ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ မေ စာ. ၂၀-၂၅
  • ယေဟောဝါ သင့်ကို ခွန်အားပေးမယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ သင့်ကို ခွန်အားပေးမယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်စေဖို့ ယေဟောဝါ ခွန်အားပေး
  • အခက်အခဲတွေကြား ဆက်သစ္စာရှိနေဖို့ ယေဟောဝါ ခွန်အားပေး
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • သင့်ကို ယေဟောဝါ ဘယ်လို “ခွန်အား ရှိစေ” မလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ‘အချင်းချင်း ဆက်ပြီး အားပေးနေကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ မေ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၂၁

ယေဟောဝါ သင့်ကို ခွန်အားပေးမယ်

“ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေလို့ပဲ။”—၂ ကော. ၁၂:၁၀။

သီချင်း ၇၃ ရဲစွမ်းသတ္တိပေးပါ

အကြိုသုံးသပ်ချက်a

၁-၂။ သက်သေခံများစွာ ဘယ်အခက်အခဲတွေ ရင်ဆိုင်နေရသလဲ။

အမှုဆောင်လုပ်ငန်းကို ကျေပွန်အောင် ဆောင်ရွက်ဖို့ တိမောသေကို တမန်တော် ပေါလု အားပေးခဲ့တယ်။ အဲဒါ ခရစ်ယာန်အားလုံးနဲ့လည်း သက်ဆိုင်တယ်။ (၂ တိ. ၄:၅) ကျွန်တော်တို့အားလုံး ပေါလုရဲ့ အကြံဉာဏ်ကို အတတ်နိုင်ဆုံး လိုက်နာနေကြတယ်။ ဒါပေမဲ့ အခက်အခဲတွေ ရှိတယ်။ ညီအစ်ကို/မများစွာဟာ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ သတ္တိ လိုတယ်။ (၂ တိ. ၄:၂) ဥပမာ၊ ကျွန်တော်တို့ လုပ်ငန်းကို ကန့်သတ်၊ ပိတ်ပင်ထားတဲ့ နိုင်ငံမှာ နေရတဲ့ ညီအစ်ကိုတွေအကြောင်း စဉ်းစားကြည့်ပါ။ ထောင်ချခံရနိုင်တယ်ဆိုတာ သိတဲ့ကြား အမှုဆောင်လုပ်ငန်းမှာ သူတို့ ပါဝင်နေကြတယ်။

၂ ယေဟောဝါရဲ့ လူမျိုးဟာ စိတ်ဓာတ်ကျစေတဲ့ အခက်အခဲများစွာကိုလည်း ရင်ဆိုင်နေကြရတယ်။ ဥပမာ၊ မိသားစုရဲ့ အခြေခံ လိုအပ်ရာတွေ ရဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ကြရတယ်။ တစ်ပတ်တာရဲ့ အဆုံးပိုင်းရောက်တော့ အမှုဆောင်မှာ ပိုပါဝင်ချင်ပေမဲ့ ခွန်အား သိပ်မရှိကြတော့ဘူး။ တချို့ကျတော့လည်း နာတာရှည် ကျန်းမာရေး ပြဿနာ၊ အသက်အရွယ် အိုမင်းမှုကြောင့် အိမ်ပြင် မထွက်နိုင်ကြဘူး။ တချို့လည်း တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ကို တိုက်လှန်နေကြရတယ်။ အရှေ့အလယ်ပိုင်းမှာ နေတဲ့ ညီအစ်မ မေရီbက “စိတ်ဓာတ်ကျတဲ့အခါ အပျက်သဘောထားတွေကို တိုက်လှန်နေရတာနဲ့ပဲ တအား စိတ်ပင်ပန်းပြီး အမှုဆောင်မှာ ပါဝင်ဖို့ အချိန်နဲ့ ခွန်အား မရှိတော့ဘူး။ ဒါကြောင့် အပြစ်ရှိတယ်လို့ ခံစားရတယ်” ဆိုပြီး ပြောတယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၃ ကျွန်တော်တို့ အခြေအနေ ဘယ်လိုပဲ ရှိပါစေ အခက်အခဲတွေကို ကျော်လွှားဖို့၊ အတတ်နိုင်ဆုံး ဆက်အမှုဆောင်ဖို့ ယေဟောဝါ အစွမ်းခွန်အား ပေးနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီပေးတယ်ဆိုတာ မဆွေးနွေးခင် အခက်အခဲတွေကြား အမှုဆောင်လုပ်ငန်း ပြီးမြောက်ဖို့ ပေါလုနဲ့ တိမောသေကို ဘယ်လို ကူညီပေးခဲ့ကြောင်း ဆွေးနွေးကြည့်ကြစို့။

ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်စေဖို့ ယေဟောဝါ ခွန်အားပေး

၄။ ဘယ်အခက်အခဲတွေ ပေါလု ကြုံခဲ့ရသလဲ။

၄ ပေါလု အခက်အခဲများစွာ ကြုံခဲ့ရတယ်။ အရိုက်ခံရ၊ ကျောက်ခဲနဲ့ ပေါက်ခံရ၊ ထောင်ချခံရချိန်တွေမှာ အထူးသဖြင့် ခွန်အား လိုအပ်ခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၅) တစ်ခါတလေ အပျက်သဘောထားတွေကို တိုက်လှန်ရတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ (ရော. ၇:၁၈၊ ၁၉၊ ၂၄) ဒါ့အပြင် ‘ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး’ ဒဏ်ကိုလည်း ခံစားခဲ့ရတယ်။ အဲဒါကို ဖယ်ရှားပေးဖို့ ဘုရားဆီ အကြိမ်ကြိမ် အသနားခံခဲ့တယ်။—၂ ကော. ၁၂:၇၊ ၈။

အမှုဆောင်လုပ်ငန်း ဆက်လုပ်ဆောင်ဖို့ ပေါလုကို ဘာက ကူညီပေးသလဲ (စာပိုဒ် ၅-၆ ကိုကြည့်ပါ)c

၅။ အခက်အခဲတွေကြား ပေါလု ဘာတွေ ပြီးမြောက်ခဲ့သလဲ။

၅ အခက်အခဲ အမျိုးမျိုးကြား အမှုဆောင်လုပ်ငန်း ပြီးမြောက်နိုင်ဖို့ ပေါလုကို ယေဟောဝါ ခွန်အားပေးတယ်။ ပေါလု ဘာတွေ ပြီးမြောက်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ရောမမြို့မှာ အကျယ်ချုပ် ကျနေတုန်း ဂျူးခေါင်းဆောင်တွေကို ထက်ထက်သန်သန် ဟောပြောတယ်။ အဲဒီထဲမှာ အစိုးရ အရာရှိတွေလည်း ပါဝင်နိုင်တယ်။ (တ. ၂၈:၁၇။ ဖိ. ၄:၂၁၊ ၂၂) နန်းတော်စောင့်တပ်ထဲက အစောင့်များစွာနဲ့ မိမိဆီ လာလည်ပတ်သူ အားလုံးကိုလည်း ဟောတယ်။ (တ. ၂၈:၃၀၊ ၃၁။ ဖိ. ၁:၁၃) တစ်ခေတ်တည်းသား ခရစ်ယာန်စစ်တွေအတွက် အကျိုးရှိမယ့် စာတွေကိုလည်း စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးခဲ့တယ်။ ပေါလုရဲ့ ပုံသက်သေက ရောမ အသင်းတော်မှာ ရှိတဲ့သူတွေကို အားရှိစေတဲ့အတွက် “ဘုရားသခင်ရဲ့ တရားစကားကို သတ္တိရှိရှိ၊ မကြောက်မရွံ့ ဟောပြော” ဖို့ သူတို့ အားပေးခံရတယ်။ (ဖိ. ၁:၁၄) ပေါလုဟာ အကန့်အသတ်တွေကြား အတတ်နိုင်ဆုံး ဟောပြောခဲ့တယ်။ ဒါက “သတင်းကောင်း ပျံ့နှံ့ဖို့ အထောက်အကူ ဖြစ်စေတယ်။”—ဖိ. ၁:၁၂။

