ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ
၁ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းကို သင်ပျော်မွေ့ပါသလော။ မြောက်မြားစွာသောကြေညာသူတို့မှာ ပျော်မွေ့ ကြသည်။ သင်သည် အစပိုင်းတွင် စိုးရိမ်မှုရှိကောင်းရှိမည်ဖြစ်ပြီး အထူးသဖြင့် ပထမအကြိမ်တွေ့ခဲ့ချိန်တွင် စိတ်ဝင်စားမှုအနည်းအကျဉ်းသာပြသောအိမ်ရှင်များထံ ပြန်သွားရသည့်အချိန်တွင်ဖြစ်သည်။ သို့သော် သင်သည် ပြန်လည်ပတ်မှုပြုလုပ်ရာ၌ ‘သတင်းကောင်းကိုဟောပြောရန် ဘုရားသခင်အားဖြင့် ရဲစွမ်းသတ္တိရရှိ’ လာသည်နှင့်အမျှ ဤလုပ်ငန်းလွယ်ကူပုံနှင့် ဆုကျေးဇူးခံစားရစေနိုင်ပုံတို့ကို တွေ့ရခြင်းကြောင့် အံ့အားသင့်ရပေမည်။ (၁ သက်. ၂:၂) မည်သို့အားဖြင့်နည်း။
၂ အမှန်စင်စစ် ပြန်လည်ပတ်ခြင်းနှင့် ဦးဆုံးအကြိမ်သွားရောက်လည်ပတ်ခြင်းတို့တွင် အရေးပါသောခြားနားချက်တစ်ခုရှိသည်။ လူစိမ်းတစ်ဦးထံမဟုတ်ဘဲ ရင်းနှီးကျွမ်းဝင်သူတစ်ဦးထံသို့ ပြန်လည်ပတ်မှုပြုလုပ်ကြပြီး ယေဘုယျအားဖြင့် လူစိမ်းတစ်ဦးထက် ရင်းနှီးကျွမ်းဝင်သူတစ်ဦးနှင့် စကားစမြည်ပြောရခြင်းက ပို၍လွယ်ကူသည်။ ဤလုပ်ငန်းတွင်ပါဝင်ခြင်းမှ ကြွယ်ဝသောဆုကျေးဇူးများရရှိသည်နှင့်အမျှ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းသည် အကျိုးဖြစ်ထွန်းသောအိမ်တွင်းကျမ်းစာသင်အံမှုများသို့ ဦးတည်ပေးနိုင်သည်။
၃ ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်အမှုဆောင်ကြသောအခါ ယခင်လည်ပတ်စဉ် စိတ်မဝင်စားသည့်သူတို့ထံ အကြိမ်ကြိမ်သွားရောက်လည်ပတ်ကြသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ အဘယ်ကြောင့်ဆက်၍ သွားရောက်လည်ပတ်နေရသနည်း။ လူတို့၏အခြေအနေများသည် ပြောင်းလဲတတ်ပြီး ယခင်လည်ပတ်စဉ်က စိတ်ဝင်စားမှုမရှိဟုထင်ရသူ သို့မဟုတ် အတိုက်အခံပြုခဲ့သူတစ်ဦးပင် ကျွန်ုပ်တို့နောက်တစ်ကြိမ်သွားသောအခါ စိတ်ဝင်စားလာနိုင်ကြောင်း ကျွန်ုပ်တို့သဘောပေါက်ထားသည်။ ယင်းကိုစိတ်ထဲစွဲမှတ်လျက် ဤအကြိမ်တွင် ကျွန်ုပ်တို့ပြောသောအကြောင်းအရာက နှစ်လိုဖွယ်တုံ့ ပြန်မှုရရှိစေရန် ယေဟောဝါကောင်းချီးပေးဖို့ ကျွန်ုပ်တို့ ကောင်းကောင်းပြင်ဆင်ပြီး ဆုတောင်းကြရမည်။
၄ အကယ်၍ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ယခင်က လုံးဝ စိတ်ဝင်စားမှုမပြခဲ့သောသူတို့ကိုဟောပြောရန် ကျွန်ုပ်တို့တလိုတလားရှိပါက နိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားမှု အတော်အတန်ပြသူတစ်ဦးဦးထံပြန်သွားရန် ပို၍ပင် တလိုတလားမရှိသင့်ပေလော။—တ. ၁၀:၃၄၊ ၃၅။
၅ ကျွန်ုပ်တို့ထဲမှ များစွာသောသူတို့သည် ယနေ့အချိန်တွင် သမ္မာတရား၌ရှိနေကြခြင်းမှာ ကြေညာသူတစ်ဦးသည် ကျွန်ုပ်တို့ထံသို့ စိတ်ရှည်ရှည်ဖြင့် ပြန်လည်ပတ်မှုပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။ သင်သည် ဤသူတို့ထဲတွင်တစ်ဦးဖြစ်ပါက ‘ထိုကြေညာသူက ငါ့ကို ဦးဆုံးစွဲမှတ်သွားစေတဲ့အရာက ဘာလဲ၊ နိုင်ငံတော်သတင်းတရားကို ပထမဆုံးအကြိမ်ကြားရတဲ့အခါ ငါ ချက်ချင်းယုံကြည်လက်ခံခဲ့သလား၊ ငါ စိတ်ဝင်စားမှုမရှိတဲ့ပုံပေါက်နေခဲ့သလား’ ဟူ၍ သင့်ကိုယ်သင် မေးနိုင်သည်။ ပြန်၍လည်ပတ်ခဲ့သောကြေညာသူသည် ကျွန်ုပ်တို့အား ပြန်လည်ပတ်မှုပြုလုပ်ထိုက်သည်ဟု ယူမှတ်ခဲ့ခြင်း၊ ‘ဘုရားသခင်အားဖြင့် ရဲစွမ်းသတ္တိရရှိ’ လာကာ လည်ပတ်မှုပြုလုပ်ခဲ့ခြင်း၊ ကျွန်ုပ်တို့အား သမ္မာတရားဆက်၍သင်ကြားပေးခဲ့ခြင်းတို့သည် ကျွန်ုပ်တို့ကို ပျော်ရွှင်မှုဖြစ်စေသင့်သည်။ အစပိုင်းတွင် စိတ်ဝင်စားမှုအတော်အတန်ပြသော်လည်း နောက်ပိုင်းတွင် ကျွန်ုပ်တို့ကို ရှောင်နေပုံရှိသည့်သူများနှင့်ပတ်သက်၍ကော အသို့နည်း။ အောက်ပါတွေ့ ကြုံမှုတွင် ဖော်ပြထားသည့်အတိုင်း အပြုသဘောရှိရန် အလွန်အရေးကြီးသည်။
