ဘဝအတ္ထုပ္ပတ္တိ
“အခုတော့ အမှုဆောင်လုပ်ငန်းကို သိပ်မြတ်နိုးနေပါပြီ”
နယူးဇီလန် တောင်ပိုင်း၊ ဘဲကလူသာမြို့မှာ ကျွန်မ ကြီးပြင်းလာတယ်။ ကလေးတုန်းက ယေဟောဝါနဲ့ ရင်းနှီးတယ်လို့ ခံစားရတယ်။ သက်သေခံ ဖြစ်ရလို့ ပျော်တယ်။ အစည်းအဝေး သွားရတာ တစ်ခါမှ မငြီးငွေ့ဘူး။ ကျွန်မအတွက် အသင်းတော်ဆိုတာ လုံခြုံမှု၊ ပျော်ရွှင်မှု ခံစားရစေတဲ့ နေရာပဲ။ ပင်ကိုအရ ရှက်တတ်ပေမဲ့ အပတ်တိုင်း အမှုဆောင်သွားတယ်။ အတန်းဖော်တွေ၊ တခြားသူတွေကို ဟောဖို့ မကြောက်ဘူး။ ယေဟောဝါသက်သေ ဖြစ်ရလို့ ဂုဏ်ယူပြီး အသက် ၁၁ နှစ်မှာ ဘုရားဆီ ဆက်ကပ်အပ်နှံလိုက်တယ်။
ရွှင်လန်းမှု ပျောက်ဆုံးလာ
ဒါပေမဲ့ အသက် ၁၃ နှစ်လောက်မှာ ယေဟောဝါနဲ့ ဆက်ဆံရေး အေးစက်လာတယ်။ အတန်းဖော်တွေကို ကြည့်လိုက်ရင် အချုပ်အချယ်ကင်းပြီး သိပ်လွတ်လပ်ပျော်ရွှင်နေကြပုံပဲ။ ကျွန်မလည်း သူတို့လို လွတ်လပ်ချင်လာတယ်။ မိဘတွေ ထုတ်ထားတဲ့ စည်းကမ်းတွေ၊ ခရစ်ယာန် စံနှုန်းတွေဟာ သိပ်တင်းကျပ်လွန်းတယ်၊ ယေဟောဝါကို ဝတ်ပြုရတာ ပင်ပန်းတယ်လို့ ခံစားလာရတယ်။ ယေဟောဝါ ရှိတယ်ဆိုတာကို တစ်ခါမှ သံသယ မဝင်ပေမဲ့ ရင်းနှီးတယ်လို့ မခံစားရတော့ဘူး။
အမှုဆောင်မှာ စတိလောက်ပဲ ပါဝင်တော့တယ်။ မပြင်ဆင်ဘဲ အမှုဆောင်သွားတယ်။ ဒီတော့ စကားစဖို့၊ စကားဆက်ဖို့ အခက်တွေ့တာပေါ့။ အမှုဆောင်မှာ မထိရောက်လို့ မပျော်တော့ဘူး။ မပျော်လေ၊ ပိုမပါဝင်ချင်လေ ဖြစ်လာတယ်။ ‘လူတစ်ယောက်က ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် တစ်ပတ်ပြီး တစ်ပတ်၊ တစ်လပြီး တစ်လ ရှေ့ဆက်နိုင်မှာလဲ’ လို့ ကျွန်မ တွေးမိတယ်။
အသက် ၁၇ နှစ် ရောက်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်လာတယ်။ ဒါနဲ့ အိမ်ကနေ ထွက်ပြီး ဩစတြေးလျနိုင်ငံမှာ ပြောင်းနေတယ်။ မိဘတွေကတော့ ကျွန်မ အိမ်ကနေ ထွက်သွားလို့ ဝမ်းလည်း နည်း၊ စိတ်လည်း ပူကြတယ်။ ဒါပေမဲ့ ယေဟောဝါအတွက် ကျွန်မ ဆက်အမှုဆောင်မယ်လို့ ထင်နေကြတာ။