၆။ ၂ ကောရိန္သု ၁၂:၉၊ ၁၀ အရ အမှုဆောင်လုပ်ငန်း ပြီးမြောက်ဖို့ ပေါလုကို ဘာက ကူညီပေးသလဲ။

၆ ယေဟောဝါရဲ့ အမှုတော်မှာ မိမိ လုပ်ဆောင်သမျှ အရာအားလုံးဟာ ကိုယ့်အစွမ်းအစကြောင့် မဟုတ်ဘဲ ဘုရားရဲ့ အစွမ်းခွန်အားကြောင့် ဖြစ်တယ်ဆိုတာ ပေါလု နားလည်တယ်။ ဘုရားရဲ့ ခွန်အားက “အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်” စေတယ်ဆိုတာ အသိအမှတ် ပြုတယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကိုဖတ်ပါ။) နှိပ်စက်ညှဉ်းပန်းမှု၊ ထောင်ချခံရမှု၊ တခြား အခက်အခဲတွေကြား အမှုဆောင်လုပ်ငန်း အပြည့်အဝ ပြီးမြောက်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ပေါလုကို ယေဟောဝါ ခွန်အားပေးခဲ့တယ်။

တိမောသေ စာလိပ် ကိုင်ထား။ အသက်ကြီးတဲ့ အမျိုးသားတချို့နဲ့ စကားပြောနေ။

အမှုဆောင်လုပ်ငန်း ဆက်လုပ်ဆောင်ဖို့ တိမောသေကို ဘာက ကူညီပေးသလဲ (စာပိုဒ် ၇ ကိုကြည့်ပါ)d

၇။ အမှုဆောင်လုပ်ငန်း ပြီးမြောက်ဖို့ ဘယ်အခက်အခဲတွေ တိမောသေ ကျော်လွှားခဲ့ရသလဲ။

၇ ပေါလုရဲ့ တွဲဖက် လူငယ် တိမောသေလည်း အမှုဆောင်လုပ်ငန်းမှာ ဘုရားရဲ့ ခွန်အားကို အားကိုးခဲ့တယ်။ ပေါလုနဲ့အတူ သာသနာပြု ခရီးစဉ်တွေမှာ လိုက်ပါတဲ့အပြင် အသင်းတော်တွေကို လည်ပတ်အားပေးဖို့လည်း စေလွှတ်ခံခဲ့ရတယ်။ (၁ ကော. ၄:၁၇) အရည်အချင်း မပြည့်မီဘူးလို့ တိမောသေ ခံစားမိနိုင်တယ်။ ဒါကြောင့်လည်း “ငယ်ရွယ်သူ ဖြစ်နေလို့ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေးပါစေနဲ့” လို့ ပေါလု အားပေးခဲ့တာ ဖြစ်နိုင်တယ်။ (၁ တိ. ၄:၁၂) အဲဒီအပြင် ကိုယ်ခန္ဓာမှာ စူးတဲ့ဆူးလည်း ရှိတယ်။ “မကြာခဏ ခံစားနေရတဲ့ အဖျားအနာ” ဖြစ်တယ်။ (၁ တိ. ၅:၂၃) ဒါပေမဲ့ သတင်းကောင်း ဟောဖို့၊ ညီအစ်ကိုတွေရဲ့ အကျိုး သယ်ပိုးဖို့ လိုအပ်တဲ့ အစွမ်းခွန်အားကို ယေဟောဝါ ပေးမယ်ဆိုတာ တိမောသေ သိတယ်။—၂ တိ. ၁:၇။

အခက်အခဲတွေကြား ဆက်သစ္စာရှိနေဖို့ ယေဟောဝါ ခွန်အားပေး

၈။ ဒီနေ့ခေတ် မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ခွန်အားပေးနေသလဲ။

၈ ဒီနေ့လည်း သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကို ယေဟောဝါ ပေးနေတယ်။ (၂ ကော. ၄:၇) ကျွန်တော်တို့ကို ခွန်အားပေးဖို့၊ ဆက်သစ္စာရှိအောင် ကူညီပေးဖို့ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့အရာ လေးခုကို စဉ်းစားကြည့်ပါ။ ဆုတောင်းခြင်း၊ ကျမ်းစာ၊ ခရစ်ယာန် ညီအစ်ကို/မ၊ အမှုဆောင်လုပ်ငန်းတို့ ဖြစ်တယ်။