၆ ကြေညာသူနှစ်ဦး နံနက်စောစော လမ်းပေါ်သက်သေခံခြင်းတွင် ပါဝင်နေစဉ် ကလေးကို တွန်းလှည်းဖြင့်တင်တွန်းလာသော အမျိုးသမီးငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ အမျိုးသမီးသည် မဂ္ဂဇင်းတစ်စောင်ကိုလက်ခံခဲ့ပြီး နောက်အပတ်တနင်္ဂနွေနေ့တွင် သူမ၏အိမ်သို့ လာရန် ညီအစ်မများအား ဖိတ်ခေါ်ခဲ့သည်။ ချိန်းချက်ထားသောအချိန်တွင် သူတို့ရောက်ရှိသွားသော်လည်း အိမ်ရှင်က သူတို့အား သူမတွင် စကားပြောဖို့အချိန်မရကြောင်း ပြောသည်။ သို့သော် နောက်အပတ်တွင် အချိန်ရနိုင်ကြောင်း သူမကတိပေးလိုက်သည်။ သူမက ဆက်၍ချိန်းဆိုပြန်သည်ကို ညီအစ်မများသံသယဖြစ်ခဲ့သော်လည်း သူတို့ပြန်လာသောအခါ အမျိုးသမီးသည် စောင့်မျှော်နေသည်။ သင်အံမှုကိုစလိုက်ကာ အမျိုးသမီးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိုးတက်ခဲ့သည်။ အချိန်တိုအတွင်းတွင် သူမသည် စ၍ အစည်းအဝေးများမှန်မှန်တက်ကာ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်လာသည်။ ယခုအခါတွင် သူမသည် နှစ်ခြင်းခံပြီးနေပြီဖြစ်သည်။
၇ ပထမအကြိမ်သွားရောက်စဉ် အုတ်မြစ်ချပါ– အောင်မြင်သောပြန်လည်ပတ်မှုတစ်ခုအတွက် အုတ်မြစ်ကို ပထမအကြိမ်သွားရောက်စဉ်တွင် ချလေ့ရှိသည်။ အိမ်ရှင်၏ တင်ပြချက်များကို ဂရုတစိုက်နားထောင်ပေးပါ။ သင့်အား သူတို့ဘာပြောသနည်း။ သူသည် ဘာသာတရားကိုင်းရှိုင်းသူလော။ လူမှုရေးပြဿနာများနှင့်ပတ်သက်၍ စိုးရိမ်နေသူလော။ သိပ္ပံပညာ သို့မဟုတ် သမိုင်း သို့မဟုတ် ပတ်ဝန်းကျင်ကို စိတ်ဝင်စားသူလော။ လည်ပတ်မှုနိဂုံးပိုင်းတွင် စဉ်းစားစရာမေးခွန်းတစ်ခုတင်ပြပြီး သင်ပြန်လာသောအခါတွင် ကျမ်းစာအဖြေကိုဆွေးနွေးဖို့ ကတိပေးနိုင်သည်။
၈ ဥပမာ၊ အိမ်ရှင်သည် မြေကြီးပရဒိသုနှင့်ဆိုင်သည့် ကျမ်းစာကတိကို တုံ့ ပြန်ပါက နောက်ထပ်အကြောင်းအရာတစ်ခုကိုဆွေးနွေးခြင်းသည် သင့်လျော်ပေမည်။ သင်ထွက်လာခါနီးတွင် “ဘုရားသခင်ဟာ ဒီကတိတွေကို ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်တို့ဘယ်လိုစိတ်ချနိုင်သလဲ” ဟူ၍မေးနိုင်သည်။ ထို့နောက် “မိသားစုအားလုံး အိမ်မှာရှိတဲ့အချိန်မှာ ကျွန်တော်အလည်လာနိုင်ကောင်းရဲ့။ အဲ့ဒီအခါ မိတ်ဆွေကို ဒီမေးခွန်းရဲ့ကျမ်းစာအဖြေကို ပြပေးနိုင်မှာပါ” ဟူ၍ထပ်ပြောပါ။
၉ အိမ်ရှင်သည် မည်သည့်ထူးခြားသောအကြောင်းအရာကိုမဆို စိတ်ဝင်စားမှုမပြပါက ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုနောက်ကျောစာမျက်နှာရှိ တင်ဆက်ပုံများတွင်ပါရှိသည့် မေးခွန်းများမှတစ်ခုကို တင်ပြနိုင်ပြီး သင်၏နောက်ဆွေးနွေးခန်းအတွက် အခြေခံအဖြစ် ယင်းကိုအသုံးပြုနိုင်သည်။
၁၀ တိကျမှန်ကန်စွာရေးမှတ်ထားသောမှတ်တမ်းများ ထားပါ– သင့်တစ်အိမ်မှတစ်အိမ်မှတ်တမ်းသည် တိကျမှန်ကန်ပြီး ပြည့်ပြည့်စုံစုံဖြစ်သင့်သည်။ အိမ်မှထွက်ထွက်ချင်း အိမ်ရှင်၏အမည်နှင့် လိပ်စာကိုရေးမှတ်ပါ။ အိမ်နံပါတ် သို့မဟုတ် လမ်းအမည်သည် ခန့်မှန်းချက်မဟုတ်ဘဲ တိကျမှန်ကန်စေဖို့ အချက်အလက်များကို စစ်ဆေးပါ။ တစ်ဦးစီ၏ ပြောဆိုချက်တစ်ခုကို ရေးမှတ်ထားပါ။ သင်ဆွေးနွေးခဲ့သည့်အကြောင်းအရာ၊ ဖတ်ပြခဲ့သည့်ကျမ်းချက်၊ ဝေငှခဲ့သည့်စာပေတစ်ခုခု၊ ပြန်လာသောအခါ ဖြေကြားရမည့်မေးခွန်းတို့ကို မှတ်သားထားပါ။ သင် ပထမဆုံးအကြိမ်လည်ပတ်သည့်နေ့နှင့်အချိန်၊ သင် ပြန်လာလည်မည်ဟု ပြောခဲ့သည့်နေ့နှင့်အချိန်တို့ကို ပါဝင်စေပါ။ ယခု သင့်မှတ်တမ်းသည် ပြည့်စုံသွားပြီ၊ မပျောက်စေပါနှင့်! နောက်ပိုင်းတွင် သင် သိရှိနိုင်ရန် လုံလုံခြုံခြုံသိမ်းထားပါ။ တစ်ဦးစီ၏အကြောင်းနှင့် နောက်တစ်ကြိမ် ပြန်လည်ပတ်သောအခါ မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားတွေးတောနေပါ။