ဩစတြေးလျ ရောက်တော့ ဘုရားရေးရာ အခြေအနေ ပိုဆိုးလာတယ်။ အစည်းအဝေးတွေ စပျက်လာတယ်။ ကျွန်မလိုပဲ အစည်းအဝေး တက်လိုက်၊ နိုက်ကလပ် သွားပြီး သောက်စားလိုက် လုပ်နေတဲ့ လူငယ်တွေနဲ့ အဖွဲ့ကျသွားတယ်။ ပြန်တွေးကြည့်လိုက်တော့ အဲဒီတုန်းက ကျွန်မ အမှန်တရားဘက်မှာ စိတ်တစ်ဝက်၊ လောကဘက်မှာ စိတ်တစ်ဝက် ရောက်နေတာ။ ဒါပေမဲ့ ဘယ်ဘက်မှာမှ အံမဝင်ခဲ့ဘူး။
မမျှော်လင့်ဘဲ အဖိုးတန် သင်ခန်းစာ ရခဲ့
နှစ်နှစ်လောက် ကြာတော့ ညီအစ်မ တစ်ယောက်နဲ့ ဆုံတယ်။ သူ့ကြောင့် ကိုယ့်ဘဝပုံစံကို ပြန်သုံးသပ်မိသွားတယ်ဆိုတာ အဲဒီညီအစ်မ သိလိုက်မှာ မဟုတ်ဘူး။ အဲဒီတုန်းက တစ်ကိုယ်ရေ ညီအစ်မ ငါးယောက်နဲ့ ကျွန်မ တစ်အိမ်တည်း နေတယ်။ တစ်ခါတော့ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီး တာမာရာကို ကျွန်မတို့အိမ်မှာ တစ်ပတ်တည်းဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ တိုက်နယ် ညီအစ်ကို အသင်းတော်ကိစ္စတွေ လုပ်နေချိန်မှာ ညီအစ်မ တာမာရာက ကျွန်မတို့ မိန်းကလေးတစ်သိုက်နဲ့ ပျော်ပျော်ပါးပါး၊ ရယ်ရယ်မောမော ပေါင်းသင်းတယ်။ အဲဒါကို ကျွန်မ သိပ်သဘောကျတယ်။ တာမာရာဟာ နှိမ့်ချပြီး စကားပြောလို့ ကောင်းတယ်။ ဘုရားရေးရာဘက် သိပ်တော်တဲ့သူဟာ ဒီလိုလည်း ပေါ့ပေါ့ပါးပါး နေတတ်ပါလားလို့ ကျွန်မ တွေးမိသွားတယ်။
တာမာရာဟာ သိပ်စိတ်ထက်သန်တယ်။ အမှန်တရားနဲ့ အမှုဆောင်လုပ်ငန်းအပေါ် တာမာရာရဲ့ မြတ်နိုးစိတ်က ကျွန်မတို့ဆီပါ ကူးစက်လာတယ်။ ယေဟောဝါအတွက် စတိလောက်ပဲ အမှုဆောင်လို့ ကျွန်မ မပျော်မရွှင် ဖြစ်နေချိန်မှာ တာမာရာကတော့ အတတ်နိုင်ဆုံး အမှုဆောင်ပြီး သိပ်ပျော်နေတယ်။ တာမာရာရဲ့ အကောင်းမြင်စိတ်၊ သူ ခံစားရတဲ့ ပျော်ရွှင်မှုက ကျွန်မအသက်တာကို အကြီးအကျယ် ဩဇာသက်ရောက်တယ်။ ယေဟောဝါက ကျွန်မတို့အားလုံးကို “ဝမ်းမြောက်စွာ၊” “ရွှင်လန်းစွာ” အမှုဆောင်စေချင်တယ်ဆိုတဲ့ အရေးကြီး အမှန်တရားကို တာမာရာဆီကနေ သိလိုက်ရတယ်။—ဆာ. ၁၀၀:၂။
အမှုဆောင်လုပ်ငန်းကို ပြန်မြတ်နိုးလာ
ကျွန်မလည်း တာမာရာလို ပျော်ချင်တယ်။ ဒါပေမဲ့ အဲဒီလို ပျော်နိုင်ဖို့ အပြောင်းအလဲကြီးတွေ လုပ်ရမယ်။ တော်တော်တော့ အချိန်ယူလိုက်ရတယ်။ အပြောင်းအလဲလေးတွေ တဖြည်းဖြည်း စလုပ်တယ်။ အမှုဆောင်အတွက် ကြိုတင်ပြင်ဆင်တယ်။ တစ်ခါတလေ အရန်ရှေ့ဆောင် လုပ်တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကြောက်စိတ် လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပိုရှိလာတယ်။ အမှုဆောင်မှာ ကျမ်းစာ ပိုသုံးဖြစ်တဲ့အတွက် ပိုပျော်လာတယ်။ မကြာခင်မှာ လတိုင်း အရန်ရှေ့ဆောင် လုပ်တယ်။
