ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါက ‘ကျွန်တော့်ရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေ’
တစ်ခါက ညီအစ်ကိုလေး တစ်ယောက်က ကျွန်တော့်ကို “ဘယ်ကျမ်းချက် အကြိုက်ဆုံးလဲ” လို့ မေးတယ်။ “‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်’ ဆိုတဲ့ ပညာအလိမ္မာ ၃:၅၊ ၆” လို့ ချက်ချင်း ပြန်ဖြေခဲ့တယ်။ တကယ်ပဲ ကျွန်တော့်ရဲ့ လမ်းခရီးတွေကို ယေဟောဝါ ဖြောင့်ဖြူးစေတယ်။ ဘယ်လိုနည်းနဲ့လဲ။
လမ်းကြောင်းမှန် ရှာတွေ့ဖို့ မိဘတွေ ကူညီ
၁၉၂၀ နောက်ပိုင်းမှာ ကျွန်တော့်မိဘတွေ အမှန်တရား သိလာတယ်။ အဲဒီတုန်းက သူတို့ လက်မထပ်ရသေးဘူး။ ၁၉၃၉ မှာ ကျွန်တော် မွေးတယ်။ ကလေးတုန်းက မိဘတွေနဲ့အတူ ခရစ်ယာန် အစည်းအဝေးတွေ လိုက်တက်တယ်။ နောက်ပိုင်း၊ သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှာ ပါဝင်တယ်။ ဦးဆုံး ကျောင်းသားတာဝန် ရတဲ့အချိန်ကို မှတ်မိသေးတယ်။ ဟောပြောစင်ကို မီအောင် ပုံးတစ်ခုပေါ် တက်ခဲ့ရတာ။ အဲဒီတုန်းက ခြောက်နှစ်ပဲ ရှိသေးတယ်။ ပရိသတ်ထဲက လူကြီးတွေကို ကြည့်ပြီး အရမ်း စိတ်လှုပ်ရှားခဲ့တယ်။
မိဘတွေနဲ့အတူ လမ်းပေါ် သက်သေခံခြင်းမှာ ပါဝင်နေ
အမှုဆောင်မှာ သုံးဖို့ တင်ဆက်နည်း ရိုးရိုးလေးတစ်ခုကို အဖေက ကတ်ပေါ်မှာ ရိုက်ပေးတယ်။ ဦးဆုံးအကြိမ် ကျွန်တော် စဟောတုန်းက အသက် ရှစ်နှစ်ပဲ ရှိသေးတယ်။ အိမ်တစ်အိမ်ကို တစ်ယောက်တည်း တံခါး သွားခေါက်တော့ အိမ်ရှင်က ကျွန်တော့်ကတ်ကို ဖတ်ကြည့်ပြီး “ဘုရားသခင် သစ္စာတော် တည်စေသတည်း” စာအုပ်ကို ချက်ချင်း လက်ခံခဲ့တယ်။ ကျွန်တော် ဝမ်းသာလွန်းလို့ အဖေ့ဆီ ပြေးပြီး ပြောပြခဲ့တယ်။ အမှုဆောင်နဲ့ အစည်းအဝေးတွေက ကျွန်တော့်ကို ပျော်ရွှင်စေပြီး အချိန်ပြည့် အမှုဆောင်ချင်စိတ် ပေါ်လာစေတယ်။
ကျွန်တော့်အတွက် ကင်းမျှော်စင် နှစ်စဉ်ကြေး အဖေ မှာပေးတော့ ကျမ်းစာအမှန်တရားကို ပိုမြတ်နိုးတတ်လာတယ်။ မဂ္ဂဇင်း တစ်စောင် ရောက်လာတိုင်း ချက်ချင်း စိတ်ဝင်တစား ဖတ်တယ်။ ယေဟောဝါအပေါ် ယုံကြည်ကိုးစားစိတ် တိုးများလာပြီး ဆက်ကပ်အပ်နှံလိုက်တယ်။