၁၁ သင့်ရည်မှန်းချက်များသည် အဘယ်အရာဖြစ်ကြောင်း သိထားပါ– ဦးဆုံး၊ လှိုက်လှဲပျူငှာမှုနှင့် ဖော်ရွေမှုရှိခြင်းဖြင့် အိမ်ရှင်အား သက်သောင့်သက်သာရှိစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။ အလွန်အကျွံရင်းနှီးကျွမ်းဝင်ခြင်းမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သူ့အား သင်စိတ်ဝင်စားကြောင်း ပြပါ။ နောက်တစ်ချက်မှာ၊ ယခင်လည်ပတ်စဉ်က သင်တင်ပြခဲ့သောမေးခွန်းတစ်ခုခုကို သူ့အား ပြန်အမှတ်ရစေပါ။ သူ၏ထင်မြင်ယူဆချက်ကို ဂရုတစိုက်နားထောင်ပေးပြီး သူ၏တင်ပြချက်များကို အမှန်တကယ် ကျေးဇူးတင်လေးမြတ်ကြောင်း ပြောပါ။ ထို့နောက် ကျမ်းစာ၏ရှုထောင့်သည် အဘယ်ကြောင့်လက်တွေ့ကျကြောင်း တင်ပြပါ။ ဖြစ်နိုင်မည်ဆိုပါက ထာဝရအသက်ရစေသောအသိပညာစာအုပ်ပါ ဆက်စပ်မှုရှိသည့်အကြောင်းတစ်ခုသို့ သူ့အား ဦးတည်ပေးပါ။ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏ သင့်အဓိကရည်မှန်းချက်မှာ ကျမ်းစာသင်အံမှုစရန်ဖြစ်ကြောင်း စိတ်တွင် ကောင်းစွာစွဲမှတ်ထားပါ။
၁၂ အသိပညာစာအုပ်သို့ ဦးတည်ပေးခြင်းသည် ကျွန်ုပ်တို့ထဲမှများစွာသောသူတို့အတွက် သင်သားများအား ကျမ်းစာသင်အံမှုပြုစဉ် အစည်းအဝေးများတက်ရန်နှင့် ယေဟောဝါအဖွဲ့အစည်းနှင့်ပူးပေါင်းရန် အားပေးဖို့ ‘ရဲစွမ်းသတ္တိရှိ’ ရန်လှုံ့ဆော်မှုဖြစ်စေသည်။ ယခင်က ကျွန်ုပ်တို့နှင့်ပူးပေါင်းရန် မဖိတ်ခေါ်မီ အချိန်အတော်အတန်ကြာ ကျမ်းစာသင်ပြီးသည့်အထိ စောင့်ဆိုင်းကြရသည်။ ယခုအခါတွင်မူ သင်သားများစွာတို့သည် ကျမ်းစာစသင်သည်နှင့်တစ်ပြိုင်နက် အစည်းအဝေးများတက်နေကြသည်။ ရလဒ်မှာ သူတို့သည် ပို၍လျင်မြန်စွာတိုးတက်နေကြသည်။
၁၃ အိမ်ထောင်သည်မောင်နှံတစ်စုံသည် အလုပ်ဖော်တစ်ဦးကို အလွတ်သဘောသက်သေခံသည်။ ထိုသူသည် သမ္မာတရား၌စိတ်ဝင်စားမှုပြသောအခါ အသိပညာစာအုပ်နှင့်ကျမ်းစာသင်ရန် ဖိတ်ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ထိုသူအား သူ၏မေးခွန်းမြောက်မြားစွာကို ဖြေကြားပေးမည့် အစည်းအဝေးများကို တက်ရောက်သင့်ကြောင်း ပြောပြသည်။ ထိုသူသည် လိုလိုလားလားဖြင့် ကျမ်းစာသင်ရန်ဖိတ်ခေါ်ချက်ကို လက်ခံရုံသာမကဘဲ တစ်ပတ်လျှင် နှစ်ကြိမ်ကျမ်းစာသင်ကာ နိုင်ငံတော်ခန်းမ၌ အစည်းအဝေးများကို မှန်မှန်စတက်ပါသည်။
၁၄ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကိုအသုံးပြုပါ– “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်အစည်းအဝေးကြီးတွင် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာကို ကျွန်ုပ်တို့ရရှိကြသည်။ ဤဘရိုရှာသည် ပညာအရည်အချင်းမည်မျှပင်ရှိရှိ ဘုရားရေးရာကြောက်ရွံ့ ခြင်းရှိသောသူတို့နှင့် ကျမ်းစာသင်အံမှုများ စတင်ရာတွင် အသုံးဝင်သည်။ ယင်းဘရိုရှာတွင် ကျယ်ပြန့်ပြည့်စုံသော သင်ရိုးညွှန်းတမ်းပါရှိပြီး အခြေခံကျသောကျမ်းစာသွန်သင်ချက်များကို သုံးသပ်ထားသည်။ ယင်းစာပေသည် ဘုရားသခင်နှင့်ဆိုင်သောအသိပညာဝေမျှရန် အလွန်ထိရောက်သောကိရိယာတစ်ခုဖြစ်ပါလိမ့်မည်။ သမ္မာတရားကို အလွန်ရှင်းလင်းစွာနှင့် ရိုးရိုးကလေးရှင်းပြထားသောကြောင့် ကျွန်ုပ်တို့အားလုံးနီးပါးသည် ဘုရားသခင်၏တောင်းဆိုချက်များကို အခြားသူများအားသင်ကြားပေးရန် ယင်းကို အသုံးပြုနိုင်ကြပေမည်။ အလားတူစွာ ကြေညာသူမြောက်မြားစွာတို့သည်လည်း ဤဘရိုရှာဖြင့် ကျမ်းစာသင်အံမှုကျင်းပရန် အခွင့်ထူးကိုရရှိကြပေမည်။
