ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဩဂုတ် စာ. ၈-၁၃
  • ယေဟောဝါဘုရားကို စိတ်ရှည်ရှည် စောင့်မျှော်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါဘုရားကို စိတ်ရှည်ရှည် စောင့်မျှော်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ရှည်ဖို့ သင်ပေးတဲ့ ကျမ်းစာမူများ
  • ဘယ်အချိန်မှာ ယေဟောဝါကို စောင့်ဆိုင်းဖို့ လိုသလဲ
  • ယေဟောဝါကို စောင့်ဆိုင်းသူတွေ ရမယ့် အဆုံးမဲ့ ကောင်းချီးများ
  • စိတ်ရှည်ရှည် စောင့်ဆိုင်းချင်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယေဟောဝါနဲ့ ယေရှုရဲ့ စိတ်ရှည်ခြင်းကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါကို စိတ်ရှည်ရှည်၊ ပျော်ပျော် စောင့်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဆက်ပြီး စိတ်ရှည်ကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဩဂုတ် စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၃၁

ယေဟောဝါဘုရားကို စိတ်ရှည်ရှည် စောင့်မျှော်ပါ

“စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။”—မိ. ၇:၇။

သီချင်း ၁၂၈ အဆုံးအထိ ခံရပ်နေပါ

အကြိုသုံးသပ်ချက်a

၁-၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ကိုယ် တကယ် လိုအပ်တဲ့ ပစ္စည်း ပါတဲ့ ပါဆယ်ထုပ် ရောက်ရမယ့်အချိန်မှာ မရောက်လာတဲ့အခါ ဘယ်လို ခံစားရသလဲ။ စိတ်ပျက်သွားသလား။ “မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်” လို့ ပညာအလိမ္မာ ၁၃:၁၂ မှာ ပြောတယ်။ ဒါပေမဲ့ ပါဆယ်ထုပ် မရောက်လာတဲ့ အကြောင်းရင်းကို သိမယ်ဆိုရင်တော့ စိတ်ရှည်ရှည် ဆက်စောင့်နိုင်မယ်။

၂ စောင့်မျှော်တတ်တဲ့ သဘောထား မွေးမြူပြီး ဆက်ထိန်းနိုင်ဖို့ ကူညီပေးတဲ့ ကျမ်းစာမူတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ (မိ. ၇:၇) ယေဟောဝါကို စိတ်ရှည်ရှည် စောင့်ဖို့ လိုတဲ့ ကဏ္ဍနှစ်ခုအကြောင်း၊ ယေဟောဝါကို စောင့်မျှော်သူတွေ ရမယ့် ကောင်းချီးတွေအကြောင်းလည်း ဆွေးနွေးကြပါမယ်။

စိတ်ရှည်ဖို့ သင်ပေးတဲ့ ကျမ်းစာမူများ

၃။ ပညာအလိမ္မာ ၁၃:၁၁ မှာ ဘယ်မူကို အလေးပေးထားသလဲ။

၃ စိတ်ရှည်ဖို့ ဘာကြောင့် လိုအပ်ကြောင်း ပညာအလိမ္မာ ၁၃:၁၁ မှာ အလေးပေးဖော်ပြတယ်။ “တစ်ခဏအတွင်းမှာ ရတဲ့ စည်းစိမ်ဥစ္စာဟာ ယုတ်လျော့သွားလိမ့်မယ်။ တစ်စတစ်စ စုဆောင်းပြီး ရလာတဲ့ စည်းစိမ်ဥစ္စာကတော့ တိုးပွားလာလိမ့်မယ်” လို့ ပြောထားတယ်။ ဘာသိရသလဲ။ ပညာရှိသူဟာ တစ်ဆင့်ပြီးတစ်ဆင့် စိတ်ရှည်ရှည် လုပ်ဆောင်လို့ ရလဒ်ကောင်းတွေ ရတယ်ဆိုတဲ့ အချက်ပဲ။