ယေဟောဝါအတွက် အတတ်နိုင်ဆုံး အမှုဆောင်ပြီး ရွှင်လန်းနေကြတဲ့ လူကြီးလူငယ်အားလုံးနဲ့ ကျွန်မ မိတ်ဖွဲ့တယ်။ သူတို့ရဲ့ ပုံသက်သေကောင်းက ကျွန်မရဲ့ ဦးစားထားရာတွေကို ပြန်ဆန်းစစ်ဖို့၊ ဘုရားရေးရာ အလေ့အထကောင်းတွေ ရှိဖို့ ကူညီပေးတယ်။ အမှုဆောင်မှာ ပိုပျော်လာလို့ မှန်မှန်ရှေ့ဆောင်အဖြစ် စအမှုဆောင်တယ်။ နှစ်တွေကြာပြီးမှ ဘဝမှာ ဦးဆုံးအကြိမ် စိတ်တည်ငြိမ်မှု၊ ပျော်ရွှင်မှု ခံစားရတယ်။ အသင်းတော်မှာ အံဝင်ခွင်ကျ ဖြစ်လာတယ်။
ထာဝရ ရှေ့ဆောင်တွဲဖက် ရှာတွေ့
တစ်နှစ်ကြာတော့ ယေဟောဝါနဲ့ အမှုဆောင်လုပ်ငန်းကို မြတ်နိုးပြီး ကြင်နာရိုးသားတဲ့ အဲလက်စ်နဲ့ ဆုံတယ်။ အဲလက်စ်ဟာ အသင်းတော် အမှုထမ်း ဖြစ်ပြီး ရှေ့ဆောင်လုပ်တာ ခြောက်နှစ် ရှိပြီ။ မာလာဝီနိုင်ငံက ပိုလိုအပ်တဲ့ ဒေသမှာလည်း လအနည်းငယ် သွားအမှုဆောင်ဖူးတယ်။ အဲဒီမှာ ဆုံခဲ့တဲ့ သာသနာပြုတွေရဲ့ ပုံသက်သေကောင်းနဲ့ အားပေးစကားတွေကြောင့် ဘဝမှာ အမှုဆောင်လုပ်ငန်းကို အဲလက်စ် ဆက်ဦးစားထားတယ်။
၂၀၀၃ မှာ အဲလက်စ်နဲ့ ကျွန်မ လက်ထပ်လိုက်ပြီး အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ကြတယ်။ အဖိုးတန် သင်ခန်းစာတွေ အများကြီး ကျွန်မတို့ သင်ယူရတယ်။ ယေဟောဝါကလည်း နည်းအမျိုးမျိုးနဲ့ ကောင်းချီးပေးတယ်။
နောက်ထပ် ကောင်းချီးတွေ ခံစားရဖို့ လမ်းပွင့်
တီမောလက်စတီ၊ ဂလန်နိုမြို့ အမှုဆောင်မှာ
အင်ဒိုနီးရှားကျွန်းစု နိုင်ငံငယ်လေး ဖြစ်တဲ့ တီမောလက်စတီမှာ သာသနာပြုအဖြစ် အမှုဆောင်ဖို့ ၂၀၀၉ မှာ ကျွန်မတို့ ဖိတ်ခေါ်ခံရတယ်။ အံ့ဩ၊ စိတ်လှုပ်ရှားပြီး စိတ်လည်း ပူမိတယ်။ ငါးလအကြာမှာ မြို့တော် ဒီလီကို ရောက်လာတယ်။