၁၉၅၀၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သီအိုကရေစီ တိုးပွားမှု အစည်းအဝေးကို ကျွန်တော်တို့ မိသားစု တက်ခဲ့တယ်။ ဩဂုတ် ၃ ရက်၊ ကြာသပတေးနေ့ အဓိက အကြောင်းအရာက “သာသနာပြုနေ့” ဖြစ်တယ်။ နောက်ပိုင်းမှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်လာတဲ့ ညီအစ်ကို ကယ်ရီ ဘာဘာက အဲဒီနေ့မှာ နှစ်ခြင်း ဟောပြောချက် ပေးတယ်။ ဟောပြောချက် အဆုံးမှာ နှစ်ခြင်းခံမယ့်သူတွေကို မေးခွန်း နှစ်ခု မေးတော့ ကျွန်တော် မတ်တတ်ရပ်ပြီး “ဟုတ်ကဲ့” လို့ ဖြေလိုက်တယ်။ ကျွန်တော် အသက် ၁၁ နှစ်ပဲ ရှိသေးပေမဲ့ အရေးကြီး ခြေလှမ်း လှမ်းလိုက်ပြီဆိုတာ သဘောပေါက်တယ်။ ဒါပေမဲ့ ရေမကူးတတ်သေးလို့ ရေထဲ ဆင်းရမှာ ကြောက်နေတယ်။ ဦးလေးက ကျွန်တော့်ကို နှစ်ခြင်းကန်ဆီ ခေါ်သွားပေးပြီး အဆင်ပြေသွားမှာပါလို့ ပြောတယ်။ တကယ်လည်း မြန်လွန်းလို့ ရေကန်ရဲ့ ကြမ်းပြင်ကိုတောင် ခြေဖျား မထိလိုက်ဘူး။ ညီအစ်ကို တစ်ယောက်က နှစ်ခြင်းပေးတယ်။ နောက်တစ်ယောက်က ရေကန်ထဲကနေ ချီပင့်ပေးတယ်။ အဲဒီအရေးကြီးနေ့ကစပြီး ကျွန်တော့်ရဲ့ လမ်းခရီးတွေကို ယေဟောဝါ ဆက်ဖြောင့်ဖြူးစေတယ်။
ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ရွေးချယ်ခြင်း
ကျောင်းပြီးတော့ ရှေ့ဆောင် လုပ်ချင်ပေမဲ့ ဆရာတွေက တက္ကသိုလ် တက်ဖို့ တိုက်တွန်းတယ်။ ဖိအားပေးတာကို မလွန်ဆန်နိုင်ဘဲ တက္ကသိုလ် တက်လိုက်တယ်။ ဒါပေမဲ့ ကျောင်းစာတွေကို အာရုံစိုက်ရင်း တစ်ချိန်တည်းမှာ အမှန်တရားဘက် အခိုင်အမာ ရပ်တည်နေဖို့ မဖြစ်နိုင်မှန်း မကြာခင်မှာပဲ သဘောပေါက်လာလို့ ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအကြောင်း ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။ ဆရာတွေကို ထွက်စာမှာ လေးလေးစားစား ရှင်းပြပြီး ပထမနှစ် ပြီးခါနီးမှာ ကျောင်းထွက်လိုက်တယ်။ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပြီး ရှေ့ဆောင်လုပ်ငန်းမှာ ချက်ချင်း ပါဝင်တယ်။
၁၉၅၇၊ ဇူလိုင်မှာ ကျွန်တော် ဝဲလင်းဘာရာမြို့မှာ စပြီး အချိန်ပြည့် အမှုဆောင်တယ်။ ကျွန်တော် တွဲအမှုဆောင်နိုင်မယ့် အတွေ့အကြုံရှိ ရှေ့ဆောင် ညီအစ်ကို တစ်ယောက်ယောက်များ ရှိသလားလို့ လန်ဒန် ဗေသလက ညီအစ်ကိုတွေကို မေးတယ်။ ဒီလိုနဲ့ ညီအစ်ကို ဘတ် ဗာဆေးဟာ ကျွန်တော့်တွဲဖက် ဖြစ်လာတယ်။ သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ သူ့ရဲ့ ဇွဲထက်သန်မှုက ဟောပြောခြင်း လုပ်ငန်းမှာ ဇယားကောင်း ရှိဖို့ ကျွန်တော့်ကို ကူညီပေးတယ်။ အသင်းတော်မှာ သက်ကြီး ညီအစ်မ ခြောက်ယောက်၊ ညီအစ်ကို ဗာဆေးနဲ့ ကျွန်တော်ပဲ ရှိတယ်။ အစည်းအဝေးတိုင်းအတွက် ပြင်ဆင်၊ ပါဝင်တာက ယေဟောဝါအပေါ် ယုံကြည်ကိုးစားတတ်ဖို့၊ ယုံကြည်ခြင်းကို ဖော်ပြဖို့ အခွင့်အရေး အများကြီး ရစေတယ်။