ညီအစ်ကိုတစ်ယောက် ဆုတောင်းနေ။

ဆုတောင်းခြင်းကတစ်ဆင့် ယေဟောဝါ ခွန်အားပေး (စာပိုဒ် ၉ ကိုကြည့်ပါ)

၉။ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးနိုင်သလဲ။

၉ ဆုတောင်းခြင်းကနေ ခွန်အားရ။ “အချိန်အခါတိုင်းမှာ” ဘုရားဆီ ဆုတောင်းဖို့ ဧဖက် ၆:၁၈ မှာ ပေါလု အားပေးထားတယ်။ ကျွန်တော်တို့ ဆုတောင်းမယ်ဆိုရင် ဘုရားသခင် ကူညီပေးပါလိမ့်မယ်။ ဘိုလီးဗီးယားမှာ နေတဲ့ ဂျော်နီဟာ အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါ ပေးတဲ့ ကူညီထောက်မမှု ခံစားခဲ့ရတယ်။ ဇနီးနဲ့ မိဘ နှစ်ပါးစလုံး တစ်ချိန်တည်းမှာ ကျန်းမာရေး ပြဿနာ အကြီးအကျယ် ကြုံရတယ်။ သူတို့ သုံးယောက်ရဲ့ လိုအပ်ရာတွေကို ထောက်မပေးဖို့ ဂျော်နီ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။ အမေဖြစ်သူ သေဆုံးသွားတယ်။ ဇနီးနဲ့ အဖေက အချိန်တော်တော်ကြာမှ ပြန်ကျန်းမာလာကြတယ်။ “အကြီးအကျယ် စိုးရိမ်ပူပန်တဲ့အခါ ကျွန်တော့်ကို အမြဲ ကူညီပေးတာကတော့ သတ်သတ်မှတ်မှတ် ဆုတောင်းခြင်းပဲ” လို့ ဂျော်နီ ပြောတယ်။ ခံရပ်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အားကို ယေဟောဝါ ပေးခဲ့တယ်။ ဘိုလီးဗီးယားမှာ နေတဲ့ အကြီးအကဲ ရော်နယ်လည်း အမေဖြစ်သူမှာ ကင်ဆာရောဂါ ရှိမှန်း သိလိုက်ရတယ်။ တစ်လကြာပြီးနောက် အမေ ဆုံးသွားတယ်။ ခံရပ်နိုင်ဖို့ ဘာက ကူညီပေးသလဲ။ “ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပြီး ခံစားချက်တွေ ပြောပြတယ်။ ကိုယ့်ကို တခြားလူတွေထက်၊ ကိုယ့်ကိုယ်ကိုယ်ထက် ယေဟောဝါ ပိုနားလည်တယ်ဆိုတာ သိတယ်” လို့ ပြောတယ်။ တစ်ခါတလေ ထူပူလွန်းလို့ ဘာဆုတောင်းရမှန်း မသိ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကိုယ့်အတွေး၊ ခံစားချက်တွေကို စကားလုံးတွေနဲ့ ထုတ်မပြောနိုင်ရင်တောင် ဆုတောင်းပါဆိုပြီး ယေဟောဝါ ဖိတ်ခေါ်ထားတယ်။—ရော. ၈:၂၆၊ ၂၇။

ညီအစ်မတစ်ယောက် ကျမ်းစာ ဖတ်နေ။

ကျမ်းစာကတစ်ဆင့် ယေဟောဝါ ခွန်အားပေး (စာပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ ဟီဘရူး ၄:၁၂ မှာ ဖော်ပြထားတဲ့အတိုင်း ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်တာ ဘာကြောင့် အရေးကြီးသလဲ။