၄။ ပညာအလိမ္မာ ၄:၁၈ မှာ ပါတဲ့ မူက ဘယ်အချက်ကို အလေးပေးဖော်ပြသလဲ။

၄ “ဖြောင့်မတ်သူတွေရဲ့ လမ်းကတော့ မွန်းတည့်ချိန် ရောက်တဲ့အထိ လင်းသည်ထက် လင်းလာတဲ့ အရုဏ်ဦး အလင်းရောင်နဲ့ တူတယ်” လို့ ပညာအလိမ္မာ ၄:၁၈ မှာ ပြောတယ်။ မိမိရည်ရွယ်ချက်အကြောင်း ယေဟောဝါ တဖြည်းဖြည်း ဖော်ပြတာကို ဆိုလိုတယ်။ ဒါပေမဲ့ လူတစ်ယောက် ဘုရားရေးရာပိုင်း တိုးတက်ပုံကိုလည်း ဆိုလိုနိုင်တယ်။ ဘုရားရေးရာပိုင်း တိုးတက်တယ်ဆိုတာ ကောက်ရိုးမီးလို ဝုန်းကနဲ ထတောက်လို့ မရဘူး။ အချိန် လိုတယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းက လာတဲ့ အကြံဉာဏ်ကို ဂရုတစိုက် လေ့လာလိုက်လျှောက်မယ်ဆိုရင် ခရစ်တော်မှာ ရှိတဲ့ အရည်အသွေးတွေ တဖြည်းဖြည်း ရှိလာမယ်။ ဘုရားရေးရာ အသိပညာ တိုးများလာမယ်။ ဒါနဲ့ပတ်သက်ပြီး ယေရှု ဘယ်လို ဥပမာပေးကြောင်း လေ့လာကြည့်ပါ။

ပုံ– သစ်ပင် တဖြည်းဖြည်း ကြီးထွားတာကို ကျမ်းစာသင်သား တဖြည်းဖြည်း တိုးတက်တာနဲ့ နှိုင်းယှဉ်ထား။ ၁။ လယ်သမား မျိုးကြဲနေ။ လက်တွန်းစင်ဘေး ညီအစ်ကို ဟောနေတာကို အမျိုးသားတစ်ယောက် နားထောင်နေ။ ၂။ မျိုးစေ့ အညှောက်ထွက်။ အမျိုးသား ကျမ်းစာ လေ့လာနေပေမဲ့ အိမ်မှာ ခရစ်စမတ် သစ်ပင် ရှိနေတုန်းပဲ။ ၃။ အပင် ကြီးလာ။ အသင်းတော် အစည်းအဝေးမှာ ညီအစ်ကိုတစ်ယောက်ကို အမျိုးသား နှုတ်ဆက်နေ။ ၄။ အပင် အသီးသီး။ အမျိုးသား နှစ်ခြင်းခံ။

အပင်တစ်ပင် တဖြည်းဖြည်း ကြီးလာသလို နိုင်ငံတော် သတင်းတရားကို လက်ခံတုံ့ပြန်သူလည်း ဘုရားရေးရာဘက် တဖြည်းဖြည်း တိုးတက် (စာပိုဒ် ၅ ကို ကြည့်ပါ)

၅။ ပြောင်းလဲဖို့ အချိန် လိုကြောင်း ယေရှု ဘယ်လို ဥပမာပေးသလဲ။

၅ ကျွန်တော်တို့ ဟောတဲ့ သတင်းတရားဟာ စိတ်ရိုးဖြောင့်သူတွေရဲ့ စိတ်ထဲ တဖြည်းဖြည်း ကြီးထွားလာတဲ့ မျိုးစေ့လေးနဲ့ တူတယ်ဆိုပြီး ယေရှု ဥပမာပေးတယ်။ မျိုးကြဲသူဟာ “မျိုးစေ့တွေ ဘယ်လို အပင်ပေါက်ပြီး ကြီးထွားလာမှန်း မသိလိုက်ဘူး။ မြေကြီးက သူ့အလိုလို တဖြည်းဖြည်း အသီးသီးစေတယ်။ ဦးဆုံး၊ အညှောက်ပေါက်လာတယ်။ ပြီးတော့ အနှံ ထွက်လာတယ်။ နောက်ဆုံးမှာ အဆန် အောင်သွားတယ်” လို့ ယေရှု ပြောတယ်။ (မာ. ၄:၂၇၊ ၂၈) ဘာကို ဆိုလိုသလဲ။ အပင်တစ်ပင် တဖြည်းဖြည်း ကြီးထွားလာသလို နိုင်ငံတော် သတင်းတရားကို လက်ခံသူလည်း ဘုရားရေးရာဘက် တဖြည်းဖြည်း တိုးတက်တယ်။ ဥပမာ၊ ကျမ်းစာသင်သားတွေ ယေဟောဝါနဲ့ ရင်းနှီးလာတာနဲ့အမျှ တိုးတက်ပြောင်းလဲမှုတွေ သိသာလာတယ်။ (ဧ. ၄:၂၂-၂၄) ဒါပေမဲ့ မျိုးစေ့ကို ကြီးထွားစေသူဟာ ယေဟောဝါ ဖြစ်ကြောင်းကိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုရမယ်။—၁ ကော. ၃:၇။