စစ်မှုမထမ်းလို့ ခဏ ထောင်ကျပြီးနောက် အထူးရှေ့ဆောင် ညီအစ်မ ဘာဘရာနဲ့ တွေ့ပြီး ၁၉၅၉ မှာ လက်ထပ်လိုက်တယ်။ တာဝန်ကျတဲ့ ဘယ်နေရာကိုမဆို ကျွန်တော်တို့ သွားချင်ကြတယ်။ ဦးဆုံး တာဝန်ကျတဲ့ နေရာကတော့ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းက လန်ကရှိုင်းယားပါ။ ၁၉၆၁၊ ဇန်နဝါရီမှာ လန်ဒန် ဗေသလမှာ ကျင်းပတဲ့ တစ်လကြာ နိုင်ငံတော် ဓမ္မအမှုကျောင်း တက်ဖို့ ကျွန်တော် ဖိတ်ခေါ်ခံရတယ်။ သင်တန်းပြီးတော့ နယ်လှည့်လုပ်ငန်း တာဝန် ရလို့ အံ့ဩခဲ့ရတယ်။ အတွေ့အကြုံရှိ တိုက်နယ်ကြီးကြပ်မှူး တစ်ယောက်က ဘာမင်ဟန်မြို့မှာ နှစ်ပတ် လေ့ကျင့်ပေးတယ်။ ဘာဘရာကိုလည်း အတူလိုက်ခွင့်ပေးတယ်။ အဲဒီနောက် တာဝန်ကျတဲ့ လန်ကရှိုင်းယားနဲ့ ချက်ရှိုင်းယားခရိုင်ကို ကျွန်တော်တို့ ပြန်သွားတယ်။
ယေဟောဝါကို ယုံကြည်ကိုးစားတာ ဘယ်တော့မှ မမှားဘူး
၁၉၆၂၊ ဩဂုတ်မှာ ကျွန်တော်တို့ အားလပ်ခွင့် ယူထားတုန်း ဌာနခွဲရုံးကနေ စာရောက်လာတယ်။ စာအိတ်ထဲမှာ ဂိလဒ်ကျောင်းအတွက် လျှောက်လွှာတွေ။ ဆုတောင်းပြီးနောက် ဘာဘရာနဲ့ ကျွန်တော် လျှောက်လွှာဖြည့်ပြီး တောင်းဆိုထားတဲ့အတိုင်း ဌာနခွဲရုံးကို အမြန် ပြန်ပို့လိုက်တယ်။ ငါးလကြာပြီးနောက်မှာ ဆယ်လကြာ ၃၈ ကြိမ်မြောက် ဂိလဒ်ကျောင်း တက်ဖို့ နယူးယောက်၊ ဘရွတ်ကလင်ကို ကျွန်တော်တို့ ရောက်လာတယ်။
ဂိလဒ်ကျောင်းက ကျမ်းစာအကြောင်း၊ အဖွဲ့အစည်းအကြောင်းသာမက ညီအစ်ကို အသင်းအပင်းအကြောင်းလည်း သင်ပေးတယ်။ အသက် ၂၀ ကျော်ပဲ ရှိသေးတဲ့ ကျွန်တော်တို့ဟာ အတန်းဖော် ကျောင်းသားတွေဆီက အများကြီး သင်ယူခဲ့ရတယ်။ ပို့ချသူ ညီအစ်ကို ဖရက် ရာ့စ်နဲ့ နေ့တိုင်း တွဲပြီး တာဝန်ကျတာ အခွင့်ထူးတစ်ခုပါပဲ။ ညီအစ်ကို ဖရက်ဆီကနေ သင်ယူရတဲ့ သင်ခန်းစာ တစ်ခုကတော့ အမြဲ နည်းမှန်လမ်းကျ အကြံပေးနိုင်ဖို့ဆိုရင် အကြံပေးချက်ဟာ ကျမ်းစာပေါ် အခြေခံနေဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။ ပို့ချသူတွေထဲမှာ နေသန် နောရ်၊ ဖရက်ဒရစ် ဖရန့်၊ ကားလ် ကလိုင်းစတဲ့ အတွေ့အကြုံရှိ ညီအစ်ကိုတွေ ပါတယ်။ ညီအစ်ကို အေ အိတ်ချ် မက်မီလန်ရဲ့ နှိမ့်ချမှု ပုံသက်သေကနေလည်း ကျောင်းသားတွေ များစွာ သင်ယူခဲ့ရတယ်။ ၁၉၁၄ ကနေ ၁၉၁၉ အစောပိုင်းနှစ်တွေအတွင်း စမ်းသပ်ရာကာလမှာ မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့ကြောင်း ညီအစ်ကို မက်မီလန်ရဲ့ ပို့ချချက်တွေကနေ သိခဲ့ရတယ်။