၁၅ အသိပညာစာအုပ်ဖြင့် ကျမ်းစာသင်ရန် မိမိတို့၌အချိန်မရှိဟု ယူဆသူတချို့သည် တောင်းဆိုဘရိုရှာကိုလေ့လာရန် ခေတ္တခဏအချိန်ပေးဖို့ လိုလိုလားလားရှိပေမည်။ သူတို့သည် သိရှိခဲ့ရသည့်အရာအတွက် ပီတိဖြစ်ကြရပေမည်! စာမျက်နှာ နှစ်မျက်နှာ၊ သုံးမျက်နှာလောက်နှင့် နှစ်ရာစုနှင့်ချီ၍ လူတို့တွေးတောကြသည့် အောက်ပါမေးခွန်းများ၏အဖြေကို သူတို့ရှာတွေ့ ကြမည်– ဘုရားသခင်ကား မည်သူနည်း။ မာရ်နတ်ကား မည်သူနည်း။ ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း။ ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။ စစ်မှန်သောဘာသာကို သင်မည်သို့တွေ့ရှိနိုင်မည်နည်း။ ဤဘရိုရှာသည် သမ္မာတရားကို အသုံးအနှုန်းရိုးရိုးကလေးဖြင့် တင်ဆက်ထားသော်လည်း ယင်း၏သတင်းတရားသည် အလွန်အစွမ်းထက်သည်။ ၎င်းသည် အကြီးအကဲများက နှစ်ခြင်းခံမည့်သူများနှင့် ပြန်လည်ဆွေးနွေးရာတွင်လည်းကောင်း၊ အသိပညာစာအုပ်ဖြင့် ပို၍နှံ့နှံ့စပ်စပ်သင်အံမှုပြုရန် အစပြုပေးသည့်ကိရိယာအဖြစ်လည်းကောင်း အသုံးပြုနိုင်သော အဓိကအချက်များကို သုံးသပ်ထားသည်။
၁၆ ပြန်လည်ပတ်စဉ် သင်အံမှုကမ်းလှမ်းရန် သင် ဤသိုရိုးရိုးကလေးပြောနိုင်သည်– “မိနစ်အနည်းငယ်လောက်နဲ့ အရေးကြီးတဲ့ကျမ်းစာမေးခွန်းတစ်ခုရဲ့အဖြေကို ရနိုင်တယ်ဆိုတာ မိတ်ဆွေသိပါသလား။” ထို့နောက် ဘရိုရှာပါ သင်ခန်းစာတစ်ခု၏အစတွင် ဖော်ပြထားသည့်မေးခွန်းတစ်ခုကို မေးပါ။ ဥပမာ၊ သင်သည် အသက်အရွယ်ကြီးရင့်သူတစ်ဦးထံ သွားရောက်လည်ပတ်ပါက “ရှေးအချိန်က လူတွေကို ယေရှုကုသပေးခဲ့တယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဖျားနာသူ၊ အသက်အရွယ်ကြီးရင့်သူ၊ သေလွန်သူတွေအတွက် ယေရှုဘာပြုလုပ်ပေးမလဲ” ဟူ၍ပြောနိုင်သည်။ သင်ခန်းစာ ၅ တွင် အဖြေများကိုတွေ့ရသည်။ ဘာသာတရားကိုင်းရှိုင်းသူတစ်ဦးအား “ဆုတောင်းချက်အားလုံးကို ဘုရားသခင်နားညောင်းတော်မူသလော” ဟူသည့်မေးခွန်းဖြင့် သိလိုစိတ်ကိုနှိုးဆွပေးနိုင်သည်။ သင်ခန်းစာ ၇ တွင် ဖြေဆိုထားသည်။ မိသားစုဝင်ဖြစ်သူများသည် “မိဘနှင့် သားသမီးများထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုထားတော်မူသနည်း” ဟူသောမေးခွန်းအဖြေကို သိလိုကြပေမည်။ သူတို့သည် သင်ခန်းစာ ၈ ကိုလေ့လာနေစဉ် အဖြေကိုတွေ့ရမည်။ အခြားမေးခွန်းများဖြစ်သော– “သေလွန်သူများသည် အသက်ရှင်သူများကို ဒုက္ခပေးနိုင်သလော” ဟူသောမေးခွန်းကို သင်ခန်းစာ ၁၁ တွင်ရှင်းပြသည်; “ခရစ်ယာန်ဟုအမည်ခံသော ဘာသာအမြောက်အမြား အဘယ်ကြောင့်ရှိရသနည်း” ဟူသောမေးခွန်းကို သင်ခန်းစာ ၁၃ တွင်ဆွေးနွေးထားသည်; “ဘုရားသခင်၏မိတ်ဆွေဖြစ်လာရန် သင်ဘာလုပ်ရမည်နည်း” ဟူသောမေးခွန်းကို သင်ခန်းစာ ၁၆ တွင်သုံးသပ်ထားသည်။
၁၇ ဘာသာခြားစကားပြောသူများအား ကူညီပေးခြင်း– ဘာသာခြားစကားပြောသောအိမ်ရှင်များနှင့်ပတ်သက်၍ကော အသို့နည်း။ ဖြစ်နိုင်ပါက သူတို့ကောင်းကောင်းတတ်ထားသည့်ဘာသာစကားဖြင့် သင်ပေးသင့်သည်။ (၁ ကော. ၁၄:၉) အိမ်ရှင်၏ဘာသာစကားကို ပြောနိုင်သည့် ဒေသခံကြေညာသူများမရှိပါက ကြေညာသူသည် ဘာသာစကားနှစ်မျိုးဖြင့် တောင်းဆိုဘရိုရှာကို အသုံးပြုကာ အိမ်ရှင်နှင့်ကျမ်းစာသင်ဖို့ စမ်းကြည့်နိုင်သည်။