၆-၇။ ကမ္ဘာမြေကို ယေဟောဝါ ဖန်ဆင်းပုံကနေ ဘာသိရသလဲ။

၆ ယေဟောဝါဟာ ဘာလုပ်လုပ် အချိန်ယူပြီး စိတ်ရှည်ရှည် လုပ်တယ်။ မိမိနာမတော်ကို ဂုဏ်တင်ဖို့၊ တခြားသူတွေ အကျိုးရဖို့ပါ။ ဥပမာ၊ လူတွေအတွက် ကမ္ဘာမြေကို ယေဟောဝါ အဆင့်ဆင့် ပြင်ဆင်ပုံကို သုံးသပ်ကြည့်ပါ။

၇ ကမ္ဘာကို ယေဟောဝါ ဖန်ဆင်းတုန်းက “အတိုင်းအတာတွေ” သတ်မှတ်ပြီး “အောက်ခံခုံတွေ” နဲ့ “ထောင့်ချုပ်ကျောက်” ကို ချတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ယောဘ ၃၈:၅၊ ၆) ပြီးနောက် ကိုယ်လုပ်ထားတာကို အချိန်ယူပြီး ပြန်ဆန်းစစ်တယ်။ (က. ၁:၁၀၊ ၁၂) ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေ တဖြည်းဖြည်း ပုံပေါ်လာတဲ့အခါ ကောင်းကင်တမန်တွေ သိပ်စိတ်လှုပ်ရှားပြီး “လက်ခုပ်ဩဘာပေး” တယ်လို့ ကျမ်းစာ ပြောတယ်။ (ယောဘ ၃၈:၇) ဘာသိရသလဲ။ ယေဟောဝါရဲ့ ဖန်ဆင်းခြင်း လုပ်ငန်း ပြီးဖို့ နှစ်ထောင်နဲ့ချီ အချိန်ယူရပေမဲ့ ဖန်ဆင်းရာတွေကို ပြန်ကြည့်ပြီး “သိပ်ကောင်းတယ်” လို့ ပြောနိုင်ခဲ့တယ်။—က. ၁:၃၁။

၈။ အခု ဘာအကြောင်း ဆွေးနွေးကြမလဲ။

၈ စိတ်ရှည်ဖို့ လိုတယ်ဆိုတာ သင်ပေးတဲ့ ကျမ်းစာမူများစွာ ရှိကြောင်း အထက်ပါ ဥပမာတွေက ဖော်ပြတယ်။ ယေဟောဝါကို စောင့်ဆိုင်းသင့်တဲ့ ကဏ္ဍနှစ်ခုအကြောင်း ဆွေးနွေးကြည့်ကြစို့။

ဘယ်အချိန်မှာ ယေဟောဝါကို စောင့်ဆိုင်းဖို့ လိုသလဲ

၉။ ယေဟောဝါကို စောင့်ဆိုင်းဖို့ လိုတဲ့ ကဏ္ဍတစ်ခုက ဘာလဲ။

၉ ဆုတောင်းချက်တွေ အဖြေ ရဖို့ အချိန် လိုနိုင်တယ်။ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်နိုင်ဖို့ ခွန်အား တောင်းတဲ့အခါ၊ အားနည်းချက်တစ်ခုကို ကျော်လွှားနိုင်ဖို့ အကူအညီ တောင်းတဲ့အခါ အဖြေ ရဖို့ ထင်တာထက် ပိုကြာတယ်လို့ ခံစားရနိုင်တယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဘာကြောင့် ချက်ချင်း အဖြေ မပေးတာလဲ။

