ခိုင်မြဲလှသည့်ယုံကြည်ခြင်းပင်!
၁။ အဘယ်စိတ်ချောက်ချားဖွယ်အဖြစ်အပျက်များအကြောင်း ယေရှုကြိုဟောခဲ့သနည်း။
၁ တမန်တော်များသည် ယေရှု၏ရောက်ရှိခြင်းနှင့် အစီအစဉ်စနစ်၏ နိဂုံးတို့နှင့်ပတ်သက်၍ ကိုယ်တော်မိန့်ဆိုချိန်တွင် အာရုံစိုက်နားထောင်ခဲ့ကြသည်။ စစ်ပွဲများ၊ အစာခေါင်းပါးခြင်းများ၊ ငလျင်များ၊ ကပ်ရောဂါများကဲ့သို့သော စိတ်ချောက်ချားဖွယ်အဖြစ်အပျက်များကို လူသားများကြုံတွေ့ကြရမည်။ ထို့နောက် နောက်လိုက်များသည် မုန်းတီးခြင်း၊ ညှဉ်းဆဲခြင်းငှာအပ်နှံခြင်းနှင့် အသေသတ်ခြင်းတို့ကို ကြုံရမည်ဟု ယေရှုမိန့်မြွက်ခဲ့သည်။ ပရောဖက်အတုအယောင်များပေါ်လာ၍ လူများစွာအားလှည့်ဖြားကြလိမ့်မည်။ အများသောသူတို့၏ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မည်။
၂။ သတင်းကောင်းကို ကမ္ဘာချီဟောပြောနေခြင်းက အဘယ့်ကြောင့်မှတ်သားဖွယ်ဖြစ်သနည်း။
၂ ထိုအခြေအနေများကို ဖော်ပြပြီးနောက် ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရမည်ဆိုသည့်အကြောင်း ယေရှုမိန့်တော်မူသည့်အခါ တမန်တော်များ အံ့အားသင့်ခဲ့ကြမည်။ (မ. ၂၄:၃-၁၄) ကျွန်ုပ်တို့သည် ထိုစိတ်လှုပ်ရှားဖွယ်ပရောဖက်ပြုချက် ယနေ့အချိန်တွင် ထူးခြားစွာပြည့်စုံနေကြောင်း တွေ့မြင်နေကြရသည်။ အန္တရာယ်ထူပြောသည့် အချိန်တွင် အသက်ရှင်နေကြရသော်လည်း ယေဟောဝါသက်သေတို့သည် သတင်းကောင်းကို ဇွဲဖြင့်ကြေညာနေကြသည်။ ကမ္ဘာပေါ်တွင် ချစ်ခြင်းမေတ္တာအေးစက်နေစေကာမူ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကို ခါတိုင်းနှင့်မတူဘဲ ပို၍တောက်လောင်နေစေရမည်။ “ခပ်သိမ်းသောလူမျိုးတို့” ၏ မုန်းတီးခြင်းကိုခံနေရသော်လည်း ကျွန်ုပ်တို့သည် လူမျိုးအားလုံးနီးပါးကို ဟောပြောနေကြသည်။
၃။ ကမ္ဘာချီမှတ်တမ်းမှ အဘယ်အားရှိဖွယ်ကိန်းဂဏန်းများကို သင်တွေ့ရသနည်း။
၃ စာမျက်နှာ ၃ မှ ၆ ပါပြီးခဲ့သောလုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ခြင်းက အလွန်အားရှိစရာပင်! ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် နာရီပေါင်း သန်းတစ်ထောင်ကျော် အသုံးပြုခဲ့ကြသည်မှာ ၁၆ ကြိမ်မြောက်ရှိပြီဖြစ်သည်။ ယေဟောဝါသက်သေတို့၏ ခိုင်မြဲလှသည့်ယုံကြည်ခြင်းကို ဖော်ပြလိုက်ခြင်းပင်! ရှေ့ဆောင်အရေအတွက် ၅.၈ ရာခိုင်နှုန်း၊ ကြေညာသူ ၃.၁ ရာခိုင်နှုန်းနှင့် ကျမ်းစာသင်အံမှု ၄.