၁၀ ကျမ်းစာကနေ ခွန်အားရ။ ပေါလုလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာကနေ အစွမ်းခွန်အားနဲ့ နှစ်သိမ့်မှု ရနိုင်တယ်။ (ရော. ၁၅:၄) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာ အကြံဉာဏ်တွေ တွေ့အောင် စွမ်းအားတော်ကတစ်ဆင့် ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဟီဘရူး ၄:၁၂ ကိုဖတ်ပါ။) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရော်နယ်က “ညတိုင်း ကျမ်းစာဖတ်တဲ့ အလေ့အကျင့် ရှိလို့ ကျေးဇူးတင်မိတယ်။ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း၊ ရှေးခေတ် ကျေးကျွန်တွေနဲ့ ဆက်ဆံပုံအကြောင်း တွေးတောဆင်ခြင်တယ်။ ဒါက ခွန်အားပြန်ရဖို့ ကူညီပေးတယ်” လို့ ပြောတယ်။

၁၁။ ဝမ်းနည်းပူဆွေးနေတဲ့ ညီအစ်မကို ကျမ်းစာက ဘယ်လို ခွန်အားပေးသလဲ။

၁၁ ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်တာက ကိုယ့်အခြေအနေကို အရှိအတိုင်း မြင်တတ်ဖို့ ကူညီပေးနိုင်တယ်။ ဝမ်းနည်းပူဆွေးနေတဲ့ မုဆိုးမတစ်ယောက်ကို ကျမ်းစာက ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။ ယောဘကျမ်းကနေ အထောက်အကူ ရနိုင်တယ်ဆိုပြီး အကြီးအကဲတစ်ယောက် အကြံပေးတယ်။ ယောဘကျမ်းကို ဖတ်တဲ့အခါ ယောဘဟာ “ပြဿနာတွေကို သိပ်အာရုံစိုက်လွန်းတယ်” လို့ ထင်ပြီး အစပိုင်းမှာ အပြစ်တင်မိတယ်။ ဒါပေမဲ့ ကိုယ့်သဘောထားက ယောဘရဲ့ သဘောထားနဲ့ အတော် တူနေမှန်း သိလာတယ်။ ဒါက ကိုယ့်သဘောထားကို ပြုပြင်ဖို့ ထောက်ကူပေးတယ်။ ခင်ပွန်း သေဆုံးလို့ ဝမ်းနည်းကြေကွဲနေတဲ့ ခံစားချက်တွေ သက်သာလာတယ်။

ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မတွေ၊ ကလေးတွေ ပျော်ရွှင်စွာ ပေါင်းသင်းနေ။

ခရစ်ယာန် ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ ခွန်အားပေး (စာပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ ဘယ်လို ခွန်အားပေးသလဲ။

၁၂ ညီအစ်ကို/မတွေဆီက ခွန်အားရ။ ကျွန်တော်တို့ကို ယေဟောဝါ ခွန်အားပေးတဲ့ နောက်တစ်နည်းကတော့ ယုံကြည်သူချင်းတွေကတစ်ဆင့် ဖြစ်တယ်။ ညီအစ်ကို/မတွေနဲ့ “အပြန်အလှန် အားပေးခွင့်” ရချင်တယ်လို့ ပေါလု ရေးတယ်။ (ရော. ၁:၁၁၊ ၁၂) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ မေရီ ဒီလိုပြောတယ်– “ကိုယ့်ပြဿနာအကြောင်း လုံးဝ မသိတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ သုံးလေ့ရှိတယ်။ သူတို့ရဲ့ အားပေးစကားလေး တစ်ခွန်း၊ ကတ်လေး တစ်ခုက ကျွန်မ လိုအပ်နေတာနဲ့ ကွက်တိပဲ။ ကိုယ့်လို ပြဿနာတွေ ရင်ဆိုင်ခဲ့ရတဲ့ ညီအစ်မတွေနဲ့ စကားပြောတဲ့အခါမှာလည်း သူတို့ အတွေ့အကြုံကနေ အများကြီး သင်ယူရတယ်။ အကြီးအကဲတွေကလည်း အသင်းတော်မှာ တန်ဖိုးရှိသူ တစ်ယောက်လို ခံစားရအောင် အမြဲ ကူညီပေးကြတယ်။”