၁၀။ ဆုတောင်းတဲ့အခါ ဘာကြောင့် စိတ်ရှည်ဖို့ လိုသလဲ။

၁၀ ဆုတောင်းချက်တွေကို ယေဟောဝါ ဂရုတစိုက် နားထောင်တယ်။ (ဆာ. ၆၅:၂) စိတ်ရင်းမှန်နဲ့ တောင်းတဲ့ ဆုတောင်းချက်ကို ယုံကြည်ခြင်း ရှိတယ်ဆိုတဲ့ အထောက်အထားအဖြစ် ဘုရား ရှုမြင်တယ်။ (ဟီ. ၁၁:၆) ဆုတောင်းချက်နဲ့အညီ နေထိုင်ဖို့၊ အလိုတော် ဆောင်ဖို့ ဘယ်လောက် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ယေဟောဝါ သိချင်တယ်။ (၁ ယော. ၃:၂၂) ဒါကြောင့် အကျင့်ဆိုးတစ်ခု၊ အားနည်းချက်တစ်ခုကို ကျော်လွှားဖို့ ကြိုးစားတဲ့အခါတိုင်း စိတ်ရှည်ဖို့၊ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ဖို့ လိုတယ်။ ဆုတောင်းချက်တချို့ ချက်ချင်း အဖြေ ရမှာ မဟုတ်ကြောင်း ယေရှု ပြောတယ်။ “တောင်းမြဲ တောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲ ရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲ ခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။ တောင်းတဲ့သူတိုင်း ရလိမ့်မယ်။ ရှာတဲ့သူတိုင်း တွေ့လိမ့်မယ်။ ခေါက်တဲ့သူတိုင်းအတွက် တံခါးပွင့်လာလိမ့်မယ်” လို့ အားပေးတယ်။ (မ. ၇:၇၊ ၈) အဲဒီအကြံဉာဏ်ကို လိုက်လျှောက်ပြီး “ဇွဲမလျှော့တမ်း ဆုတောင်း” မယ်ဆိုရင် ဆုတောင်းချက်တွေကို ကောင်းကင်ဖခင် အဖြေပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ကော. ၄:၂။

ယေဟောဝါကို စောင့်ဆိုင်းရင်း ယုံကြည်စွာ ဆက်ဆုတောင်း (စာပိုဒ် ၁၁ ကို ကြည့်ပါ)b

၁၁။ ဆုတောင်းချက်တစ်ခု အဖြေ ရဖို့ ကြန့်ကြာနေတဲ့အခါ ဟီဘရူး ၄:၁၆ က ဘယ်လို ကူညီပေးသလဲ။

၁၁ ဆုတောင်းချက်တစ်ခု အဖြေ ရဖို့ ကြန့်ကြာနေပေမဲ့ “လိုအပ်ချိန်” အတိအကျမှာ ဖြေပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဟီဘရူး ၄:၁၆ ကို ဖတ်ပါ။) ဒါကြောင့် ကိုယ်ထင်သလို ချက်ချင်း ဖြစ်မလာတဲ့အခါ ယေဟောဝါကို ဘယ်တော့မှ အပြစ်မတင်သင့်ဘူး။ ဥပမာ၊ လူများစွာဟာ ဒီအစီအစဉ်စနစ် အဆုံးတိုင်မယ့် အချိန်ကို နှစ်ပေါင်းများစွာ စောင့်ခဲ့ကြတယ်။ အဲဒီအချိန်အတွက် ဆုတောင်းဖို့တောင် ယေရှု သင်ပေးတယ်။ (မ. ၆:၁၀) ဒါပေမဲ့ လူတွေ မျှော်လင့်ထားချိန်မှာ အဆုံး ရောက်မလာလို့ ယုံကြည်ခြင်း အားနည်းသွားရင် သိပ်မိုက်မဲရာ ရောက်ပါလိမ့်မယ်။ (ဟဗ. ၂:၃။ မ. ၂၄:၄၄) ယေဟောဝါကို ဆက်စောင့်ဆိုင်းပြီး ယုံကြည်ခြင်းနဲ့ ဆက်ဆုတောင်းတာ ပညာရှိတယ်။ အဆုံးရောက်မယ့် ‘နေ့နဲ့ အချိန်’ ကို ယေဟောဝါ သတ်မှတ်ပြီးပြီ ဖြစ်လို့ အချိန် အတိအကျမှာ ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ဟာ ကျွန်တော်တို့အားလုံးအတွက် အကောင်းဆုံး အချိန် ဖြစ်မှာ သေချာပါတယ်။—မ. ၂၄:၃၆။ ၂ ပေ. ၃:၁၅။

