အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စိတ်ဝင်စားသူတွေကို ရေးမှတ်ထားပါ
“ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကိုလည်းကောင်း အမြဲဂရုပြုလျက်နေလော့။” (၁ တိ. ၄:၁၆) တိမောသေကို အကြံဉာဏ်ပေးခဲ့တဲ့ တမန်တော်ပေါလုရဲ့စကားတွေက ကျွန်ုပ်တို့ဟာ လူသစ်ဖြစ်ပါစေ၊ အတွေ့အကြုံရှိတဲ့ လူဟောင်းပဲဖြစ်ပါစေ သွန်သင်ခြင်းမှာတိုးတက်နေဖို့ ကြိုးစားလုပ်ဆောင်ရမယ်ဆိုတာကို ဖော်ပြပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း” ဆိုတဲ့ ဆောင်းပါးတွဲအသစ်ကို ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှာ ဖော်ပြပေးသွားပါမယ်။ ဆောင်းပါးတစ်ခုမှာ အရေးကြီးတဲ့ အချက်တစ်ခုကို ဆွေးနွေးမှာဖြစ်ပြီး တိုးတက်စေနိုင်တဲ့ အကြံပြုချက်တချို့ကို ဖော်ပြသွားပါမယ်။ ကျွန်ုပ်တို့အားလုံးဟာ ဖော်ပြပေးထားတဲ့အချက်ကို တစ်လလုံးလုံး အာရုံစိုက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ လကုန်တဲ့အပတ် လုပ်ငန်းတော်စည်းဝေး အပိုင်းတစ်ပိုင်းမှာ ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်မှုကနေ ဘယ်လိုအကျိုးကျေးဇူးတွေရခဲ့တယ်ဆိုတာ ပြန်လည်မှတ်ချက်ပေးခွင့် ရရှိမှာဖြစ်တယ်။ ဒီလမှာတော့ စိတ်ဝင်စားသူတွေကို ရေးမှတ်ထားဖို့ အားလုံးကို အားပေးထားပါတယ်။
ဘာကြောင့်အရေးကြီးတာလဲ– ကျွန်ုပ်တို့ရဲ့တာဝန်ကို ကျေပွန်ဖို့ဆိုရင် ဟောပြောရုံသာမက သွန်သင်ပေးဖို့လည်းလိုတယ်။ စိတ်ဝင်စားသူတွေဆီ ပြန်သွားပြီး ကျွန်ုပ်တို့စိုက်ပျိုးခဲ့တဲ့ အမှန်တရားမျိုးစေ့ကို ရေလောင်းပေးဖို့ လိုပါတယ်။ (မ. ၂၈:၁၉၊ ၂၀; ၁ ကော. ၃:၆-၉) အဲဒီလိုလုပ်ဖို့ဆိုရင် စိတ်ဝင်စားသူနဲ့ပြန်တွေ့ပြီး သူရဲ့စိုးရိမ်ပူပန်မှုအကြောင်းပြောဖို့၊ အရင်တစ်ခါပြောခဲ့တဲ့ အကြောင်းအရာကို ဆက်ဆွေးနွေးဖို့ လိုတယ်။ ဒါကြောင့် စိတ်ဝင်စားသူကိုတွေ့ရင် သူ့အကြောင်းကို ရေးမှတ်ပါ။
လုပ်ဆောင်နိုင်ပုံ–
• အမှုဆောင်အိတ်မှာ စိတ်ဝင်စားသူအကြောင်း ရေးမှတ်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်း အစုံပါဖို့လိုတယ်။ မှတ်တမ်းတွေကို သပ်သပ်ရပ်ရပ်၊ စနစ်တကျရေးမှတ်ပါ၊ အချက်အလက်အသစ်တွေ ထပ်ဖြည့်ပါ။ ကိုယ်ဝင်တဲ့အိမ်က စိတ်ဝင်စားတယ်ဆိုရင် အိမ်ကထွက်ထွက်ချင်း ရေးမှတ်ပါ။
• အိမ်ရှင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ချရေးပါ။ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စတာတွေဖြစ်တယ်။ အိမ်ရှင်၊ သူ့မိသားစုနဲ့ပတ်သက်ပြီး ထူးထူးခြားခြားသိသာနေနိုင်တဲ့ ဘယ်အချက်ကို သင် သတိပြုမိခဲ့သလဲ။
• အိမ်ရှင်နဲ့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို ရေးထားပါ။ ဘယ်ကျမ်းချက်တွေကို ဖတ်ပြခဲ့သလဲ။ အိမ်ရှင်က သူ့ရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်ပြီး ဘာပြောသလဲ။ ဘယ်စာပေ ဝေငှခဲ့သလဲ။ လည်ပတ်ခဲ့တဲ့အချိန်၊ နေ့၊ ရက်စွဲတွေကို မှတ်ထားပါ။
• နောက်တစ်ကြိမ်လည်ပတ်တဲ့အခါ သင်လုပ်ဆောင်မယ့်အရာတွေကို ရေးထားပါ။ ဘာအကြောင်း ဆွေးနွေးမယ်လို့ ကတိပေးခဲ့သလဲ။ ဘယ်အချိန် ပြန်လာမယ်လို့ ပြောခဲ့သလဲ။
• လည်ပတ်မှုသွားပြီးတိုင်း မှတ်တမ်းကို နောက်ဆုံးအချက်အလက်နဲ့အညီ ပြန်ရေးပါ။ လိုတာထက် ပိုရေးမိလို့လည်း ဘာမှ အကျိုးမယုတ်ပါဘူး။
ဒီလအတွင်း ဒီအချက်ကို ကြိုးစားကြည့်ပါ–
• စိတ်ဝင်စားသူအကြောင်း ရေးမှတ်တဲ့အခါ ကိုယ်နဲ့အတူ တွဲအမှုဆောင်တဲ့သူကိုလည်း ပြောပြပါ။