၁၈ အင်္ဂလိပ်စကားပြောသောကြေညာသူတစ်ဦးသည် ဗီယက်နမ်စကားပြောသူတစ်ဦးနှင့် ထိုင်းစကားပြောသည့်သူ၏ဇနီးတို့နှင့် သင်အံမှုတစ်ခုစခဲ့သည်။ သင်အံမှုပြုချိန်အတွင်း အင်္ဂလိပ်၊ ဗီယက်နမ်၊ ထိုင်းဘာသာစကားဖြင့် စာပေနှင့် ကျမ်းစာများကို အသုံးပြုခဲ့ကြသည်။ အစပိုင်းတွင် ဘာသာစကားအတားအဆီးကြောင့် အခက်အခဲတွေ့ခဲ့ရသော်လည်း ကြေညာသူက “ချက်ချင်းဆိုသလိုပါဘဲ မောင်နှံစုံရဲ့ဝိညာဉ်ရေးဟာ တိုးတက်လာတယ်။ သူတို့ရဲ့ကလေးနှစ်ယောက်နဲ့အတူ အစည်းအဝေးများစတက်ဖို့လိုတယ်ဆိုတာကို သဘောပေါက်သွားကြတဲ့အပြင် ညတိုင်း မိသားစုလိုက်ကျမ်းစာဖတ်ကြပါတယ်။ သူတို့ရဲ့ ခြောက်နှစ်အရွယ်သမီးကလေးဟာ သူမရဲ့ကိုယ်ပိုင်ကျမ်းစာသင်အံမှုကို သင်ပေးနေပါတယ်” ဟူ၍ရေးသည်။
၁၉ ဘာသာခြားစကားပြောသူများနှင့် သင်အံမှုပြုသောအခါ ဖြည်းဖြည်းပြောပါ၊ ရှင်းရှင်းလင်းလင်းပြောပါ၊ ရိုးရိုးကလေးဖြစ်သောစကားလုံးနှင့် အသုံးအနှုန်းများကိုသုံးပါ။ သို့သော် ဘာသာခြားစကားပြောသူများကို သိက္ခာရှိရှိ ဆက်ဆံသင့်ကြောင်း စိတ်ထဲစွဲမှတ်ထားပါ။ သူတို့ကို ကလေးသူငယ်များကဲ့သို့ မဆက်ဆံသင့်ပါ။
၂၀ တောင်းဆိုဘရိုရှာပါ လှပသည့်ရုပ်ပုံများကို ကောင်းကောင်းအသုံးချပါ။ “ရုပ်ပုံတစ်ပုံသည် စကားအခွန်းတစ်ထောင်နှင့်ညီမျှ” လျှင် ဘရိုရှာပါ ရုပ်ပုံမြောက်မြားစွာသည် အိမ်ရှင်အား အကြောင်းအရာမြောက်မြားစွာကို ပြောပြပေးပေမည်။ သူ၏ကိုယ်ပိုင်ကျမ်းစာအုပ်ထဲမှ ကျမ်းချက်များကိုဖတ်ရန် သူ့အားဖိတ်ခေါ်ပါ။ အင်္ဂလိပ်စကားနားလည်သောမိသားစုဝင်တစ်ဦးက ဘာသာပြန်ပေးရန်အသင့်ရှိသောအချိန်တွင် သင်အံမှုကိုကျင်းပမည်ဆိုပါက အကျိုးရှိမည်မှာသေချာသည်။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု [လိပ်]၊ အောက်တိုဘာ ၁၉၉၀၊ စာမျက်နှာ ၇-၈; မတ် ၁၉၈၄၊ စာမျက်နှာ ၈။
၂၁ အချိန်မဆွဲဘဲ ပြန်လည်ပတ်မှုပြုလုပ်ပါ– သင် ပြန်လည်ပတ်မှုမပြုလုပ်မီ မည်မျှကြာကြာစောင့်ဆိုင်းသင့်သနည်း။ ကြေညာသူတချို့သည် စတွေ့ခဲ့ချိန်မှ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ပြန်သွားကြသည်။ အခြားသူများမူ ထိုနေ့၌ပင် ပြန်သွားကြသည်! ထိုသို့သွားခြင်းသည် စောလွန်းပါသလော။ များသောအားဖြင့် အိမ်ရှင်များ ကန့်ကွက်ကြပုံမရပါ။ တစ်ခါတစ်ရံ ပြန်လည်ပတ်မှုပြုလုပ်သောကြေညာသူသည် သတ္တိအနည်းငယ်နှင့်တကွ ပို၍အပြုသဘောရှိခြင်းကို ပြုစုပျိုးထောင်ပေးဖို့လိုသည်။ အောက်ပါတွေ့ ကြုံမှုများကို သုံးသပ်ပါ။
၂၂ ၁၃ နှစ်အရွယ်ကြေညာသူတစ်ဦးသည် အမျိုးသမီးနှစ်ယောက် အတူလမ်းလျှောက်နေသည်ကိုတွေ့ရသောနေ့တစ်နေ့တွင် တစ်အိမ်မှတစ်အိမ်အမှုဆောင်နေသည်။ နေရာတိုင်းတွင် တွေ့သည့်လူတိုင်းကိုဟောပြောရမည်ဟူသော အားပေးချက်ကို စွဲမှတ်ထားလျက် လမ်းပေါ်တွင် ထိုအမျိုးသမီးတို့ထံ ချဉ်းကပ်လိုက်သည်။ သူတို့သည် နိုင်ငံတော်သတင်းတရား၌ စိတ်ဝင်စားမှုပြခဲ့ပြီး အသိပညာစာအုပ်ကို နှစ်ဦးစလုံးလက်ခံယူလိုက်သည်။ ညီအစ်ကိုငယ်သည် သူတို့၏လိပ်စာကို ရရှိခဲ့ပြီး နောက်နှစ်ရက်အကြာတွင် ပြန်သွားပြီး တစ်ဦးစီနှင့်ကျမ်းစာသင်အံမှုစလိုက်သည်။