ပုံ– ၁။ အစ်ကိုတွေက ယောသပ်ကို ရေမရှိတဲ့ တွင်းထဲ ပစ်ဖို့ ဆွဲလာနေ။ ၂။ ထောင်ခန်း အပေါက်ထဲကနေ ကောင်းကင်ကို ယောသပ် ကြည့်နေ။ ၃။ ဖခင် ယာကုပ်နဲ့ ယောသပ် ပြန်ဆုံဆည်း။

စိတ်ရှည်မှုနဲ့ပတ်သက်ပြီး ယောသပ်ဆီကနေ ဘာသင်ယူရသလဲ (စာပိုဒ် ၁၂-၁၄ ကို ကြည့်ပါ)

၁၂။ ဘယ်အချိန်မှာ အထူးသဖြင့် စိတ်ရှည်ဖို့ ခက်နိုင်သလဲ။

၁၂ တရားမျှတမှု ရဖို့ စောင့်ဆိုင်းချိန်မှာ စိတ်ရှည်ဖို့ လိုနိုင်တယ်။ ဒီလောကမှာ လူတွေဟာ လူမျိုး၊ ယဉ်ကျေးမှု၊ နိုင်ငံ၊ လိင် မတူသူတွေကို မမျှမတ ဆက်ဆံလေ့ ရှိတယ်။ တချို့က ရုပ်ပိုင်း၊ စိတ်ပိုင်း မကျန်းမာမှုတွေကြောင့် မမျှမတ ဆက်ဆံခံနေရတယ်။ ယေဟောဝါရဲ့ လူမျိုးများစွာကတော့ ကျမ်းစာအခြေပြု ယုံကြည်ချက်တွေကြောင့် မတရား ဆက်ဆံခံနေရတယ်။ ကျွန်တော်တို့ အဲဒီလို ခံနေရတယ်ဆိုရင် “အဆုံးထိ ခံနိုင်ရည် ရှိသူဟာ ကယ်တင်ခံရလိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့ စကားတွေကို အမှတ်ရသင့်တယ်။ (မ. ၂၄:၁၃) ဒါပေမဲ့ အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတာ ကိုယ် သိနေတယ်ဆိုရင်ကော။ အကြီးအကဲတွေကို အသိပေးပြီးနောက် ယေဟောဝါနည်းလမ်းအတိုင်း လုပ်ဆောင်မယ့်အချိန်ကို စိတ်ရှည်စွာ စောင့်ရင်း ဒီကိစ္စကို သူတို့လက်ထဲ အပ်ထားမလား။ အကြီးအကဲတွေ ဘာဆက်လုပ်ကြမလဲ။

၁၃။ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားရင် အကြီးအကဲတွေကို ယေဟောဝါ ဘယ်လို ကိုင်တွယ်စေချင်သလဲ။

၁၃ အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားမှန်း အကြီးအကဲတွေ သိလာရင် ကိစ္စရပ်ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်နိုင်အောင် “အထက်က လာတဲ့ ဉာဏ်ပညာ” တောင်းခံကြတယ်။ (ယာ. ၃:၁၇) ဖြစ်နိုင်ရင် အပြစ်ပြုသူကို “မှားယွင်းတဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာစေ” ဖို့ပဲ။ (ယာ. ၅:၁၉၊ ၂၀) အသင်းတော်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးကြတယ်။ ထိခိုက်သူတွေကိုလည်း အတတ်နိုင်ဆုံး နှစ်သိမ့်ပေးကြတယ်။ (၂ ကော. ၁:၃၊ ၄) ကြီးလေးတဲ့အပြစ် ကျူးလွန်ထားသူကို ကိုင်တွယ်တဲ့အခါ အချက်အလက်အားလုံး သိအောင် လုပ်ရမှာ ဖြစ်လို့ အချိန် လိုနိုင်တယ်။ ပြီးနောက် ကျမ်းစာအကြံဉာဏ်ကို အသေအချာ ဆုတောင်းသုံးသပ်ပြီး “တော်သင့်ရုံ” ဆုံးမတယ်။ (ယေ. ၃၀:၁၁) အချိန်ရွှေ့ဆိုင်းတာမျိုး မလုပ်ပေမဲ့ အလောတကြီး ဆုံးဖြတ်တာမျိုးလည်း မလုပ်ကြဘူး။ ကိစ္စရပ်တွေကို ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ကိုင်တွယ်တဲ့အခါ အသင်းတော်တစ်ခုလုံး အကျိုးရတယ်။ ဒါပေမဲ့ ထိခိုက်သူကတော့ ခံစားနေရဆဲ ဖြစ်နိုင်တယ်။ သင် အဲဒီလို ဖြစ်နေတယ်ဆိုရင် ဝေဒနာ သက်သာဖို့ ဘာလုပ်နိုင်သလဲ။

