ခရစ်ယာန်အသက်တာလမ်းစဉ်
ယေဟောဝါရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို စွဲကိုင်ထားပါ
ယေဟောဝါဘုရားက လူတွေအတွက် ကိုယ်ကျင့်တရားစံနှုန်းကို ချမှတ်ပေးတယ်။ ဥပမာ၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အိမ်ထောင်ပြုလိုက်ရင် အမြဲပေါင်းသင်းသွားဖို့ ဖြစ်တယ်။ (မ. ၁၉:၄-၆၊ ၉) လိင်အကျင့်ယိုယွင်းမှု အားလုံးကို တားမြစ်ထားတယ်။ (၁ ကော. ၆:၉၊ ၁၀) တခြားလူမျိုးနဲ့ ကွဲပြားခြားနားစေဖို့ ဝတ်စားဖြီးလိမ်းပုံကိုတောင် လမ်းညွှန်ပေးတယ်။—တရား. ၂၂:၅။ ၁ တိ. ၂:၉၊ ၁၀။
အခုခေတ် လူတွေကတော့ ယေဟောဝါရဲ့ စံနှုန်းတွေကို လက်မခံကြဘူး။ (ရော. ၁:၁၈-၃၂) ခေတ်ပေါ်ပုံစံအတိုင်း ဝတ်စားဖြီးလိမ်း၊ ကျင့်ကြံပြုမူကြတယ်။ လုပ်ရပ်အမှားတွေလုပ်ပြီး ဂုဏ်ယူနေကြသလို သူတို့လို မလုပ်တဲ့သူတွေကို ကဲ့ရဲ့လိုက်သေးတယ်။—၁ ပေ. ၄:၃၊ ၄။
ယေဟောဝါသက်သေတွေဟာ ဘုရားသခင့် ကိုယ်ကျင့်တရားစံနှုန်းတွေကို သတ္တိရှိရှိ စွဲကိုင်ထားရမယ်။ (ရော. ၁၂:၉) ဘယ်လိုနည်းနဲ့လဲ။ ဘုရားသခင့် စံနှုန်းတွေကို လိမ္မာပါးနပ်စွာ ဖော်ပြသင့်တယ်။ ကိုယ်တိုင်ကလည်း အဲဒီစံနှုန်းအတိုင်း နေထိုင်နေဖို့ လိုတယ်။ ဥပမာ၊ အဝတ်အစား၊ ဆံပင်ပုံစံ ရွေးချယ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ပုံစံက ယေဟောဝါစံနှုန်းနဲ့ ညီရဲ့လား၊ လောကပုံစံ ပေါက်နေလား။ ငါ့ရဲ့ ဝတ်စားဖြီးလိမ်းပုံက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့ ခရစ်ယာန်တစ်ယောက်ပုံမျိုး ထွက်ရဲ့လား။’ ရုပ်ရှင် ဒါမှမဟုတ် အစီအစဉ်တစ်ခုကြည့်ဖို့ ရွေးချယ်တဲ့အခါ ဒီလိုမေးပါ– ‘ဒီအစီအစဉ်ကို ယေဟောဝါ ကြိုက်ပါ့မလား။ ဘယ်သူ့ရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို အသားပေးထားသလဲ။ ငါရွေးချယ်တဲ့ အပန်းဖြေမှုက ငါ့ရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို အားနည်းစေသလား။ (ဆာ. ၁၀၁:၃) မိသားစုနဲ့ တခြားသူတွေ တိုက်မိလဲသွားနိုင်သလား။’—၁ ကော. ၁၀:၃၁-၃၃။
ယေဟောဝါရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို စွဲကိုင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။ မကြာခင် ခရစ်တော် ယေရှုက ဆိုးသွမ်းမှုအားလုံးကို ဖျက်ဆီးတော့မှာဖြစ်လို့ပဲ။ (ယေဇ. ၉:၄-၇) ဘုရားအလိုတော်အတိုင်း နေထိုင်သူတွေပဲ ကျန်ရှိမှာဖြစ်တယ်။ (၁ ယော. ၂:၁၅-၁၇) ကျွန်တော်တို့ရဲ့ အကျင့်ကောင်းကို တွေ့တဲ့သူတွေ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းစေဖို့ ယေဟောဝါရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ဆက်စွဲကိုင်ထားကြပါစို့။—၁ ပေ. ၂:၁၁၊ ၁၂။
သင့် ဝတ်စားဖြီးလိမ်းပုံက သင့်ရဲ့ကိုယ်ကျင့်တရားစံနှုန်းကို ဖော်ပြတယ်
ယေဟောဝါရဲ့မိတ်ဆွေဖြစ်ပါ—ယောက်ျားနဲ့ မိန်းမ ဗီဒီယိုကြည့်ပြီး အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ–
ယေဟောဝါရဲ့ စံနှုန်းအတိုင်း နေထိုင်တာက ဘာကြောင့် ပညာရှိရာရောက်သလဲ။
မိဘတွေဟာ ကလေးတွေကို ငယ်ငယ်ကတည်းက ယေဟောဝါရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေ ဘာကြောင့် သင်ပေးသင့်သလဲ။
တခြားသူတွေ ဘုရားသခင်ရဲ့ ကောင်းမြတ်မှု ခံစားရအောင် လူငယ်ရော လူကြီးတွေပါ ဘယ်လို ကူညီပေးနိုင်သလဲ။