အပြောင်းအလဲတွေ အများကြီး လုပ်ရတယ်။ ယဉ်ကျေးမှု၊ ဘာသာစကား၊ အစားအသောက်၊ နေထိုင်မှုပုံစံအသစ်နဲ့ အသားကျအောင် ကြိုးစားခဲ့ရတယ်။ အမှုဆောင်မှာ တွေ့ရတဲ့ လူအများစုဟာ ဆင်းရဲတယ်။ ပညာသိပ်မတတ်ဘူး။ အဖိနှိပ်ခံလူတွေ ဖြစ်တယ်။ စစ်နဲ့ အကြမ်းဖက်မှုကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာ ရထားကြတယ်။a
ဒါပေမဲ့ အမှုဆောင်လုပ်ငန်းကတော့ သိပ်အောင်မြင်တယ်။ တစ်ခါက မာရီယာလို့ ခေါ်တဲ့ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို တွေ့တယ်။b လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူ့အမေ ဆုံးသွားပြီး အဖေကိုလည်း မမှတ်မိသလောက်ပဲ။ မာရီယာဟာ ရွယ်တူကလေးတွေလိုပဲ ဘဝမှာ လမ်းစပျောက်နေတယ်။ တစ်ခါတုန်းက သူ့ခံစားချက်တွေ ရင်ဖွင့်ရင်း မာရီယာ ငိုတာ ကျွန်မ မှတ်မိသေးတယ်။ ဒါပေမဲ့ သူ့ဘာသာစကားကို ကျွန်မ ကောင်းကောင်း မတတ်သေးလို့ သူ ဘာပြောနေမှန်း နားမလည်ဘူး။ မာရီယာကို အားပေးနိုင်ဖို့ ကျွန်မကို ကူညီပေးပါဆိုပြီး ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ အဲဒီနောက် နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တွေ ဖတ်ပြတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ မာရီယာရဲ့ သဘောထား၊ အသွင်အပြင်၊ ဘဝပုံစံတစ်ခုလုံး အမှန်တရားကြောင့် ပြောင်းလဲလာတာ တွေ့ရတယ်။ နှစ်ခြင်းခံပြီး အခုဆို ကိုယ်ပိုင် သင်အံမှုတွေတောင် ကျင်းပနေပြီ။ ခရစ်ယာန် မိသားစုကြီးအလယ်မှာ မာရီယာ ပျော်နေပြီ။
တီမောလက်စတီရဲ့ အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးတယ်။ ကြေညာသူ အများစုဟာ နှစ်ခြင်းခံတာ ဆယ်နှစ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့ ရှေ့ဆောင်၊ အသင်းတော် အမှုထမ်း၊ အကြီးအကဲတွေအဖြစ် အမှုဆောင်နေကြတယ်။ တချို့က ဘာသာပြန် ရုံးခွဲမှာ ကျမ်းစာစာပေတွေကို ဒေသခံ ဘာသာစကားတွေနဲ့ ဘာသာပြန်ဖို့ ကူညီပေးတယ်။ အစည်းအဝေးမှာ သူတို့ရဲ့ သီချင်းဆိုသံ ကြားတဲ့အခါ၊ ပြုံးပျော်နေတဲ့ မျက်နှာလေးတွေ တွေ့ရတဲ့အခါ၊ ဘုရားရေးရာမှာ တိုးတက်နေတာ မြင်ရတဲ့အခါ ကျွန်မ သိပ်ပျော်တယ်။
အောက်မေ့ရာပွဲ ဖိတ်စာ ဝေဖို့ မခန့်အပ်ရသေးတဲ့ ရပ်ကွက်ကို အဲလက်စ်နဲ့အတူ သွားနေ
ဒီထက် ကျေနပ်စရာကောင်းတဲ့ ဘဝမျိုး စိတ်ကူးကြည့်လို့ မရဘူး