၁၄။ ယုံကြည်သူချင်းတစ်ယောက်ကြောင့် စိတ်ထိခိုက်နေရင် ဘယ်ကျမ်းစာပုံနမူနာက ကူညီပေးနိုင်သလဲ။

၁၄ တစ်ယောက်ယောက်ကြောင့်ပဲဖြစ်ဖြစ်၊ ယုံကြည်သူချင်းတစ်ယောက်ကြောင့်ပဲဖြစ်ဖြစ် အကြီးအကျယ် ထိခိုက်နစ်နာဖူးသလား။ ယေဟောဝါ တည့်မတ်ပေးမယ့် အချိန်ကို ဘယ်လို စောင့်ဆိုင်းနိုင်ကြောင်း သိစေတဲ့ ကျမ်းစာပုံနမူနာတွေ ရှိတယ်။ ဥပမာ၊ ယောသပ်ဟာ အစ်ကိုတွေ မတရားဆက်ဆံတာ ခံရပေမဲ့ စိတ်မနာကြည်းဘူး။ ယေဟောဝါကို အကောင်းဆုံး ဝတ်ပြုဖို့ပဲ အာရုံစိုက်တယ်။ ဒါကြောင့် သူ့ရဲ့ စိတ်ရှည်မှုနဲ့ ခံနိုင်ရည်အတွက် ယေဟောဝါ ကြွယ်ဝစွာ ဆုချတယ်။ (က. ၃၉:၂၁) အချိန်ကြာလာတာနဲ့အမျှ ခံစားခဲ့ရတဲ့ ထိခိုက်မှုတွေကို ခွင့်လွှတ်နိုင်လာပြီး ယေဟောဝါရဲ့ ကောင်းချီးတွေကို မြင်လာတယ်။ (က. ၄၅:၅) ယောသပ်လိုပဲ ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ရင်းနှီးအောင် လုပ်ပြီး ကိစ္စရပ်တွေကို ဘုရားလက်ထဲ အပ်ထားမယ်ဆိုရင် နှစ်သိမ့်မှု ရနိုင်ပါတယ်။—ဆာ. ၇:၁၇။ ၇၃:၂၈။

