့ လှုံ့ဆော်ပေးသည်။ (သု. ၂၇:၁၁; ၁ ယော. ၅:၃) ဤလုပ်ငန်းတွင် သစ္စာရှိရှိဆက်ပါဝင်နေခြင်းသည် လူတို့၏တုံ့ပြန်ပုံအပေါ် မမူတည်ပေ။ ပထမရာစုခရစ်ယာန်များသည် နှိပ်စက်ညှဉ်းပန်းမှုခံရသည့်တိုင် “မပြတ်ဟောပြောလျက်နေကြ၏။” (တ. ၅:၄၂) လူတို့နားမထောင်သည့်အခါ ကျွန်ုပ်တို့စိတ်ဓာတ်ကျသွားမည့်အစား ဆက်တည်ကြည်နေပြီး ယေဟောဝါကိုချစ်သည့်မေတ္တာနှင့် ဆည်းကပ်မြှုပ်နှံမှုအတိမ်အနက်ကို တင်ပြနေကြသည်။
၃။ လူသားချင်းချစ်သောမေတ္တာက ဆက်ဟောပြောနေရန် မည်သို့ကူညီပေးသနည်း။
၃ လူသားချင်းကိုချစ်သောကြောင့်လည်း ဓမ္မအမှုတွင် ဇွဲရှိရှိပါဝင်နေကြသည်။ (လု. ၁၀:၂၇) ယေဟောဝါသည် မည်သူ့ကိုမျှ မပျက်စီးစေလိုပေ။ (၂ ပေ. ၃:၉) မကြာခဏပြန်သွားရသည့်ရပ်ကွက်တွင်ပင် ယေဟောဝါအား ဝတ်ပြုလိုသူများကို တွေ့နေရဆဲဖြစ်သည်။ ဥပမာ၊ လူဦးရေ ၅၆ ဦးလျှင် ယေဟောဝါသက်သေ ၁ ဦးရှိသော ဂွာဒါလွတ်ကျွန်းတွင် လွန်ခဲ့သောနှစ်က ၂၁၄ ဦးနှစ်ခြင်းခံခဲ့သည်။ အောက်မေ့ရာပွဲကို ၂၀,၀၀၀ နီးပါးတက်ရောက်ခဲ့ရာ ဂွာဒါလွတ်ကျွန်းရှိလူဦးရေ ၂၂ ဦးတွင် ၁ ဦးနှုန်းဖြစ်သည်။
၄။ ရပ်ကွက်တွင် အဘယ်အပြောင်းအလဲများရှိသနည်း။
၄ ရပ်ကွက်ရှိ အပြောင်းအလဲများ– ရပ်ကွက်တွင် ကျွန်ုပ်တို့တွေ့ဆုံရသူတို့သည် အမြဲတူညီမည်မဟုတ်ပေ။ ကောင်းစွာမတုံ့ပြန်သောအိမ်သို့ နောက်တစ်ကြိမ်ပြန်သွားချိန်တွင် သတင်းကောင်းကို တစ်ခါမျှမကြားဖူးသည့် မိသားစုဝင်နောက်တစ်ဦးနှင့် တွေ့ဆုံနိုင်ပြီး ထိုသူသည် လက်ခံနားထောင်ပေမည်။ သို့မဟုတ် စိတ်ဝင်စားသူအိမ်ရှင်သစ်များကို တွေ့နိုင်သည်။ သတင်းကောင်းကိုလက်မခံသောမိဘများ၏ သားသမီးများ ကြီးပြင်းလာကြပြီး အိမ်ခွဲနေကြကာ ထိုသူတို့သည် သတင်းကောင်းကို တလိုတလား နားထောင်ကြပေမည်။
၅။ အဘယ်အကြောင်းရင်းများကြောင့် သတင်းကောင်းကို လူတို့ပို၍လက်ခံလာနိုင်သနည်း။
၅ လူတို့၏အခြေအနေများလည်း ပြောင်းလဲနေကြသည်။ တမန်တော်ပေါလုသည် တစ်ချိန်က “ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ” ဖြစ်ခဲ့ဖူးသည်။ (၁ တိ. ၁:၁၃) အလားတူ ယနေ့ ယေဟောဝါကိုဝတ်ပြုနေသူများသည် တစ်ချိန်က သမ္မာတရားကို စိတ်မဝင်စားသူများဖြစ်ကြသည်။ အချို့သည် သတင်းကောင်းကို ဆန့်ကျင်သူများပင်ဖြစ်နိုင်သည်။ ကမ္ဘာ့အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ဆန့်ကျင်သူအချို့ သို့မဟုတ် စိတ်မဝင်စားသူအချို့သည် သတင်းကောင်းကို နားထောင်လိုကြပေမည်။ အခြားသူများမူ မိသားစုဝင်တစ်ဦး သေဆုံးခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ငွေရေးကြေးရေး သို့မဟုတ် ကျန်းမာရေးပြဿနာကြုံရခြင်းစသည့် အဖြစ်ဆိုးများကို ကိုယ်တိုင်ကြုံတွေ့ပြီးနောက် ကောင်းစွာတုံ့ပြန်လာပေမည်။
၆။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် စိတ်ထက်သန်စွာ ဆက်ဟောပြောနေရမည်နည်း။
၆ ဤအစီအစဉ်စနစ်၏အဆုံး ရောက်လုနီးပြီဖြစ်သော်လည်း ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းသည် အရှိန်အဟုန်မြင့်လျက်ရှိသည်။ (ဟေရှာ. ၆၀:၂၂) ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ထက်သန်စွာ ဆက်ဟောပြောပြီး အပြုသဘောထားရှိဖို့ ကြိုးစားကြသည်။ ကျွန်ုပ်တို့ဟောပြောသူနောက်တစ်ဦးသည် သတင်းကောင်းကို နားထောင်ကောင်းနားထောင်ပေမည်။ ထို့ကြောင့် ဆက်ဟောပြောနေဖို့သာ လိုသည်! “ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိ. ၄:၁၆။