တာဝန် အပြောင်းအလဲ
သင်တန်း ပြီးခါနီးမှာ ညီအစ်ကို နောရ်က ဘာဘရာနဲ့ ကျွန်တော့်ကို အာဖရိကတိုက်မှာ ရှိတဲ့ ဘူရွန်ဒီမှာ တာဝန်ပေးမယ့်အကြောင်း ပြောတယ်။ ဘူရွန်ဒီမှာ ကြေညာသူ ဘယ်နှယောက် ရှိသလဲဆိုတာ သိဖို့ ဗေသလ စာကြည့်တိုက်က နှစ်ချုပ်စာအုပ် မှာ ကျွန်တော်တို့ ပြေးရှာပေမဲ့ အဲဒီနိုင်ငံနဲ့ပတ်သက်ပြီး ဘာမှတ်တမ်းမှ ရှာမတွေ့လို့ အံ့ဩသွားကြတယ်။ လုံးဝ မဟောပြောရသေးတဲ့ နိုင်ငံကို သွားရတော့မှာ။ အဲဒီနိုင်ငံအကြောင်း သိပ်မသိတော့ စိတ်ပူတာပေါ့။ ဒါပေမဲ့ ထက်ထက်သန်သန် ဆုတောင်းတာက စိတ်တည်ငြိမ်ဖို့ ကူညီပေးတယ်။
ဘူရွန်ဒီကို ရောက်တော့ ရာသီဥတု၊ ယဉ်ကျေးမှု၊ ဘာသာစကား အစစ အရာရာ ကွာသွားတယ်။ ပြင်သစ်စကား သင်ရတယ်။ နေစရာ ရှာရတယ်။ ရောက်ပြီး နှစ်ရက်ကြာတော့ ဂိလဒ်ကျောင်းတက်ဖော် ညီအစ်ကို ဟယ်ရီ အားနတ်က တာဝန်ကျတဲ့ ဇမ်ဘီယာကို အသွား ကျွန်တော်တို့ဆီ ဝင်လည်တယ်။ အိမ်ရှာဖို့ ကူညီပေးတယ်။ အဲဒီအိမ်ဟာ ကျွန်တော်တို့ရဲ့ ပထမဆုံး သာသနာပြုအိမ် ဖြစ်လာတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ယေဟောဝါသက်သေတွေကို မသိတဲ့ ဒေသခံ အာဏာပိုင်တွေဆီက ဆန့်ကျင်မှု ကြုံရတယ်။ တာဝန်သစ်မှာ အသားကျရုံ ရှိသေးတယ်။ တရားဝင် အလုပ်ပါမစ် မရှိရင် နေလို့ မရဘူးလို့ အာဏာပိုင်တွေ အကြောင်းကြားလာတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဘူရွန်ဒီကနေ ထွက်ပြီး ယူဂန္ဓာနိုင်ငံကို သွားခဲ့ရတယ်။
ဗီဇာ မပါဘဲ ယူဂန္ဓာကို သွားရလို့ စိုးရိမ်မိပေမဲ့ ယေဟောဝါဆီပဲ ပုံအပ်ထားလိုက်တယ်။ ယူဂန္ဓာနိုင်ငံထဲက ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်နေတဲ့ ကနေဒါနိုင်ငံသား ညီအစ်ကိုက ကျွန်တော်တို့ရဲ့ အခြေအနေအကြောင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိကို ရှင်းပြပေးတယ်။ ဒီလိုနဲ့ တရားဝင် နေထိုင်ခွင့် ရတဲ့အချိန်အထိ လအနည်းငယ် နေခွင့်ရသွားတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးနေတယ်ဆိုတဲ့ အထောက်အထားပါပဲ။