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ပြီးခဲ့သောလုပ်ငန်းတော်နှစ်အတွင်း နှစ်ခြင်းခံသူ ၂၀.၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ လူ့သမိုင်းတွင် ယခုအခါ၌ တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် တိုးများလာသည့် ခုနစ်သန်းနီးပါးသောသူများသည် ယေဟောဝါအတွက် သစ္စာရှိစွာအမှုထမ်းဆောင်နေသည်ကို တွေ့မြင်ရခြင်းက ဝမ်းသာပီတိဖြစ်စရာပင်! ဇယားကိုဆန်းစစ်ကြည့်သည့်အခါ အဘယ်အရာက သင့်ကိုအထူးအားရှိစေသနည်း။
၄။ လူတစ်ဦးနှစ်ခြင်းခံရန်ကြိုးစားစဉ် အဘယ်ပြဿနာများကို ရင်ဆိုင်ကျော်လွှားခဲ့ရသနည်း။
၄ ကိန်းဂဏန်းများသည် အားရှိစရာကောင်းလှသော်လည်း ၎င်းကိန်းဂဏန်းများသည် ယုံကြည်ခြင်းရှိကြောင်းသက်သေထူခဲ့ကြသည့် လူများကိုကိုယ်စားပြုကြောင်း ဘယ်သောအခါမျှမမေ့သင့်ပေ။ ဥပမာတစ်ခုကိုကြည့်ပါ။ ဂူလာမိုသည် ဘိုလီးဗီးယားတွင် ကြီးပြင်းလာခဲ့သည်။ ၁၉၃၅ ခုနှစ်တွင်မွေးဖွား၍ အသက်ကိုးနှစ်အရွယ်ကတည်းက ကိုကာပင်စိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်လုပ်ခဲ့သည်။ ပင်ပန်းသောအလုပ်ကြမ်းလုပ်ရ၍ ပင်ပန်းမှုဒဏ်မှ သက်သာစေရန် ကလေးဘဝကတည်းက ကိုကာရွက်များကို ဝါးခဲ့သည်။ ထို့နောက် အရက်အလွန်အကျွံသောက်ပြီး စီးကရက်လည်းသောက်ခဲ့သည်။ သို့သော် မိမိထံမှယေဟောဝါ အဘယ်အရာတောင်းဆိုသည်ကို စတင်သင်ယူသိရှိလာပြီးသည့်နောက် ဂူလာမိုသည် ဆေးလိပ်သောက်ခြင်းကိုဖြတ်လိုက်၍ အရက်အလွန်အကျွံသောက်ခြင်းကိုလည်း ရပ်လိုက်သည်။ သို့သော် တစ်သက်တာလုံးလုပ်လာခဲ့သည့် ကိုကာရွက်ဝါးခြင်းကို ဖြတ်ရန်မှာ သူ့အတွက် အကြီးမားဆုံးစိန်ခေါ်ချက်ပင်ဖြစ်သည်။ သို့သော် သူသည် ဇွဲမလျော့ဘဲ ဆက်လက်ဆုတောင်းကာ ၎င်းအကျင့်ကို အောင်မြင်ကျော်လွှားနိုင်ခဲ့သည်။ အကျင့်ဆိုးများကို အတိတ်တွင်ထားခဲ့ပြီးနောက် နှစ်ခြင်းခံလိုက်သည်။ သူဤသို့ပြောခဲ့သည်– “အခု ကျွန်တော်ဟာ သန့်ရှင်းပြီး အရမ်းပျော်နေတယ်လို့ခံစားရတယ်။”
၅။ သင်၏ဆန္ဒမှာအဘယ်နည်း။
၅ ယေဟောဝါသည် လူများအား အမှန်တကယ်စိတ်ဝင်စားတော်မူသည်။ ကိုယ်တော်၏အလိုတော်မှာ လူသားအားလုံး နောင်တရစေရန်ဖြစ်သည်။ (၂ ပေ. ၃:၉) ကျွန်ုပ်တို့၏ဆန္ဒမှာလည်း အလားတူပင် ဖြစ်သည်။ ကျွန်ုပ်တို့ကဲ့သို့ စိတ်နှလုံးရိုးဖြောင့်သူများ ယေဟောဝါကိုသိရှိပြီး ချစ်မြတ်နိုးလာစေရန် ကူညီရာတွင် ဆက်လက်၍အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ ကျွန်ုပ်တို့၏နှလုံးသားက လှုံ့ဆော်ပေးပါစေ။