၂၃ ညီအစ်မတစ်ဦးသည် နောက်အပတ်တွင် ပြန်လည်ပတ်ရန် စီစဉ်သည်။ သို့သော် အစကနဦးသွားပြီးနောက် တစ်ရက်၊ နှစ်ရက်အကြာတွင် ယခင် သူတို့ဆွေးနွေးခဲ့သည့်အကြောင်းအရာပါသည့် မဂ္ဂဇင်းတစ်စောင်ကို အိမ်ရှင်အား ပေးရန် ခေတ္တခဏသွားလည်ပတ်သည်။ သူမက အိမ်ရှင်အား “ဒီဆောင်းပါးကို တွေ့တာနဲ့ မိတ်ဆွေဖတ်ချင်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ခုတော့ ဝင်ပြီးစကားပြောဖို့အချိန်မရှိပေမဲ့လည်း စီစဉ်ထားတဲ့အတိုင်း ဗုဒ္ဓဟူးနေ့မွန်းလွဲမှာ ပြန်လာပါ့မယ်။ အဲဒီအချိန်က မိတ်ဆွေအတွက် အဆင်ပြေတယ်မဟုတ်လား” ဟူ၍ပြောသည်။
၂၄ လူတစ်ဦးသည် သမ္မာတရား၌ စိတ်ဝင်စားမှုပြသောအခါ သူသည် ပုံစံတစ်မျိုး သို့မဟုတ် အခြားပုံစံဖြင့် အတိုက်အခံတွေ့ရမည်ကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။ အစကနဦးတွေ့ဆုံခဲ့ပြီးနောက် စောစောပြန်သွားခြင်းသည် ဆွေမျိုးများ၊ ရင်းနှီးသောမိတ်ဆွေများနှင့် အခြားသူများမှ သက်ရောက်မည့် မည်သည့်ဖိအားကိုမဆို ကြံ့ကြံ့ခံရပ်နိုင်ရန် ခွန်အားရှိစေမည်။
၂၅ လူအများရှိသောနေရာများတွင် တွေ့ခဲ့ရသူများ၏စိတ်ဝင်စားမှုကို ပျိုးထောင်ပေးပါ– ကျွန်ုပ်တို့ထဲမှများစွာသောသူတို့သည် လမ်းပေါ်၊ ကားရပ်ထားသည့်နေရာ၊ လူထုသယ်ယူပို့ဆောင်ရေးယာဉ်၊ စျေးဝယ်ခြမ်းရေးဗဟိုဌာနများ၊ ပန်းခြံ စသည့်နေရာများတွင် ဟောပြောရခြင်းကို ပျော်မွေ့ ကြသည်။ ထို့အပြင် ကျွန်ုပ်တို့သည် စာပေများဝေငှရန် စိတ်ဝင်စားမှုကို ပျိုးထောင်ပေးဖို့လိုသည်။ ထိုရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့နှင့်တွေ့သည့် စိတ်ဝင်စားသူတိုင်း၏ နာမည်၊ လိပ်စာနှင့် ဖြစ်နိုင်ပါက ဖုန်းနံပါတ်ကိုပါ ရရှိရန် ကြိုးစားအားထုတ်သင့်သည်။ ဤအချက်အလက်များကိုရရှိရန် သင်ထင်သလောက်မခက်ပါ။ စကားအပြန်အလှန်ပြောဆို၍ ရင်းနှီးလာသောအခါ သင့်မှတ်စုစာအုပ်ကိုထုတ်ပြီး “တခြားအချိန်မှာ ဒီလိုဘဲ ဆက်ပြီးစကားအပြန်အလှန်ပြောနိုင်ဖို့ နည်းတစ်ခုခုမရှိနိုင်ဘူးလား” ဟူ၍မေးပါ။ သို့မဟုတ် “မိတ်ဆွေစိတ်ဝင်စားမယ်လို့ ကျွန်တော်ယုံကြည်ထားတဲ့ ဆောင်းပါးတစ်ခုကို မိတ်ဆွေကိုဖတ်စေချင်ပါတယ်၊ မိတ်ဆွေရဲ့အိမ် ဒါမှမဟုတ် ရုံးကို ယူလာပေးရမလား” ဟူ၍ပြောပါ။ ညီအစ်ကိုတစ်ဦးသည် ရိုးရိုးလေးဖြင့် “မိတ်ဆွေကို ဘယ်ဖုန်းနံပါတ်နဲ့ဆက်သွယ်လို့ရနိုင်မလဲ” ဟူ၍မေးသည်။ ထိုညီအစ်ကိုသည် သုံးလအတွင်း သုံးဦးကလွဲလျှင် အားလုံးက လိုလိုလားလားပင် သူတို့၏ဖုန်းနံပါတ်ကို ပေးကြကြောင်း သတင်းပို့သည်။
၂၆ စိတ်ဝင်စားမှုတွေ့ ရန်နှင့် တိုးပွားလာရန် တယ်လီဖုန်းအသုံးပြုပါ– ရှေ့ဆောင်ညီအစ်မတစ်ဦးသည် အဆင့်မြင့်လုံခြုံမှုရှိသောအဆောက်အဦများတွင် နေထိုင်သူများထံဆက်သွယ်ရန် တယ်လီဖုန်းကိုအသုံးပြုသည်။ သူမသည် ထိုနည်းဖြင့်ပင် ပြန်လည်ပတ်မှုများကိုလည်း ပြုလုပ်သည်။ ပထမဦးဆုံးဆက်သည့်အခါ “ကျွန်မကို မိတ်ဆွေမသိဘူးဆိုတာကျွန်မသိပါတယ်။ ကျမ်းစာထဲကအကြောင်းအရာတစ်ခုကို မျှဝေပေးဖို့အတွက် မိတ်ဆွေရဲ့နယ်မြေမှာရှိတဲ့ သူတွေနဲ့ ဆက်သွယ်ဖို့ အထူးကြိုးစားလုပ်ဆောင်နေပါတယ်။ မိတ်ဆွေ ခဏလောက်အချိန်ရမယ်ဆိုရင် . . . မှာပါတဲ့ ကတိတော်ကို ဖတ်ပြချင်ပါတယ်” ဟူ၍သူမပြောသည်။ ကျမ်းချက်ကိုသူမဖတ်ပြပြီးနောက် သူမက “အဲဒီအချိန်ရောက်လာတာကို ကျွန်မတို့တွေ့ မြင်နိုင်တယ်ဆိုရင် မကောင်းဘူးလား။ ကျွန်မတော့ မိတ်ဆွေကိုဖတ်ပြရလို့ သိပ်ပျော်တယ်။ မိတ်ဆွေလည်း ပျော်မယ်ဆိုရင် နောက်တစ်ခါပြန်ဆက်ပြီး အခြားကျမ်းချက်ကို ဆွေးနွေးချင်ပါတယ်” ဟူ၍ပြောသည်။