ယူဂန္ဓာနိုင်ငံက အခြေအနေတွေဟာ ဘူရွန်ဒီနဲ့ တော်တော် ကွာတယ်။ တစ်နိုင်ငံလုံးမှာ သက်သေခံ ၂၈ ယောက်ပဲ ရှိပေမဲ့ ဟောပြောခြင်းလုပ်ငန်းကတော့ စနေပြီ။ ရပ်ကွက်မှာ အင်္ဂလိပ် စကားပြောသူ အများကြီး တွေ့တယ်။ ဒါပေမဲ့ စိတ်ဝင်စားသူတွေ တိုးတက်လာအောင် ကူညီပေးဖို့ဆိုရင် အနည်းဆုံး ဒေသခံ စကားတစ်မျိုးလောက်တော့ သင်ထားမှ ဖြစ်မယ်လို့ တွေးမိတယ်။ စအမှုဆောင်တဲ့ ကန်ပါလာမြို့မှာ လူဂန္ဓာစကား အဓိက ပြောတာဖြစ်လို့ အဲဒီစကား သင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဖို့ နှစ်တော်တော် ကြာပေမဲ့ စကားတတ်ထားတော့ အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်တယ်။ ကျမ်းစာသင်သားတွေရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကို ပိုနားလည်လာတယ်။ သင်သားတွေကလည်း သိလာတာတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောပြကြတယ်။
ရပ်ကွက်ရှာဖွေခြင်း ခရီးစဉ်များ
“ရပ်ကွက် ရှာဖွေခြင်း ခရီးစဉ်” အတွင်း ယူဂန္ဓာမှာ
အမှန်တရားကို လက်ခံတုံ့ပြန်တဲ့ နှိမ့်ချသူတွေကို ရှာတွေ့လို့ ကျွန်တော်တို့ သိပ်ပျော်တယ်။ နယ်လှည့်လုပ်ငန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတော့ ထပ်ပျော်ရပြန်တယ်။ ကင်ညာ ဌာနခွဲရဲ့ ညွှန်ကြားချက်အရ အထူးရှေ့ဆောင် အလိုအပ်ဆုံး ဒေသတွေကို ရှာဖွေဖို့ နိုင်ငံအနှံ့ ခရီးသွားခဲ့ကြတယ်။ သက်သေခံတွေကို တစ်ခါမှ မတွေ့ဖူးတဲ့သူတွေ ဧည့်ဝတ်ပြုတာကို အကြိမ်ကြိမ် ကြုံခဲ့ရတယ်။ ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ အစားအသောက်တွေတောင် ပြင်ဆင်ပေးကြတယ်။
နောက်ခရီးစဉ် တစ်ခုကတော့ အိန္ဒိယ သမုဒ္ဒရာထဲက ဆေးရှဲကျွန်းစုပါပဲ။ ကန်ပါလာကနေ နှစ်ရက် ရထားစီးပြီး မွန်ဘာဆာမြို့ကို သွားတယ်။ အဲဒီကနေ ဆေးရှဲကျွန်းကို သင်္ဘောစီးပြီး ထပ်သွားရတယ်။ နောက်ပိုင်း၊ ၁၉၆၅ ကနေ ၁၉၇၂ အတွင်း ဆေးရှဲကျွန်းကို လည်ပတ်တဲ့အခါ ဘာဘရာလည်း လိုက်တယ်။ ကြေညာသူ နှစ်ယောက်ပဲ ရှိရာကနေ အုပ်စုလေး ဖြစ်လာတယ်။ နောက်ပိုင်း၊ အသင်းတော် ဖြစ်လာတယ်။ “ရပ်ကွက် ရှာဖွေခြင်း” ခရီးစဉ်နဲ့ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဆူဒန်နိုင်ငံတွေကို ရောက်ခဲ့တယ်။