၁၃။ အသင်းတော် အစည်းအဝေးမှာ အချင်းချင်း ဘယ်လို အားပေးနိုင်သလဲ။

၁၃ အချင်းချင်း အားပေးနိုင်တဲ့ အကောင်းဆုံးနေရာ တစ်ခုကတော့ အသင်းတော် အစည်းအဝေးတွေပါပဲ။ အစည်းအဝေး တက်တဲ့အခါ မေတ္တာပါတဲ့ စကား၊ ကျေးဇူးတင်လေးမြတ်တဲ့ စကားတွေအားဖြင့် တခြားသူတွေကို အားပေးဖို့ အစပြု လုပ်ဆောင်ပါ။ ဥပမာ၊ အစည်းအဝေးတစ်ခု မစခင် အကြီးအကဲ ညီအစ်ကို ပီတာက မယုံကြည်သူ ခင်ပွန်းရှိတဲ့ ညီအစ်မကို “အစည်းအဝေးမှာ ညီအစ်မကို တွေ့ရတာ သိပ်အားရှိတာပဲ။ ကလေး ခြောက်ယောက်ကိုလည်း မှတ်ချက်ပေးဖို့ အမြဲ ပြင်ပေးထားတယ်” လို့ ပြောတယ်။ အဲဒီအခါ ညီအစ်မက ကျေးဇူးတင်လွန်းလို့ မျက်ရည်ဝဲလာပြီး “ဒီလို စကားမျိုး ကြားဖို့ ဒီနေ့ သိပ်လိုအပ်နေတာ” လို့ ပြန်ပြောတယ်။

ညီအစ်မတစ်ယောက် စာရေး သက်သေခံနေ။

အမှုဆောင်လုပ်ငန်းကတစ်ဆင့် ယေဟောဝါ ခွန်အားပေး (စာပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။

၁၄ အမှုဆောင်လုပ်ငန်းကနေ ခွန်အားရ။ တခြားသူတွေကို ကျမ်းစာ အမှန်တရားအကြောင်း ပြောပြတဲ့အခါ သူတို့ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ကိုယ်တိုင် လန်းဆန်းအားတက်ရတယ်။ (ပညာ. ၁၁:၂၅) အမှုဆောင်လုပ်ငန်းက ဘယ်လောက် အားပေးမှု ဖြစ်စေနိုင်ကြောင်း ညီအစ်မ စတေစီ ကိုယ်တွေ့ ကြုံခဲ့တယ်။ မိသားစုဝင်တစ်ယောက် နှင်ထုတ်ခံရတဲ့အခါ စိတ်ဓာတ်ကျပြီး ဘာမှ မကူညီပေးနိုင်လို့ တစ်ချိန်လုံး စိတ်မကောင်း ဖြစ်ခဲ့တယ်။ ခေါင်းထဲက ထုတ်မရနိုင်အောင် ဖြစ်ခဲ့တယ်။ ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့သလဲ။ အမှုဆောင်လုပ်ငန်းအားဖြင့်ပါပဲ။ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ကိုယ့်အကူအညီ လိုအပ်နေသူတွေကို ပိုအာရုံစိုက်မိလာတယ်။ “ဒီအချိန်အတွင်း တိုးတက်မှု မြန်ဆန်တဲ့ ကျမ်းစာသင်သား တစ်ယောက် ရဖို့ ယေဟောဝါ ကူညီပေးတယ်။ ဒါက ကျွန်မကို သိပ်အားပေးမှု ဖြစ်စေတယ်။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက စိတ်တည်ငြိမ်ဖို့ အထောက်အကူ အပြုဆုံး အရာပါပဲ” လို့ စတေစီ ပြောတယ်။