၁၅။ မတရားမှု ကြုံရတဲ့အခါ ပြန်မတုံ့ပြန်ဖို့ ညီအစ်မတစ်ယောက်ကို ဘာက ကူညီပေးသလဲ။

၁၅ မတရားမှုအားလုံးက ယောသပ် ကြုံခဲ့ရသလောက် ဆိုးချင်မှ ဆိုးမယ်။ ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ ထိခိုက်ရတာပါပဲ။ ယေဟောဝါကို ဝတ်မပြုသူတွေ အပါအဝင် တစ်ယောက်ယောက်နဲ့ ပြဿနာ ဖြစ်တဲ့အခါ ကျမ်းစာမူတွေကို လိုက်နာတာက အကျိုးရှိတယ်။ (ဖိ. ၂:၃၊ ၄) တွေ့ကြုံမှုတစ်ခု သုံးသပ်ကြည့်ပါ။ ညီအစ်မတစ်ယောက်ဟာ သူ့အကြောင်း အလုပ်ဖော်တစ်ယောက် မဟုတ်မမှန် ပြောတဲ့ စကားတွေ ပြန်ကြားတဲ့အခါ စိတ်ထိခိုက်မိတယ်။ ဒါပေမဲ့ စိတ်လိုက်မာန်ပါ ဖြေရှင်းမယ့်အစား စော်ကားခံရတဲ့အခါ ပြန်မစော်ကားတဲ့ ယေရှုရဲ့ ပုံနမူနာကို အချိန်ယူ တွေးတောတယ်။ (၁ ပေ. ၂:၂၁၊ ၂၃) ဒါကြောင့် ဘာမှ ပြန်မတုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်း၊ အဲဒီအလုပ်ဖော်မှာ ကျန်းမာရေး ပြဿနာတွေကြောင့် ဖိစီးမှုတွေ များနေတယ်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် မရည်ရွယ်ဘဲ ပြောမိတာ ဖြစ်မှာပါလို့ သဘောထားလိုက်တယ်။ မတရားမှုကို စိတ်ရှည်ရှည် ခံရပ်ခဲ့လို့ ညီအစ်မ ဝမ်းသာရပြီး စိတ်ငြိမ်သက်မှု ရသွားတယ်။

၁၆။ မတရားမှု ကြုံနေရရင် ဘယ်ကနေ နှစ်သိမ့်မှု ရနိုင်သလဲ။ (၁ ပေတရု ၃:၁၂)

၁၆ မတရားမှုကြောင့်၊ တခြား အကြောင်းရင်းတွေကြောင့် စိတ်ထိခိုက်နေရင် “စိတ်ကြေကွဲနေသူတွေ” အနီးအပါးမှာ ယေဟောဝါ ရှိကြောင်း သတိရပါ။ (ဆာ. ၃၄:၁၈) သင် စိတ်ရှည်တဲ့အတွက်၊ ထမ်းထားရတဲ့ ဝန်ကို မိမိဆီ ပုံအပ်ထားတဲ့အတွက် သင့်ကို ဘုရား ချစ်မြတ်နိုးတယ်။ (ဆာ. ၅၅:၂၂) ယေဟောဝါဟာ မြေတစ်ပြင်လုံးရဲ့ တရားသူကြီး ဖြစ်တယ်။ သတိမထားမိတာ ဘာမှ မရှိဘူး။ (၁ ပေတရု ၃:၁၂ ကို ဖတ်ပါ။) ဒါကြောင့် ကိုယ်မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ ကြုံနေရရင် ဘုရားကို စိတ်ရှည်ရှည် စောင့်ဆိုင်းမလား။

ယေဟောဝါကို စောင့်ဆိုင်းသူတွေ ရမယ့် အဆုံးမဲ့ ကောင်းချီးများ

၁၇။ ဟေရှာယ ၃၀:၁၈ မှာ ယေဟောဝါ ဘယ်လို ကတိပေးထားသလဲ။

၁၇ မကြာခင် နိုင်ငံတော်အားဖြင့် ကျွန်တော်တို့ကို ကောင်းကင်ဖခင် ကြွယ်ဝစွာ ကောင်းချီးပေးပါတော့မယ်။ “ယေဟောဝါက မင်းတို့ကို မျက်နှာသာ ပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။ မင်းတို့ကို ကရုဏာပြဖို့ ကြွလာမယ်။ ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ပဲ။ ဘုရားကို မျှော်လင့်စောင့်စားနေသူတွေ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ဟေရှာယ ၃၀:၁၈ မှာ ပြောတယ်။ ဒါကြောင့် ယေဟောဝါကို မျှော်လင့်စောင့်စားနေသူတွေဟာ အခု လောလောဆယ်ရော လာမယ့် ကမ္ဘာသစ်မှာပါ ကောင်းချီးများစွာ ခံစားရပါလိမ့်မယ်။

၁၈။ ဘယ်ကောင်းချီးတွေ စောင့်ကြိုနေသလဲ။

၁၈ ဘုရားလူမျိုး ကမ္ဘာသစ်ထဲ ရောက်တဲ့အခါ ဒီနေ့ ကြုံနေရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေ ထပ်ကြုံရတော့မှာ မဟုတ်ဘူး။ မတရားမှုတွေ၊ နာကျင်ခြင်းတွေ ရှိတော့မှာ မဟုတ်ဘူး။ (ဗျာ. ၂၁:၄) အစစအရာရာ အလျှံပယ် ရှိမှာ ဖြစ်လို့ လိုအပ်ရာတွေ ရဖို့ စိုးရိမ်တကြီး စောင့်နေစရာ မလိုတော့ဘူး။ (ဆာ. ၇၂:၁၆။ ဟေရှာ. ၅၄:၁၃) တကယ့် ကောင်းချီးပါပဲ။