စစ်တပ်က အာဏာသိမ်းလိုက်တော့ ယူဂန္ဓာမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာတယ်။ ထိတ်လန့်စရာကောင်းတဲ့ အဲဒီနှစ်တွေအတွင်း “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ” ဆိုတဲ့ ကျမ်းစာ မိန့်မှာချက်ကို လိုက်နာတာ အကောင်းဆုံး ဖြစ်မှန်း သိလာရတယ်။ (မာ. ၁၂:၁၇) တစ်ကြိမ်မှာ ယူဂန္ဓာနိုင်ငံထဲက နိုင်ငံခြားသားအားလုံး ကိုယ့်အိမ်နဲ့ အနီးဆုံး ရဲစခန်းမှာ မှတ်ပုံတင်ဖို့ တောင်းဆိုခံရတယ်။ ကျွန်တော်တို့ ချက်ချင်း မှတ်ပုံတင်လိုက်တယ်။ ရက်အနည်းငယ် ကြာတော့ သာသနာပြု ညီအစ်ကို တစ်ယောက်နဲ့ ကျွန်တော် ကန်ပါလာမြို့ကို ကားမောင်းပြီး ဖြတ်သွားတုန်း ရဲတွေ တားလို့ လန့်သွားကြတယ်။ ကျွန်တော်တို့ကို သူလျှိုတွေလို့ စွပ်စွဲပြီး ရဲဌာနချုပ်ဆီ ခေါ်သွားတယ်။ ကျွန်တော်တို့ဟာ သာသနာပြုတွေ ဖြစ်ကြောင်း၊ ရဲစခန်းမှာလည်း မှတ်ပုံတင်ထားပြီးပြီ ဖြစ်ကြောင်း ရှင်းပြပေမဲ့ အရာမရောက်ဘူး။ သာသနာပြုအိမ်နဲ့ အနီးဆုံး ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ ကျွန်တော်တို့ မှတ်ပုံတင်ထားမှန်း သိတဲ့၊ မှတ်လည်း မှတ်မိနေတဲ့ ရဲအရာရှိက ကျွန်တော်တို့ကို လွှတ်ပေးဖို့ ပြောပေးလို့ စိတ်သက်သာသွားတာပဲ။
အဲဒီတုန်းက စစ်သားတွေ လမ်းပိတ်ပြီး စစ်မေးတာ ခဏခဏ ကြုံရတယ်။ တချို့ဆို အရက်တွေ မူးအောင် သောက်ထားလိုက်ကြတာ။ ဒါပေမဲ့ အကြိမ်တိုင်း ကျွန်တော်တို့ ဆုတောင်းလို့ စိတ်တည်ငြိမ်မှု ရတယ်။ အေးအေးဆေးဆေး ဖြတ်သွားခွင့် ရတယ်။ စိတ်မကောင်းစရာကတော့ ၁၉၇၃ မှာ နိုင်ငံခြား သာသနာပြုအားလုံး ယူဂန္ဓာနိုင်ငံကနေ ထွက်သွားဖို့ အမိန့်ချလိုက်တာပဲ။
အဘီဂျန်မြို့၊ ကို့ဒီဗွား ဌာနခွဲမှာ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု မိတ္တူကူးနေစဉ်
ဒီလိုနဲ့ တာဝန်သစ် ထပ်ရတယ်။ ဒီတစ်ခါတော့ အနောက် အာဖရိကမှာ ရှိတဲ့ ကို့ဒီဗွားနိုင်ငံပါ။ အပြောင်းအလဲတွေ ကြုံရပြန်တယ်။ ယဉ်ကျေးမှု အသစ်ကို သင်ယူရတယ်။ တစ်ချိန်လုံး ပြင်သစ်လိုချည်းပဲ ပြောရတယ်။ နောက်ခံအမျိုးမျိုးက လာတဲ့ သာသနာပြုတွေနဲ့ တွဲအမှုဆောင်ရတယ်။ အချိန်တိုအတွင်းမှာပဲ နှိမ့်ချပြီး စိတ်ရိုးဖြောင့်သူတွေ သတင်းကောင်း လက်ခံလာကြလို့ ယေဟောဝါ လမ်းညွှန်ပေးနေမှန်း ထင်ရှားတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားလို့ လမ်းခရီးတွေ ဖြောင့်ဖြူးတာ မြင်ရတယ်။
အခြေအနေ အပြောင်းအလဲ
ရုတ်တရက် ဘာဘရာမှာ ကင်ဆာရောဂါ ရှိနေမှန်း သိလိုက်ရတယ်။ ဥရောပကို ခဏခဏ ပြန်ပြီး ဆေးကုသမှု ခံယူခဲ့ပေမဲ့ ၁၉၈၃ ရောက်တော့ အာဖရိကမှာ ဆက်အမှုဆောင်ဖို့ မဖြစ်နိုင်တော့မှန်း သဘောပေါက်လာကြတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး စိတ်ဓာတ်ကျသွားတယ်။