၁၅။ မေရီရဲ့ စကားကနေ ဘာသိရသလဲ။

၁၅ တချို့လည်း ကိုယ့်အခြေအနေကြောင့် အမှုဆောင်လုပ်ငန်းမှာ သိပ်မပါဝင်နိုင်ဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလို ခံစားနေရတယ်ဆိုရင် သင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်တာကို ယေဟောဝါ နှစ်သက်ကြောင်း သတိရပါ။ မေရီအကြောင်း ပြန်စဉ်းစားကြည့်ပါ။ ဘာသာခြား စကားပြော အသင်းတော်ကို ပြောင်းသွားတဲ့အခါ ဘာမှ သိပ်မလုပ်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။ “အချိန်အတော်ကြာတဲ့အထိ မှတ်ချက်တိုလေး ပေးရုံ၊ ကျမ်းချက်လေး ဖတ်ရုံ၊ အမှုဆောင်မှာ ဝေစာလေး ကမ်းရုံလောက်ပဲ လုပ်နိုင်ခဲ့တယ်” လို့ ပြောတယ်။ ဘာသာစကား ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အရည်အချင်း မပြည့်မီဘူးလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်အမြင်ကို ပြောင်းခဲ့တယ်။ ကိုယ့်မှာ အရည်အချင်း အကန့်အသတ်ပဲ ရှိပေမဲ့ ယေဟောဝါ အသုံးပြုနိုင်တယ်ဆိုတာ သဘောပေါက်လာတယ်။ “အသက်ကယ် အမှန်တရားက သိပ်ရိုးရှင်းတယ်။ လူတွေရဲ့ ဘဝကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်” လို့ မေရီ ပြောတယ်။

၁၆။ အိမ်ထဲက အိမ်ပြင် မထွက်နိုင်သူတွေ ဘယ်လို ခွန်အားရနိုင်သလဲ။

၁၆ အိမ်ထဲက အိမ်ပြင် မထွက်နိုင်ရင်တောင် အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်ချင်စိတ် ရှိတာကို ယေဟောဝါ မြင်ပြီး တန်ဖိုးထားတယ်။ ပြုစုစောင့်ရှောက်ပေးသူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို သက်သေခံဖို့ အခွင့်အလမ်း ဖွင့်ပေးနိုင်တယ်။ အရင်က လုပ်ခဲ့တာနဲ့ လောလောဆယ် လုပ်နိုင်တာကို နှိုင်းယှဉ်မယ်ဆိုရင်တော့ စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ အခု ဘယ်လို ကူညီနေတယ်ဆိုတာ အသိအမှတ် ပြုမယ်ဆိုရင် ဘယ်အခက်အခဲကိုမဆို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ခွန်အားရပါလိမ့်မယ်။

၁၇။ ဒေသနာ ၁၁:၆ အရ ရလဒ်ကောင်းတွေ ချက်ချင်း မရရင်တောင် အမှုဆောင်လုပ်ငန်းမှာ ဘာကြောင့် ဆက်ပါဝင်သင့်သလဲ။

၁၇ ကျွန်တော်တို့ ကြဲလိုက်တဲ့ ဘယ်အမှန်တရား မျိုးစေ့ အမြစ်စွဲပြီး အပင်ပေါက်လာမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ (ဒေသနာ ၁၁:၆ ကိုဖတ်ပါ။) ဥပမာ၊ အသက် ၈၀ ကျော်အရွယ် ညီအစ်မ ဘာဘရာဟာ တယ်လီဖုန်းနဲ့ သက်သေခံတယ်။ စာရေးပြီး သက်သေခံတယ်။ သူ့ရဲ့ စာတစ်စောင်မှာ ၂၀၁၄၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင် “သင့်အတွက် ဘုရားသခင် ပြုလုပ်ပေးထားရာများ” ဆောင်းပါးကို ထည့်ပေးလိုက်တယ်။ အဲဒီစာက ယေဟောဝါသက်သေ မဟုတ်တော့တဲ့ မောင်နှံတစ်စုံဆီ ရောက်သွားမှန်း ညီအစ်မ မသိလိုက်ဘူး။ အဲဒီမောင်နှံဟာ အသင်းတော်နဲ့ မပူးပေါင်းတော့တာ ၂၇ နှစ်ကျော် ရှိပြီ။ မဂ္ဂဇင်းကို သူတို့ အကြိမ်ကြိမ် ဖတ်ကြတယ်။ သူတို့ကို ယေဟောဝါ တိုက်ရိုက် စကားပြောနေတယ်လို့ ခံစားရတယ်ဆိုပြီး ခင်ပွန်းဖြစ်သူ ပြောတယ်။ အစည်းအဝေးတွေ စတက်လာတယ်။ နောက်ဆုံးမှာ အသင်းတော်နဲ့ ပြန်ပူးပေါင်းလာကြတယ်။ စာလေး တစ်စောင်ကြောင့် အဲဒီလို ရလဒ်ကောင်းတွေ ရတာကို မြင်ရတဲ့အခါ ညီအစ်မ ဘာဘရာ ဘယ်လောက် အားရှိသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။