၁၉။ ကျွန်တော်တို့ကို ယေဟောဝါ ဘာအတွက် အသင့်ပြင်ပေးနေသလဲ။

၁၉ ဒီအတောအတွင်း အကျင့်ဆိုးတွေ ဖြတ်ဖို့၊ အရည်အသွေးကောင်းတွေ မွေးမြူဖို့ ကျွန်တော်တို့ကို ကူညီပေးခြင်းအားဖြင့် ကမ္ဘာသစ် အသက်တာအတွက် ယေဟောဝါ အသင့်ပြင်ပေးနေတယ်။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့။ လက်မလျှော့ပါနဲ့။ အကောင်းဆုံး အသက်တာ ရောက်လာပါတော့မယ်။ အဲဒီအချိန်ကို စောင့်မျှော်ရင်း ယေဟောဝါ အလုပ်ပြီးမြောက်အောင် လုပ်တဲ့အချိန်အထိ စိတ်ရှည်ရှည် ဆက်စောင့်ဆိုင်းကြပါစို့။

သင် ဘယ်လို ဖြေမလဲ

  • စောင့်မျှော်တတ်တဲ့ သဘောထား ရှိဖို့ ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။

  • ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုတဲ့ ကဏ္ဍနှစ်ခုက ဘာတွေလဲ။

  • စောင့်ဆိုင်းလိုစိတ် ရှိသူတွေအတွက် ဘယ်ကောင်းချီးတွေ စောင့်ကြိုနေသလဲ။

သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများစေပါ’

a ‘ဒီစနစ်မှာ ဒီလောက် အသက်ကြီးတဲ့အထိ နေရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး’ ဆိုပြီး ယေဟောဝါရဲ့ သက်တမ်းကြာ ကျေးကျွန်တစ်ယောက်ယောက် ပြောတာ ကြားဖူးသလား။ ကျွန်တော်တို့အားလုံး ဒီခက်ခဲတဲ့ အစီအစဉ်စနစ် အဆုံးတိုင်မယ့်အချိန်ကို ပြင်းပြင်းပြပြ စောင့်နေကြတယ်။ ဒါပေမဲ့ စိတ်ရှည်ရမယ်။ စောင့်မျှော်တတ်တဲ့ သဘောထား ရှိဖို့ ကူညီပေးနိုင်တဲ့ ကျမ်းစာမူတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ယေဟောဝါကို စိတ်ရှည်စွာ စောင့်မျှော်ဖို့ လိုအပ်တဲ့ ကဏ္ဍနှစ်ခုအကြောင်း၊ စောင့်မျှော်လိုစိတ် ရှိသူတွေ ခံစားရမယ့် ကောင်းချီးတွေအကြောင်းလည်း ဆွေးနွေးကြပါမယ်။

b ပုံအညွှန်း– ညီအစ်မတစ်ယောက် ကလေးကတည်းက ယေဟောဝါဆီ ပုံမှန် ဆုတောင်း။ ဘယ်လို ဆုတောင်းရမယ်ဆိုတာ မိဘတွေ သင်ပေး။ ဆယ်ကျော်သက်အရွယ်မှာ ရှေ့ဆောင် စလုပ်ပြီး အမှုဆောင်လုပ်ငန်းကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ဆုတောင်းလေ့ရှိ။ နှစ်တွေ ကြာပြီးနောက် ခင်ပွန်း နေမကောင်းဖြစ်ချိန်မှာ ခံနိုင်ရည် ပေးဖို့ ယေဟောဝါဆီ ဆုတောင်း။ အခု မုဆိုးမဘဝမှာလည်း ဆက်ဆုတောင်းနေ။ အရင်ကလိုပဲ အခုလည်း ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးမယ်ဆိုတာ ယုံကြည်စိတ်ချနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