လန်ဒန် ဗေသလမှာ အမှုဆောင်ရင်း ဘာဘရာရဲ့ ရောဂါ ပိုဆိုးလာပြီး ဆုံးသွားတယ်။ ဗေသလ မိသားစုက အများကြီး ထောက်မပေးတယ်။ အထူးသဖြင့် မောင်နှံတစ်စုံက ကျွန်တော် နေသားတကျ ဖြစ်လာဖို့၊ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားဖို့ ကူညီပေးတယ်။ နောက်ပိုင်း၊ ဗေသလကို လုပ်အားလာပေးတဲ့ ညီအစ်မ အန်းနဲ့ ဆုံတယ်။ အန်းဟာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့ဖူးပြီး ယေဟောဝါကို သိပ်ချစ်တယ်။ ၁၉၈၉ မှာ ကျွန်တော်တို့ လက်ထပ်လိုက်ပြီး လန်ဒန် ဗေသလမှာ ဆက်အမှုဆောင်ကြတယ်။
ဗြိတိန် ဌာနခွဲသစ် အရှေ့မှာ အန်းနဲ့အတူ
၁၉၉၅ ကနေ ၂၀၁၈ ခုနှစ်အတွင်း ဌာနချုပ် ကိုယ်စားလှယ် (အရင်အခေါ် ဇုန်ကြီးကြပ်မှူး) အဖြစ် နိုင်ငံပေါင်း ၆၀ နီးပါးကို လည်ပတ်ခွင့် ရခဲ့တယ်။ ဘယ်အခြေအနေမှာမဆို မိမိကျေးကျွန်တွေကို ယေဟောဝါ ကောင်းချီးပေးနေမှန်း လည်ပတ်မှု တစ်ခုစီကနေ သိလာရတယ်။
၂၀၁၇ မှာ အာဖရိကကို လည်ပတ်ခွင့် ရတယ်။ ဦးဆုံးအကြိမ် အန်းကို ဘူရွန်ဒီနိုင်ငံ ခေါ်လာရလို့၊ လယ်ကွင်းမှာ တိုးတက်နေတာတွေ မြင်ရလို့ ပျော်လိုက်တာ။ ၁၉၆၄ ခုနှစ်လောက်က ကျွန်တော် တစ်အိမ်တက်ဆင်း ဟောခဲ့တဲ့ လမ်းထဲမှာ အခု သိပ်လှတဲ့ ဗေသလ အဆောက်အအုံ ရှိနေပြီ။ တစ်နိုင်ငံလုံးမှာ ကြေညာသူ ၁၅,၅၀၀ ကျော် ရှိနေပြီ။
၂၀၁၈ ခုနှစ်အတွင်း လည်ပတ်ရမယ့် ခရီးစဉ်စာရင်း ရတော့ သိပ်ပျော်သွားတယ်။ စာရင်းထဲမှာ ကို့ဒီဗွားနိုင်ငံ ပါတယ်။ အဘီဂျန်မြို့ကို ရောက်တာ ကိုယ့်အိမ် ပြန်ရောက်သွားသလိုပဲ။ ဗေသလ ဧည့်သည်ခန်းကို ရောက်တော့ ဘေးခန်းမှာ ဘယ်သူတွေ နေသလဲ သိချင်တာနဲ့ ဖုန်းစာအုပ် ကြည့်လိုက်တဲ့အခါ ဆိုဆူ ဆိုတဲ့ နာမည် တွေ့တယ်။ ဒီနာမည်ကို မှတ်မိနေတယ်။ ကျွန်တော် အဘီဂျန်မှာ နေတုန်းက သူက မြို့ကြီးကြပ်မှူးအဖြစ် အမှုဆောင်တယ်။ ဒါပေမဲ့ ကျွန်တော် မှားသွားတယ်။ ဒီတစ်ယောက်က ဆိုဆူရဲ့ သား ဖြစ်နေတယ်။
ယေဟောဝါဟာ အမြဲ ကတိတည်တယ်။ အခက်အခဲတွေ ကြုံရပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် လမ်းခရီးတွေ ဖြောင့်ဖြူးနေမယ်ဆိုတာ သိလာရတယ်။ ကမ္ဘာသစ်မှာလည်း လင်းသည်ထက် လင်းလာမယ့် အဆုံးမဲ့ လမ်းခရီးကို လျှောက်ဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်။—ပညာ. ၄:၁၈။