ပုံ– ကျွန်တော်တို့ကို ယေဟောဝါ ခွန်အားပေးတဲ့ နည်းလေးနည်း။ သရုပ်ဖော်ပုံတွေကို စာပိုဒ် ၉-၁၄ မှာ ဆွေးနွေးထား။

(၁) ဆုတောင်းခြင်း၊ (၂) ကျမ်းစာ၊ (၃) ခရစ်ယာန် ညီအစ်ကို/မ၊ (၄) အမှုဆောင်လုပ်ငန်းကတစ်ဆင့် ယေဟောဝါ ခွန်အားပေး (စာပိုဒ် ၉-၁၀၊ ၁၂၊ ၁၄ ကိုကြည့်ပါ)

၁၈။ ဘုရားရဲ့ အစွမ်းခွန်အားကနေ အကျိုးရဖို့ ဘာလုပ်ရမလဲ။

၁၈ ယေဟောဝါက နည်းလမ်းမျိုးစုံ သုံးပြီး ကျွန်တော်တို့ကို ခွန်အား ပေးနေတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာ၊ ခရစ်ယာန် ညီအစ်ကို/မ၊ အမှုဆောင်လုပ်ငန်း စတဲ့ ယေဟောဝါ ပြင်ဆင်ပေးထားတာတွေကနေ အကျိုးအပြည့်အဝ ရယူမယ်ဆိုရင် ယေဟောဝါရဲ့ ကူညီနိုင်စွမ်းနဲ့ ကူညီပေးချင်စိတ်ကို ယုံကြည်ကိုးစားကြောင်း ဖော်ပြရာရောက်တယ်။ ဒါကြောင့် ကောင်းကင်ဖခင်ကို အမြဲ ယုံကြည်ကိုးစားကြပါစို့။ ယေဟောဝါဟာ “စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုး ပြ” ရတာကို နှစ်သက်တဲ့ဘုရား ဖြစ်တယ်။—၂ ရာ. ၁၆:၉။

သင် ဘယ်လို ဖြေမလဲ

  • ဆုတောင်းခြင်းနဲ့ ကျမ်းစာ ဖတ်ရှုခြင်းကနေ ဘယ်လို ခွန်အား ရနိုင်သလဲ။

  • ခရစ်ယာန် ညီအစ်ကို/မတွေဆီကနေ ဘယ်လို ခွန်အား ရနိုင်သလဲ။

  • အမှုဆောင်လုပ်ငန်းကနေ ဘယ်လို ခွန်အား ရနိုင်သလဲ။

သီချင်း ၆၁ သက်သေများ ရှေ့သို့ချီပါ

a ခက်ခဲတဲ့အချိန်မှာ အသက်ရှင်နေရပေမဲ့ ကျွန်တော်တို့ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးနေတယ်။ အခက်အခဲတွေကြား ဆက်အမှုဆောင်နိုင်ဖို့ တမန်တော် ပေါလုနဲ့ တိမောသေကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီနေ့အချိန်မှာ ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ပြင်ဆင်ပေးထားရာ လေးခုကိုလည်း ဆွေးနွေးကြပါမယ်။

b အမည်လွှဲ။

c ပုံအညွှန်း– ရောမမြို့မှာ အကျယ်ချုပ် ကျနေတုန်း အသင်းတော်တွေဆီ ပေါလု စာရေးတယ်။ လာလည်တဲ့သူတွေကို သတင်းကောင်း ဟောပြောတယ်။

d ပုံအညွှန်း– တိမောသေ အသင်းတော်တွေကို လည်ပတ်ပြီး ညီအစ်ကိုတွေကို အားပေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