၂၇ နောက်တစ်ကြိမ်ပြန်၍ဖုန်းဆက်သောအခါ ယခင်စကားအပြန်အလှန်ပြောဆိုခဲ့သည်ကို ပြန်သတိရစေကာ ဆိုးသွမ်းမှုများကို ဖယ်ရှားပစ်လိုက်တဲ့အချိန်မှာ ဘယ်လိုအခြေအနေတွေဖြစ်လာမယ်ဆိုတာ ကျမ်းစာမှ သူမဖတ်ပြပေးလိုကြောင်းပြောပြသည်။ သို့ဖြင့် သူမသည် အိမ်ရှင်နှင့် တိုတုတ်သောကျမ်းစာဆွေးနွေးခန်းတစ်ခုရလိုက်သည်။ တယ်လီဖုန်းဖြင့်အပြန်အလှန်ပြောဆိုသည့်နည်းကို များစွာပြုလုပ်ခြင်းဖြင့် ၃၅ ဦးသည် သူမအား သူတို့၏အိမ်သို့ ဖိတ်ခေါ်ခဲ့ပြီး အိမ်တွင်းကျမ်းစာသင်အံမှုခုနစ်ခုကို ကျင်းပလျက်ရှိသည်! တစ်ခါတစ်ရံ ပိတ်ဆို့နေသောလမ်းများ၊ အလွန်အေးသောအခြေအနေ သို့မဟုတ် နာမကျန်းဖြစ်ခြင်းတို့ကြောင့် ချမ်းအေးသောဆောင်းရာသီလများအတွင်း စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုပြုလုပ်ဖို့ သင့်အတွက် အခက်အခဲရှိသလော။ ထိုသို့ဖြစ်မည်ဆိုလျှင် တယ်လီဖုန်းဖြင့် သူတို့ထံဆက်သွယ်ပါလေ။
၂၈ စီးပွားရေးရပ်ကွက်များတွင် တွေ့ရသည့်စိတ်ဝင်စားမှုကို ဆက်ပျိုးထောင်ပါ– တစ်ဆိုင်မှတစ်ဆိုင်အမှုဆောင်ရာတွင် မဂ္ဂဇင်းဝေငှရုံထက်မက ပို၍လုပ်ဆောင်ခြင်း ပါဝင်သည်။ များစွာသောဆိုင်ရှင်တို့သည် သမ္မာတရား၌ အမှန်တကယ်စိတ်ဝင်စားကြကာ ထိုစိတ်ဝင်စားမှုကို ပျိုးထောင်ပေးရမည်ဖြစ်သည်။ တချို့သောအခြေအနေများတွင် စီးပွားရေးလုပ်သည့်နေရာတွင် ကျမ်းစာဆွေးနွေးရန် သို့မဟုတ် သင်အံမှုချက်ချင်းကျင်းပရန်အထိပင် ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ အခြားအခြေအနေများတွင်မူ သင်နှင့်စိတ်ဝင်စားသူတို့သည် နေ့လယ်နားချိန် သို့မဟုတ် အခြားအဆင်ပြေမည့်အချိန်တစ်ချိန်ချိန်တွင် တွေ့နိုင်ကြပေမည်။
၂၉ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် ကုန်စုံစတိုးဆိုင်ငယ်တစ်ခု၏ပိုင်ရှင်ထံ သွားရောက်လည်ပတ်ကာ ကျမ်းစာသင်အံမှုပြုပုံကို ပြပေးမည်အကြောင်း ကမ်းလှမ်းခဲ့သည်။ ထိုသို့ပြရန် အချိန်မည်မျှကြာမည်နည်းဟု မေးသောအခါ နယ်လှည့်ကြီးကြပ်မှူးက ၁၅ မိနစ်သာ ကြာမည်ဖြစ်ကြောင်းပြောပြသည်။ ထိုအခါ ဆိုင်ရှင်သည် “မိနစ် ၂၀ ကြာမှပြန်လာပါ” ဟူသောဆိုင်းဘုတ်ကို တံခါးပေါက်တွင် ချိတ်ဆွဲလိုက်ကာ ထိုင်ခုံနှစ်လုံးကိုယူထိုင်ပြီး အသိပညာစာအုပ်၏ ပထမအပိုဒ် ၅ ပိုဒ်ကို သူတို့နှစ်ယောက်ဆွေးနွေးကြသည်။ ထိုစိတ်ရင်းမှန်ရှိသောသူသည် တနင်္ဂနွေနေ့တွင်ကျင်းပသည့် လူထုအစည်းအဝေးနှင့် ကင်းမျှော်စင်သင်တန်းကို တက်ရောက်ရာမှ သိရှိခဲ့ရာများကြောင့် အလွန်စွဲမှတ်သွားကာ နောက်အပတ်တွင် ဆက်၍သင်အံမှုပြုရန် သဘောတူခဲ့သည်။
၃၀ စီးပွားရေးရပ်ကွက်တစ်ခုတွင် သင်အံမှုကမ်းလှမ်းရန် သင် ဤသို့ပြောနိုင်သည်– “ကျွန်တော်တို့ရဲ့ ကျမ်းစာသင်အံမှုအစီအစဉ်ကိုပြပေးဖို့ ၁၅ မိနစ်သာကြာပါတယ်။ အဆင်ပြေတယ်ဆိုရင် ဘယ်လိုလုပ်သလဲဆိုတာ မိတ်ဆွေကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ပြပေးပါ့မယ်။” သို့ဖြင့် အချိန်ကိုအတိအကျ လိုက်နာပါ။ အလုပ်လုပ်သည့်နေရာတွင် အချိန်ကြာကြာဆွေးနွေးရန် မဖြစ်နိုင်ပါက ဆိုင်ရှင် အိမ်တွင်ရှိသည့်အခါ သွားရောက်လည်ပတ်ခြင်းသည် ပို၍သင့်လျော်ပေမည်။
၃၁ မည်သည့်စာပေကိုမဆို ဝေငှမထားဦးတော့ ပြန်သွားပါ– စာပေဝေငှရသည်ဖြစ်စေ၊ မဝေငှရသည်ဖြစ်စေ စိတ်ဝင်စားမှုအနည်းငယ်တင်ပြသူတိုင်းကို ပြန်လည်ပတ်သင့်သည်။ မှန်ပါသည်၊ အိမ်ရှင်သည် နိုင်ငံတော်သတင်းတရား၌ အမှန်တကယ်စိတ်မဝင်စားကြောင်း သိသာထင်ရှားလာပါက သင့်ကြိုးစားအားထုတ်မှုကို အခြားနေရာသို့ဦးတည်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။