တီမောလက်စတီမှာ အမှုဆောင်ရတာ ဩစတြေးလျနဲ့ တော်တော် ကွာတယ်။ ဒါပေမဲ့ ဒီထက် ကျေနပ်စရာကောင်းတဲ့ ဘဝမျိုး စိတ်ကူးကြည့်လို့ မရဘူး။ တစ်ခါတလေ လူတွေ ပြည့်ကျပ်နေတဲ့ ဘတ်စ်ကား သေးသေးလေးကို တိုးစီးရတယ်။ စျေးထဲက ငါးခြောက်တွေ၊ ဟင်းသီးဟင်းရွက်တွေလည်း အပြည့်တင်ထားသေးတယ်။ တချို့နေ့တွေဆို ညစ်ပတ်နေတဲ့ ကြမ်းခင်းပေါ် ကြက်တွေ ပြေးလွှားနေတဲ့ အိမ်ကျဉ်းကျဉ်းလေးမှာ ချွေးတပြိုက်ပြိုက် ကျရင်း ကျမ်းစာသင်ရတယ်။ ဒီလိုအခက်အခဲတွေ ရှိတာတောင် ‘ပျော်စရာကောင်းသားပဲ’ လို့ မကြာခဏ တွေးမိတယ်။
အမှုဆောင်ရပ်ကွက် သွားနေ
ထိန်းကျောင်းရခက်တဲ့ ဆယ်ကျော်သက်အရွယ်မှာတောင် ယေဟောဝါရဲ့ နည်းလမ်းတွေကို အတတ်နိုင်ဆုံး သင်ပေးခဲ့တဲ့၊ အားပေးထောက်မခဲ့တဲ့ မိဘတွေကို သိပ်ကျေးဇူးတင်တယ်။ ပညာအလိမ္မာ ၂၂:၆ မှာ ပါတဲ့ စကားတွေ သိပ်မှန်တယ်။ အဲလက်စ်နဲ့ ကျွန်မအတွက် မိဘတွေ ဂုဏ်ယူနေကြတယ်။ ယေဟောဝါအတွက် ကျွန်မတို့ အမှုဆောင်နေတာ ကြည့်ပြီး ပျော်နေကြတယ်။ ၂၀၁၆ ကတည်းက ဩစတြေးလျအေးရှား ဌာနခွဲနယ်မြေ တိုက်နယ်လုပ်ငန်းမှာ ကျွန်မတို့ အမှုဆောင်နေတယ်။
ကလေးတွေကို အောင်အောင်၊ ရွှေစင် ဗီဒီယို ပြနေ
အမှုဆောင်လုပ်ငန်းမှာ ကျွန်မ မပျော်တဲ့ အချိန် ရှိခဲ့ဖူးတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ အခုတော့ အမှုဆောင်လုပ်ငန်းကို သိပ်မြတ်နိုးနေပါပြီ။ ဘဝမှာ ဘာတွေပဲ ကြုံရပါစေ စိတ်နှလုံးအကြွင်းမဲ့ ဘုရားအမှုဆောင်ခြင်းကနေသာ စစ်မှန်တဲ့ ရွှင်လန်းမှု ရနိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်ပါပြီ။ အဲလက်စ်နဲ့အတူ ယေဟောဝါအတွက် အမှုဆောင်ခွင့်ရတဲ့ ၁၈ နှစ်တာ ကာလဟာ ကျွန်မဘဝရဲ့ အပျော်ရွှင်ရဆုံး နှစ်တွေပါပဲ။ “ကိုယ်တော့်ဆီ ခိုလှုံသူတွေကတော့ ဝမ်းမြောက်လိမ့်မယ်။ အစဉ်အမြဲ ရွှင်လန်းစွာ သီချင်းဆိုလိမ့်မယ်။ . . . နာမတော်ကို ချစ်မြတ်နိုးသူတွေဟာ ကိုယ်တော်ကြောင့် ဝမ်းမြောက်လိမ့်မယ်” ဆိုတဲ့ ဆာလံဆရာ ဒါဝိဒ်ရဲ့ စကားတွေ မှန်ကန်ကြောင်း ကျွန်မ နားလည်နေပါပြီ။—ဆာ. ၅:၁၁။
စိတ်နှိမ့်ချသူတွေကို ကျမ်းစာသင်ပေးရတာ ရွှင်လန်းစရာပါပဲ