၃၂ အိမ်ပေါက်စေ့အမှုဆောင်တွင် ညီအစ်မတစ်ဦးသည် အမျိုးသမီးတစ်ဦးနှင့်ဆုံခဲ့သည်၊ သူမသည် အလွန်ဖော်ရွေသော်လည်း မဂ္ဂဇင်းဝေငှသည်ကို အခိုင်အမာငြင်းခဲ့သည်။ “ရက်အတော်ကြာကြာ သူမရဲ့အကြောင်း ကျွန်မစဉ်းစားခဲ့ပြီး သူမကို နောက်တစ်ခါ စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်” ဟူ၍ ကြေညာသူက စာရေးသည်။ နောက်ဆုံးတွင် ညီအစ်မသည် ဆုတောင်းပြီး သတ္တိမွေးကာ အမျိုးသမီး၏တံခါးကို ခေါက်လိုက်သည်။ အိမ်ရှင်က အိမ်ထဲသို့ဖိတ်ခေါ်လိုက်သောအခါ အလွန်ပျော်သွားသည်။ ကျမ်းစာသင်အံမှုကိုစလိုက်ပြီး နောက်တစ်နေ့တွင် ထပ်သင်ကြပြန်သည်။ အချိန်တန်သော် အိမ်ရှင်သည် သမ္မာတရားရလာသည်။
၃၃ အများဆုံးပြီးမြောက်အောင်မြင်ရန် ကြိုတင်စီစဉ်ပါ– ပတ်စဉ် အချိန်တချို့ကို ပြန်လည်ပတ်မှုများပြုလုပ်ရာတွင် အသုံးပြုရန် အကြံပြုပါသည်။ စီစဉ်မှုကောင်းခြင်းဖြင့် များများပြီးမြောက်အောင်မြင်နိုင်ပါသည်။ သင် တစ်အိမ်မှတစ်အိမ်အမှုဆောင်မည့်ရပ်ကွက်တွင်ပင် ပြန်လည်ပတ်မှုပြုလုပ်ရန်စီစဉ်ပါ။ ကားတစ်စီးဖြင့်လုပ်ဆောင်သောအခါ တစ်ဦးစီကို ပြန်လည်ပတ်မှုပြုလုပ်ဖို့ အခွင့်အရေးအပြည့်အဝရရှိစေရန် အုပ်စုကို ငယ်ငယ်ထားသင့်သည်။ မလိုအပ်ဘဲကားမောင်းခြင်းကို ရှောင်ကြဉ်နိုင်ရန် ကားဒရိုင်ဘာသည် ပြန်လည်ပတ်မှုများပြုလုပ်မည့်နေရာကို ကြိုသိထားသင့်သည်။
၃၄ ပြန်လည်ပတ်မှုပြုလုပ်ခြင်းနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများစတင်ရာတွင် အောင်မြင်မှုရရှိကြသူများက လူတို့ကို ရိုးသားသောပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းနှင့် ပြန်လည်ပတ်မှုပြုလုပ်ပြီးနောက်၌ပင် သူတို့အကြောင်းဆက်စဉ်းစားတွေးတောနေခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း ပြောပြကြသည်။ ဆွေးနွေးရန် နှစ်သက်ဖွယ်ကျမ်းစာအကြောင်းအရာတစ်ခုရှိထားခြင်းနှင့် ပထမဦးဆုံးအကြိမ်လည်ပတ်ရာမှ ထွက်မလာခင် ပြန်လည်ပတ်မှုအတွက် လမ်းခင်းထားရန်လည်း လိုအပ်သည်။ ထို့အပြင် စိတ်ဝင်စားမှုကို ဆက်ပျိုးထောင်ပေးရန် ချက်ချင်းပြန်သွားရန် အရေးကြီးသည်။ ကျမ်းစာသင်အံမှုစရန်ဟူသော ရည်မှန်းချက်ကို စိတ်ထဲတွင် အစဉ်အမြဲစွဲမှတ်ထားရမည်။
၃၅ ပြန်လည်ပတ်မှုပြုလုပ်ရာတွင် အောင်မြင်ဖို့ အဓိကအရည်အသွေးတစ်ခုမှာ ရဲစွမ်းသတ္တိရှိခြင်းဖြစ်သည်။ ယင်းကိုမည်သို့ရရှိသနည်း။ တမန်တော်ပေါလုက ကျွန်ုပ်တို့သည် “ဘုရားသခင်ကို အမှီပြု၍” ‘အခြားသူများအား သတင်းကောင်းကြေညာရန် ရဲစွမ်းသတ္တိရရှိ’ သည်ဟု ဖြေကြားသည်။ သင်သည် ဤကဏ္ဍတွင် တိုးတက်ဖို့လိုအပ်ပါက အကူအညီရရန် ယေဟောဝါထံ ဆုတောင်းပါ။ ထို့နောက် သင့်ဆုတောင်းချက်များနှင့်အညီ စိတ်ဝင်စားသူအားလုံးထံ ပြန်လည်ပတ်သွားပါ။ သင့်ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးမည်မှာ သေချာပါသည်!
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
ပြန်လည်ပတ်မှုများပြုလုပ်ရာတွင် အောင်မြင်မှုရရှိနိုင်ပုံ
◼ လူတို့ကို ရိုးသားသောပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု ပြပါ။
◼ ဆွေးနွေးရန် နှစ်သက်ဖွယ်ကျမ်းစာအကြောင်းအရာတစ်ခုကို ရွေးပါ။
◼ ဆက်တိုက်ပြုလုပ်မည့် လည်ပတ်မှုတစ်ခုစီအတွက် လမ်းခင်းထားပါ။
◼ သင်ထွက်ခွာလာပြီးနောက် လူတို့အကြောင်း ဆက်စဉ်းစားတွေးတောပါ။
◼ စိတ်ဝင်စားမှုကို ဆက်ပျိုးထောင်ပေးရန် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းပြန်သွားပါ။
◼ သင့်ရည်မှန်းချက်မှာ ကျမ်းစာသင်အံမှုစရန်ဖြစ်ကြောင်း စိတ်ထဲစွဲမှတ်ထားပါ။
◼ ဤလုပ်ငန်းတွင် ရဲစွမ်းသတ္တိရှိရန် အကူအညီအတွက် ယေဟောဝါထံ ဆုတောင်းပါ။